တဖက်သတ် ရေးဆွဲကာ ဆန္ဒခံယူ၍ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား အတည် မပြုနိုင်ကြောင်း မွန်ပြည်သစ်ပါတီ(NMSP) ပြောရေးဆိုခွင့်ရှိသူကယနေ့ ပြောဆိုလိုက်သည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုး၍ ကြေညာချက် အမှတ် (၇/၂၀၀၈) ဖြင့် ပြည်ထောင်စုသမ္မတနိုင်ငံ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံ ဥပေဒေအား ယမန်နေ့က အတည်ပြုပြဌာန်းလိုက်ခြင်းအပေါ် (NMSP)က ပြောဆို လိုက်ခြင်းဖြစ်သည်။
ဆန္ဒမဲပေးသူများအနက်မှ (၉၂.၄၈)ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အား အတည်ပြုရန် အတွက် ဥပဒေနှင့်အညီ ထောက်ခံကြောင်း အစီရင်ခံထား သည့် အတွက် အတည်ပြုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
“ စပြီးရေးဆွဲကတည်းက ကျနော်တို့ ကန့်ကွက်ပြီးသားပါ၊ (SPDC)ခေါင်းဆောင် လုပ်ချင်သလို လုပ်၊ ဒါ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန် မဟုတ်ဘူး၊ ပြည်သူတွေ အတွက် ကောင်းမွန်တဲ့အကျိုးကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တယ်၊ ကျနော် တို့လည်း ပါဝင်ပတ်သက်မှု မရှိတဲ့အတွက်ကြောင့် အတည် မပြုနိုင်ပါဘူး ” ဟု (NMSP)ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအစပြုစဉ်ကတည်းက အမျိုးသားညီလာခံမှနှုတ်ထွက်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ဆက်လက်၍ ဖွဲ့စည်းပုံရေးဆွဲခဲ့ရာ သဘောမတူ သည့် အတွက်မွန်ပြည်သူများအားကန့်ကွက်မဲ ပေးရန်ပြောဆိုထားပြီး ဖြစ်သဖြင့် ယခုဖွဲ့ စည်းပုံအား အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဆန္ဒမဲပေးသူဦးရေ၏ (၉၂.၄၈)ရာခိုင်နှုန်းမှဥပဒေနှင့်အညီထောက်ခံသည့်အတွက် အတည်ပြုသည် ဟု ယမန်နေ့က စစ်အစိုးရ၏ ဖွဲ့စည်းပုံအတည်ပြုကြောင်း ထုတ် ပြန်ချက်တွင် ထည့်သွင်းရေးသား ထားသည်။
မွန်ပြည်နယ်အတွင်း စစ်အစိုးရကဆန္ဒခံယူပွဲကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ အပေါ် ဥပဒေနှင့် မညီညွတ်ဘဲ အတင်းအကြပ် ဖိအားပေးခဲ့ပုံနှင့် ပတ်သက်၍ နိုင်အောင်မငေးက “ထင်ထင် ရှားရှားအချက်က ကျနော်တို့ဒေသမှာ မဲပုံးကို ပြည် သူတွေရဲ့ရှေ့မှာ မဖွင့်ဘူး၊ မဲလာပေးတဲ့ လူကိုလည်း ထောက်ခံမဲထည့်ရမယ်လို့ ခြိမ်းခြောက်တယ်၊ ကန့်ကွက်မဲပေးရင်မိမိဘာသာမိမိ ဖြေရှင်းရမယ်လို့ ပြောတယ်၊ တကယ်ဆန္ဒမဲ အစစ်အမှန်မဟုတ်ဘဲ မိသားစုတခုလုံးမှာ တယောက်တည်းလာ ထည့် လို့ရတယ်ဆိုပြီး လုပ်ဆောင်ခဲ့တဲ့ သက်သေ အထောက်အထားတွေ ရှိပါ တယ်” ဟု ပြောဆိုသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် မိမိတို့ပြည်သူကို ကိုယ်စားပြုသည့် ပါတီတရပ်ဖြစ်ပြီး မွန်အမျိုးသားများကို ဦးဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် အတွက် မိမိတို့အမျိုးသားများ အတွက် မားမားမတ်မတ် ရပ်တည်သွားမည်ဟု နိုင်အောင်မငေးက ပြောသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့ပြီးနောက် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီး အထူးဖိတ်ကြားသင့်သည့်ကိုယ်စားလှယ် အစုအဖွဲ့တွင် ပါဝင်ကာ ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်များကို အခြားအပစ်ခတ်ရပ် စဲ ထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့်အတူ ညီလာခံ ကော်မရှင် သို့ တင်ပြခဲ့ရာ အသိအမှတ်မပြု ပယ်ချခြင်း ခံခဲ့ရသည်။
ထို့နောက်ပိုင်းတွင် ညီလာခံသို့ တက်ရောက်နေသည့် ကိုယ်စားလှယ် အဆင့်မှ လျှော့ချကာလေ့လာ သူအဖြစ်သာ စေလွှတ်ခဲ့ပြီး စစ်အစိုးရက ယခုနှစ် ဧပြီ (၉) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပေဒ ဆန္ဒခံယူပွဲကျင်းပမည်ဟု ကြေညာပြီးနောက် ပိုင်းတွင်လည်း ကန့်ကွက်မဲထည့်ရန် မွန်ပြည်သူများ အား တိုက်တွန်းခဲ့သည်။
စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ခတ် ရပ်စဲပြီးနောက်ပိုင်း အမျိုးသားညီလာခံအတွင်း အဆိုပါအဖွဲ့များ၏ ဒီမိုကရေစီရေး နှင့် တိုင်းရင်းသားတို့၏ တန်းတူရေး ဆိုင်ရာ တင်ပြချက်များကို အကြိမ်ကြိမ်ငြင်း ပယ်ခဲ့ပြီး ယခု တဖက်သတ် အတည်ပြု သည်ဆိုသည့် အခြေခံဥပဒေကို ရေးဆွဲ ခဲ့သည်။
ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပေဒေ အတည်ပြုကြောင်း ကြေညာလိုက်သည့် အတွက် အခြားအပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသည်လည်း မိမိတို့ အမျိုးသားပြည်သူဘက်မှ ရပ်တည်ရန် နိုင်အောင်
မငေး က တိုက်တွန်းပြောဆိုခဲ့ရာ “အခြားတိုင်းရင်းသားတွေ အနေနဲ့ လည်း ပြတ် ပြတ် သားသား၊ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူဘက်က ရပ်တည်ဖို့ လိုပါတယ်၊ ပြည်သူ ဘက်၊ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ပြီး ပြည်သူ့ အကျိုးစီးပွားကို ဖော် ဆောင်ဖို့ ကျနော် တို့ အကြံပြုချင်တယ်”ဟု ပြောဆိုသွားခဲ့သည်။
Yoma3မှ