နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, July 1, 2009

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေး လျှို့ဝှက်ချက်များ

ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်းနေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရပေလိမ့်မည်။


ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ ပြုံယမ်းရှိ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးတွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး နေကြပုံ

သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များ ကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင် လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာ စစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့ နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့နိုင်ရေးအတွက် မြန်မာ့ ရေပိုင်နက် အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက် လာသည်မှ စ၍ ပို၍ အဖြစ်သည်းလာခဲ့သည်။


ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ် နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်း လာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း သည်ပင် မြောက် ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက် ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင် နေမည် ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက် ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။



အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်း ထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသ ခဲ့ကြ သည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာ သည်မှာ ဤကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ်ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက် ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက် မှုပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက် ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်း မဟုတ် ကြီးကြပ် ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့ တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်း ရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင် မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ်ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ် အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ် ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက် အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှုများကိုလည်း လေ့လာကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှ စ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်း ပညာ များကို ပေးပို့ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာ အဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာစစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက် ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ် များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင် တပ်ရင်းများတွင် တွဲဖက်သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့် စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ် သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင် သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံး ကျည် များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ် ခေါင်းဆောင်များက ခံစစ်အတွက်ရော၊ ထိုးစစ်အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက်တိုက် လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုအပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေးအတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့ သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေး စနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်း ရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများ အဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာ ဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက် လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံ ငွေများ ကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက် ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက်တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့ သေး သည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ်များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး မောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူ အညီနှင့် တည်ဆောက် လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်း မြို့တော်ရှိ မြေအောက် ရထားစနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြ ဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက် ဥမင်များ နှင့် ဂူများ စတင် ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက် များကို ဖုန်းကွယ် သိမ်းဆည်းထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ် ခဲ့ခြင်း လည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများ အတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခ များတွင် ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲ များတွင် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟို ထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ် များက ကြံစည် ထားကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဧရာဝတီမှ

အပြည့်အစုံသို့ ...

Tuesday, June 30, 2009

မဟော်သဓ မရှိတဲ့ သားတရား စီရင်ခန်း

ဘွဲ့ဖြူ

မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကြီးဟာ စက်မှု တက္ကသိုလ် ကျောင်းသား ကိုဘုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံး ခဲ့ကြရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် စုံစမ်း စစ်ဆေးပေးဖို့နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေ ကြောင်းအရ အရေးယူ ပေးဖို့ဆိုတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုတခုနဲ့ စတင်ခဲ့တယ်။ ဒါပေမယ့် မဆလ အမည်ကို ယူထားတဲ့ စစ်အာဏာရှင် အစိုးရက ထုံးစံအတိုင်း ဉာဏ်နီ ဉာဏ်နက်တွေသုံး ကလိမ်ကကျစ် တွေလုပ်ရင်း အချိန်တွေ တရွေ့ရွေ့ ကြာညောင်းလာတဲ့အခါ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူလူထု အများစုကြီးရဲ့ တောင်းဆိုမှုက ကြားဖြတ်အစိုးရ ဖြစ်လာခဲ့တယ်။


ကိုယ်ထူထောင်ခဲ့တဲ့ ပါတီကို အကျပ်အတည်း ပေါင်းစုံအတွင်း ကျောခိုင်း စွန့်ခွာ (ကိုယ် ထောင်တဲ့ ပါတီ ကိုယ်ကိုယ်တိုင် ပြန်ဖျက်) ပြီး မြန်မာ့နိုင်ငံရေး နောက်ဖေး တံခါးပေါက်က ခပ်လျှိုလျှိုနဲ့ အသာလစ်ထွက် သွားဖို့ ရှေ့ ပိုင်းမှာ စီစဉ်ထားခဲ့တဲ့ မြန်မာ စစ်အာဏာရှင် စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်း ဟာ အဲဒီလိုမရှူနိုင် မကယ်နိုင် ဖြစ်လာတော့မှ သူလက်သပ်မွေး ပြုစု ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်စောမောင် အကူအညီနဲ့ တပ်မတော်က အာဏာသိမ်းတယ်ဆိုပြီး မဆလကို တဖက်လှည့်နဲ့ ကယ်တင်ကာ တစညဆိုတဲ့ အမည်သစ်နဲ့ သက်ဆိုးရှည်စေခဲ့တယ်။

နဝတ အမည်နဲ့ ရသေ့ရှစ်သောင်းဇာတ်ကို ဆက်ကခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး ပြည်သူ တွေရဲ့ တောင်းဆိုမှုဖြစ်တဲ့ ကြားဖြတ် အစိုးရဖွဲ့စည်းရေးကို လုံးဝပယ်ချ လျစ်လျူရှုခဲ့ပေမယ့် အားကောင်းမောင်းသန် စီးဆင်း နေဆဲဖြစ်တဲ့ ပြည်သူတွေရဲ့ ဒေါသဒီရေအဟုန်ကို လမ်းလွှဲတဲ့အနေနဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကို ပေးခဲ့တယ်။ လူထုလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ အဲဒီတုန်းက အရှိန်အမြင့်ဆုံး ရောက်နေတဲ့ လူထုရဲ့အုံကြွမှုဒီလှိုင်းကို ဆက်လက်ပဲ့ကိုင်ပြီး ကြားဖြတ် အစိုးရ ဖွဲ့စည်းနိုင်တဲ့အထိ ဆက်လက်ဦးဆောင် တိုက်ပွဲဝင်သွားရင် အောင်ပွဲကို ဆုပ်ကိုင်နိုင်ကောင်း ဆုပ်ကိုင်နိုင်မှာ ဖြစ်ပေမယ့် ပြည်သူလူထုကြီး အထိအခိုက် အကျအဆုံးများပြီး အမြတ်ထက် အရှုံးက ပိုများမှာကို စိုးရိမ်မိတဲ့စိတ်နဲ့ တထစ်လျှော့ပေး ခဲ့ကြတယ်။ ဒါက စစ်အာဏာရှင်တွေကို ဒီမိုကရေစီ ခေါင်းဆောင်တွေက ပထမဆုံးအကြိမ် အလျှော့ပေး လိုက်လျောခဲ့မှု ဖြစ်တယ်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်ကို လူထုနဲ့အတူ ချီတက်ဂါရဝပြုဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မူလက စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က နဝတဟာ ဧရာမ လူသတ်ပွဲကြီး ဆင်နွှဲဖို့ စီစဉ်ထား တယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းတခုကို ရပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ လူထုနဲ့အတူ ချီတက်မယ့် သူ့ရဲ့အစီအစဉ်ကို ဖျက်သိမ်းကြောင်း အချိန်ကပ်ပြီးမှ ကြေညာ လိုက်တယ်။ ဒါပေမယ့် ကျွံသွားပြီဖြစ်တဲ့ လူထု အစိတ်အပိုင်း တွေကတော့ နဝတ လုံထိန်းတွေရဲ့ ရက်ရက်စက်စက် ရိုက်နှက် ဖမ်းဆီးခြင်းကို ခံသွားခဲ့ကြရပြီး ထောင်ဒဏ် အသီးသီးချမှတ် ခံခဲ့ကြရတယ်။ ဒါက ဒုတိယအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

သမားရိုးကျ ဖြစ်စဉ်ရှုထောင့်ကပြောရင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးစီးသွားလို့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို တရားဝင် ကြေညာပြီးပြီဆိုတာနဲ့ အဲဒီ ရွေးကောက်ပွဲကို ကြီးကြပ်ပြုလုပ်ပေးခဲ့တဲ့ အာဏာပိုင် အဖွဲ့အစည်းက ရက်ပေါင်း (၆ဝ) အတွင်း လွှတ်တော် ခေါ်ပေးပြီး ကိုယ်စားလှယ် အများစု အနိုင်ရပါတီကို ဦးဆောင် အစိုးရ ဖွဲ့စေကာ အဲဒီအစိုးရကို အာဏာလွှဲအပ်ရမှာ ဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ တမူထူးခြားတဲ့ အခြေအနေကို သဘောပေါက် ထားကြတဲ့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရကြောင်း သတင်းတွေ အခိုင်အမာ ပေါ်ထွက်လာ ခဲ့ပြီးနောက်မှာ လွှတ်တော် ခေါ်ပေးရေးကို မတောင်းဆိုဘဲ နဝတနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ တောင်းဆိုခဲ့တယ်။ ဒါက တတိယအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

“ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ နိုင်တဲ့ပါတီက (၄၇) နဲ့ (၇၄) ကြိုက်ရာ အခြေခံဥပဒေနဲ့ အစိုးရဖွဲ့ကြ၊ အခြေခံ ဥပဒေအသစ် ရေးချင်တယ် ဆိုရင်လည်း ရေးကြပေါ့၊ အခြေခံဥပဒေ ရေးဆွဲတဲ့ကိစ္စမှာ စစ်တပ်က တရားခံ အဖြစ်မခံနိုင်ဘူး၊ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေ ဆွဲကြပေါ့” လို့ လူသိရှင်ကြား အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့တဲ့ နဝတဟာ ရွေးကောက်ပွဲအပြီး အနိုင်ရပါတီက ဂန္ဓီခန်းမ ညီလာ ခံကျင်းပဖို့ ပြင်ဆင်နေခိုက်မှာ ၁/၉ဝ ကြေညာချက်ကို ကတိုက်ကရိုက် ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေညာချက်ရဲ့ အနှစ်သာရက ၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပါတီများဟာ (၄၇) သို့မဟုတ် (၇၄) အခြေခံဥပဒေ တခုခုကို အသုံးပြုပြီး အစိုးရဖွဲ့ခွင့်မရှိဘူး။ အခြေခံ ဥပဒေအသစ် ရေးဆွဲရမယ်ဆိုတာဖြစ်တယ်။

နဝတဟာ ရွေးကောက်ပွဲမတိုင်ခင်က သူပေးခဲ့တဲ့ ကတိကို သူကိုယ်တိုင် ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တဲ့ အဲဒီ ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ရုံသာမက ပါတီ အားလုံးကိုလည်း အဲဒီကြေညာ ချက်အတိုင်း လိုက်နာပါ့မယ် ဆိုတဲ့ သဘောတူညီချက်ကို အတင်းအကျပ် လက်မှတ် ရေးထိုးစေခဲ့တယ်။ ဆယ်စုနှစ်သုံးခုနီးပါးကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေရဲ့ အခွင့်အာဏာ လွှဲအပ်မှု (Mandate) ကို ရရှိခဲ့တဲ့ ပါတီဖြစ်ပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ'နာ'မှာကို စိုးရိမ်တဲ့စိတ်နဲ့ လက်မှတ်ထိုး ပေးခဲ့တယ်။ အဲဒါက စတုတ္ထအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်နှစ်သည်းချာဖြစ်တယ်။ စစ်အာဏာရှင် စနစ်အောက် မြန်မာပြည်သူတွေ ခါးစည်း ခံနေကြရတဲ့ ဒုက္ခဝေဒနာတွေကို ဆက်ပြီး မရှုရက်မမြင်ရက်တော့လို့ သက်သောင့် သက်သာရှိပြီး အေးချမ်းတည်ငြိမ်တဲ့ ပုဂ္ဂလိကဘဝကို အပြီးတိုင် စွန့်လွှတ်ကာ နာကျင်ပင်ပန်း ခက်ခဲ ကြမ်းတမ်းလှတဲ့ မြန်မာ့ နိုင်ငံရေး မီးတောက် မီးလျှံထဲ ဝင်ရောက်လာခဲ့သူဖြစ်တယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဟာလည်း ပြည်သူတွေကို စာနာစိတ် ထားခဲ့မိတဲ့အတွက် စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ မျက်မာန်တော် ရှခြင်းကို ခံခဲ့ရပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသူဖြစ်တယ်။ ဒါ့အပြင် နိုင်ငံကို ကယ်တင်လိုတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်တဲ့ မျိုးချစ်စစ်သည်တစုရဲ့ အကြံအစည်ကို ဗိုလ်နေဝင်းထံ သံတော်ဦး မတင်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရသူဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးအပေါ် မြန်မာပြည်သူ တွေထားရှိတဲ့ မေတ္တာထုထည်ကို သိရှိပြီး တုန်လှုပ် ချောက်ချားနေကြတဲ့ နဝတဟာ အဲဒီလူထု ခေါင်းဆောင်နှစ်ဦးကို အပြစ်ရှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။ သူတို့အထိန်းသိမ်း ခံနေရခိုက်မှာ အပြင်မှာရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေကို အကျပ်ကိုင်ဖိအားပေးပြီး အဲဒီခေါင်းဆောင်နှစ်ဦးကို ပါတီက ထုတ်ခိုင်းခဲ့တယ်။ အန်အယ်လ်ဒီကို စတင်တည်ထောင်ခဲ့ကြ သူတွေလည်းဖြစ်တဲ့ အဲဒီခေါင်းဆောင်နှစ်ဦးကို အန်အယ်လ်ဒီ ကထုတ်ပစ်ဖို့ဆိုတာ ကိုယ့်နှလုံးသည်းပွတ်ကို ကိုယ်ကိုယ်တိုင် ခွဲစိတ်လှီး ဖြတ်ပြီး ထုတ်ပေးရတဲ့ အလုပ်မျိုးဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည်ပေမယ့် ကျန် အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ပြည်သူတွေကို ငဲ့ညှာတဲ့စိတ်နဲ့ ခေါင်းဆောင်နှစ်ဦးကို နဝတ အလိုကျ ပါတီက ထုတ်ပေးခဲ့တယ်။ ဒါက ပဉ္စမအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ရှစ်လေးလုံး လူထုအုံကြွလှုပ်ရှားမှုကြီးရဲ့ အန္တိမ မျှော်မှန်းချက်က စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ဖြစ်တယ်။ အန်အယ်လ်ဒီဟာ အဲဒီအရေးတော် ပုံကြီးထဲမှာ မီးရှူးသန့်စင်ဖွားမြင်ခဲ့တဲ့ ပါတီဖြစ်တယ်။ ၁/၉ဝ ကြေညာချက်နဲ့ ပါတီ အများ စုကို နှိပ်ကွပ်နိုင်ခဲ့ပြီးနောက် ၁၉၉၃ မှာ နဝတ တဖြစ်လည်း နအဖ ဟာ ရွေးကောက်ပွဲ မတိုင်မီတုန်းက တခွန်းမှ မဟခဲ့ဖူးတဲ့ အမျိုးသားညီလာခံဆိုတာကို ဦးစီးကျင်းပခဲ့တယ်။

အဲဒီညီလာခံမှာ အခြေခံမူကြီးဆိုတာ (၆) ချက်ပါရှိပြီး အဲဒီထဲက ဆဋ္ဌမမြောက် အချက်က “မြန်မာ့ နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်ကဏ္ဍမှ ပါဝင်ရေး” ဖြစ်တယ်။ အနှစ်သာရက စစ်အာဏာရှင်စနစ် တရားဝင် ရာသက်ပန် တည်တံ့ခိုင်မြဲရေးဖြစ်တယ်။ ဒီအချက်ဟာ ပြည်သူ့ဆန္ဒ တနည်းအားဖြင့် ဒီမိုကရေစီသာပဓာန ဦးစီးဦးဆောင်ဖြစ် တယ်ဆိုတဲ့ အန်အယ်လ်ဒီရဲ့ အခြေခံမူနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေမယ့် အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ပြည်သူလူထုကို ငဲ့ညှာပြီး အဲဒီအမျိုးသား ညီလာခံ ဆိုတာကို ပါဝင် တက်ရောက် ခဲ့တယ်။ ဒါက ဆဋ္ဌမအကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ဒီပဲယင်းအရေးအခင်းဟာ ကမ္ဘာတုန်သွားခဲ့တဲ့ ရာဇဝတ်မှုကြီး (Global Crime) ဖြစ်တယ်။ အဲဒီ အရေးအခင်းအတွင်း နအဖရဲ့ ကြေးစား လူမိုက် လူရမ်းကားတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်စတုံးစီရင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် “သူတော်ကောင်းနတ်ကောင်းမ” ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်ဘေးက သီသီကလေး လွတ်မြောက်ခဲ့တယ်။ နဝတဟာ အဲဒီရာဇဝတ်မှုကြီးရဲ့ အရေးအကြီးဆုံး သက်သေကို ဖျောက်ဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို အဲဒီအရေးအခင်းဖြစ်တဲ့ နေ့ကစလို့ ဖမ်းဆီချုပ်နှောင်ထားခဲ့တာ ဒီကနေ့အထိဖြစ်တယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံကို ကမ္ဘာက ပထမဆုံး ကြားလိုက်ကြချိန်မှာ ကြားလိုက်ရတဲ့ အသံက ဒီပဲယင်းအရေးအခင်းမှာ တာဝန်ရှိသူတွေကို စစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ အသံမဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် နအဖနဲ့ တွေ့ဆုံဆွေးနွေး လိုတယ်ဆိုတဲ့ တောင်းဆိုသံသာ ဖြစ်နေတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိရဲ့ ပုဂ္ဂလိက ဘဝခံစားချက်နဲ့ ဝေဒနာများကို လုံးဝလျစ်လျူရှုပြီး နိုင်ငံ့အရေးကို ရှေ့ဆုံးမှာထားကြောင်း ထပ်မံပြသလိုက်တာဖြစ်တယ်။ ဒါက သတ္တမ အကြိမ် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပပြီးစီး သွားတဲ့နောက်မှာ ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အန်အယ်လ်ဒီဟာ မြန်မာ ပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်တယ်။ ဒါကြောင့် တိတိကျကျ မှန်မှန် ကန်ကန်ပြောရရင် အန်အယ်လ်ဒီကို အတိုက်အခံလို့ ရည်ညွှန်း ပြောဆို ရေးသားနေကြ တာတွေဟာ မှားယွင်းတဲ့ ဖော်ပြမှုများသာဖြစ်ပြီး ပကတိအခြေအနေမှာ တကယ့်အတိုက်အခံက တစညနဲ့ အဲဒီ ပါတီကို အကာအကွယ် ပေးထားတဲ့ နအဖသာ ဖြစ်တယ်။ ဒါပေမယ့် “ဘုရားကား အောက် မျောက်ကားအထက်” ဆိုသလိုဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို သဘောပေါက်ထားကြတဲ့ အန်အယ်လ်ဒီခေါင်းဆောင်များဟာ ရွေးကောက်ပွဲပြီးနောက် တလျှောက်လုံး မိမိတို့ပါတီရဲ့ စစ်မှန်တဲ့အနေအထားကို စူးစူးရဲရဲ ထုတ်ဖော်ကြေညာတာမျိုး တခါမှမလုပ်ခဲ့ဘဲ နဝတ၊ နအဖတို့ကို တရားဝင် အစိုးရတခုသဖွယ် ပြောဆိုပြုမူ ဆက်ဆံလာခဲ့ကြတယ်။

တဘက်မှာ ပြည်သူတွေအပ်နှင်းထားတဲ့ အခွင့်အာဏာ၊ တဘက်မှာ တကမ္ဘာလုံးကို ဆန့်ကျင်အန်တုပြီး ငါတကောကောနေတဲ့ စစ်အုပ်စု။ နံရံနှစ်ခုကြား ကျဉ်းမြောင်းတဲ့ လမ်းမြှောင်ကလေးပေါ်မှာ ယိမ်းယိုင်ပြိုလဲ မသွားရလေအောင် ခက်ခက်ခဲခဲ ကြိုးစားလျှောက်လှမ်းနေရတဲ့ အန်အယ်လ်ဒီခေါင်းဆောင်များအနေနဲ့ နောက်ဆုံးမှာ မိမိတို့တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” မူဝါဒရဲ့ အပျော့ပျောင်းဆုံး နည်းလမ်းကို လူသိရှင်ကြား ဖော်ထုတ်ကြေညာခဲ့တော့ တယ်။ အဲဒါကတော့ နအဖ က ၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးပါ။ အဲဒီလွှတ်တော်က နအဖကို မြန်မာပြည်သူ တွေကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အသိအမှတ်ပြုလာကြစေမယ့် ‘တရားဝင်’ အစိုးရ တခုအဖြစ် ကြေညာပေးမယ်ဆိုတဲ့ ကမ်းလှမ်း မှုဖြစ်တယ်။ ဒါက အဋ္ဌမအကြိမ်မြောက် အလျှော့ပေးခဲ့မှု ဖြစ်တယ်။

ဒါတွေကတော့ ၁၉၈၈ ကစလို့ အခုအထိ အနှစ်နှစ်ဆယ်ကျော် ကာလအတွင်း ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ အနိုင်ကျင့် ဗိုလ်ကျ စော်ကား လာခဲ့တဲ့ နအဖစစ်အာဏာရှင်တွေကို လူထုခေါင်းဆောင်တွေက ပြည်သူလူထုကို ငဲ့ညှာပြီး “ပြည်သူလူထု သွေးချောင်းစီးမှာကို ရှောင်ရှားနိုင်ဖို့အတွက်” အဆုံးစွန်အထိ အလျှော့ပေးလာခဲ့တဲ့ ဖြစ်စဉ်ကြီး ဖြစ်တယ်။

လူထုခေါင်းဆောင်တွေဘက်က အဲသလို အလျှော့ပေးခဲ့ပေမယ့် မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင် တွေဘက်က ဘယ်လို တုံ့ပြန်ခဲ့သလဲ။ လူထုခေါင်းဆောင်တွေဘက်က နောက်ကို တလှမ်းဆုတ်ပေးလိုက်တိုင်း စစ်အုပ်စုဘက်က ရှေ့ကိုတလှမ်း တက်လာတာချည်းပဲ မဟုတ်လား။ ဆုတ်ပေးရင်း ဆုတ်ပေးရင်း အခုတော့ အန်အယ်လ်ဒီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတဲ့ ချောက်ကမ်းပါးစွန်းပေါ် ရောက်နေပြီဖြစ် တယ်ဆိုတာ အားလုံးအမြင်ပဲ။ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ လှမ်းမယ့် ခြေလှမ်းဟာ အန်အယ်လ်ဒီရဲ့ကံကြမ္မာကို အပြီးသတ် အဆုံးအဖြတ်ပေးမယ့် ခြေလှမ်းဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှား နေတယ်။ အန်အယ်လ်ဒီရဲ့ကံကြမ္မာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရုန်းကန်မှုအစဉ်ကြီးထဲက အလွန်အရေးပါတဲ့ အကန့်တကန့်ရဲ့ ကံကြမ္မာပဲဖြစ်တယ်။

မြန်မာနိုင်ငံသားမှန်ရင် မဟောသဓ ဇာတ်တော်အကြောင်း မဖတ်ဖူးရင်တောင် ကြားဖူး နားဝတော့ ရှိကြမှာပါ။ အဲဒီဇာတ်တော်ထဲက ‘သားတရားစီရင်ခန်း’ ဆိုရင် ကရုဏာရသနဲ့ ဝိဘစ္ဆရသကို ပေါ်လွင်အောင် နှိုင်းယှဉ်ပြပြီး သရုပ်ဖော်ထားတဲ့ ဇာတ်ကြောင်းဖြစ်တာမို့ ဖတ်ဖူးကြားဖူးသူတိုင်း နှလုံးသားထဲ ဓာတ်ပုံရိုက်ထားသလို တသက်လုံး စွဲမြဲနေကြမယ့်ဇာတ်ကြောင်း ဖြစ်မှာသေချာတယ်။ အားလုံး သိကြတဲ့အတိုင်း အဲဒီဇာတ်ကြောင်းမှာ ကလေးကို အလယ်မှာထားပြီး လုကြတဲ့အခါ နာကျင်လို့ ငိုတဲ့ကလေးရဲ့ ငိုသံက မိခင်ရင်း ဖြစ်သူရဲ့ နှလုံးသားကို မခံမရပ် နိုင်အောင် နာကျင်စေတာမို့ မိခင်ရင်းဟာ ရှုံးချင်ရှုံးပစေတော့ဆိုပြီး ကလေးကို လွှတ်ပေး လိုက်တယ်။

မဟောသဓရဲ့ ပထမစီရင်ချက်အတိုင်းဆိုရင် မိခင်ရင်းကရှုံးပြီး ကလေးကို ဘီလူးမက ရရှိသွားမှာဖြစ်တယ်။ ဒါပေမယ့် မဟောသဓက ဇာတ်လမ်းထဲကို ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာပြီး သူ့ရဲ့ ပိုင်းခြားစိတ်ဖြာ သုံးသပ်နိုင်တဲ့ ပညာ၊ ရှေ့က အစဉ်အလာတွေအရ သူရရှိထားတဲ့ သြဇာ အရှိန်အဝါ၊ အမှန်တရားကို မြတ်နိုးတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ အညွတ်အနူး ထောက်ခံမှုတို့ကို အသုံးပြုပြီး မိခင်ရင်း ဘယ်သူဖြစ်တယ်ဆိုတာကို အဆုံးအဖြတ်ပေးလိုက်တယ်။ ဘီလူးမကလည်း မျိုးမတူဇာတ်ခြား၊ သားစားကျူးတဲ့ ဘီလူးမ ဖြစ်သည့် တိုင်အောင် လူသားကလေးငယ် တယောက်မျှသာဖြစ်တဲ့ မဟောသဓရဲ့ အဆုံးအဖြတ်ကို ကျေကျေနပ်နပ်ခံယူပြီး အရှုံးပေး နောက်ဆုတ် သွားခဲ့တယ်။

လက်ရှိမြန်မာနိုင်ငံအရေးဟာ အချင်းအရာ အတော်များများမှာ အဲဒီသားတရားစီရင်ခန်းနဲ့ နှိုင်းယှဉ်စဉ်းစားလို့ ရနေတာကို မြင်တွေ့ကြရ မှာဖြစ်တယ်။ မြန်မာပြည်သူတွေကို အလယ်ကထားပြီး လုနေကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ မဆလ၊ နဝတ၊ နအဖ စစ်ခေါင်း ဆောင်တွေမှာ ဘယ်သူက မိခင်ရင်း၊ ဘယ်သူက ဘီလူးမ ဖြစ်တယ်ဆိုတာကိုတော့ အတိတ်က ဖြစ်ရပ်တွေက သက်သေအထင်အရှား ပြသခဲ့ပြီးဖြစ်တာမို့ နွေနေထွန်းလင်းတဲ့ နေ့ခင်းကြောင်တောင်မှာ လက်နှိပ်ဓာတ်မီးထိုးပြစရာ လိုမယ်မထင်ဘူး။

မဟောသဓဇာတ်တော်ထဲက သားတရားစီရင်ခန်းနဲ့ ယနေ့လက်ရှိ မြန်မာနိုင်ငံ အခြေအနေ တို့အကြား နှိုင်းယှဉ် စဉ်းစားရာမှာ အခြေခံ သဘောအားဖြင့် တူညီတာ တော်တော်များများရှိနေတဲ့ တချိန်တည်းမှာ မတူညီတဲ့ အဓိက ခြားနားချက်ကြီးတခုလည်း အထင်အရှား ရှိနေတယ်။ အဲဒါကတော့ သားတရား စီရင်ခန်းမှာ ဇာတ်ရှုပ်ကိုရှင်းပြီး ကလေးငယ်ကို မိခင်လက်ထဲ လွှဲအပ်ပေးရမယ့် စီရင်ချက်ကို ချမှတ်နိုင်ခဲ့တဲ့ မဟောသဓ ရှိနေပေမယ့် ယနေ့လက်ရှိ မြန်မာနိုင်ငံအရေးမှာတော့ အဲသလို အဆုံးအဖြတ်ပေးနိုင်တဲ့ မဟောသဓ မရှိခြင်းပါဘဲ။

ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ အခုအထိ သားတရား စီရင်ခန်းထဲက မိခင်ရင်းနဲ့တူတဲ့ လူထု ခေါင်းဆောင် တွေက ကလေးငယ်နဲ့ တူတဲ့ ပြည်သူတွေ ထိခိုက်နစ်နာ မှာကို စိုးရိမ်တဲ့စိတ်နဲ့ အကြိမ်ကြိမ် အလျှော့ပေး ခဲ့ပေမယ့် ဘီလူးမနဲ့တူတဲ့ အာဏာရှင် တွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာ အားလုံးအမြင်ပဲ။

စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာရာတိုင်းကို လုပ်ဆောင်နေတယ် ဆိုတဲ့အချက်ကို အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂတို့လို ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း မပြောနဲ့၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံတို့လို့ ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး နအဖနဲ့ ပေါင်းသင်းဆက်ဆံ နေကြတဲ့ နအဖရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဆိုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကတောင် သိကြတယ်။ အဲဒီမိတ်ဆွေနိုင်ငံ တွေက အခွင့်အရေးရရင်ရသလို “အမျိုးသားပြန်လည် သွေးစည်း ညီညွတ်ရေး” “ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး” ဆိုတဲ့ ဝေါဟာရတွေ သုံးနှုန်းပြီး နအဖကို တိုက်တွန်းပြောဆို လေ့ရှိကြတာကိုကြည့်ရင် နအဖရဲ့လုပ်ပုံကိုင်ပုံတွေကို သူ့ရဲ့ မိတ်ဆွေဆိုသူတွေကတောင် ဘဝင်မကျကြဘူး ဆိုတဲ့အချက်က ထင်ရှားပေါ်လွင်လှတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာ စစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖ ကတော့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တရားမျှတ ကြောင်းကျိုးဆီလျော်တဲ့ တောင်းဆိုချက် မှန်သမျှကို စစ်ဖိနပ်နဲ့ နင်းချေလာခဲ့တာ အခုဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးရဲ့ ဝင်ရိုးမဏ္ဍိုင်သဖွယ်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကလိမ်စေ့ငြမ်းဆင် အမှုဆင်ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ် ဖို့အထိ ကြံစည်ကြိုးစားနေပြီ ဖြစ်တယ်။

အခုဆိုရင် နအဖဟာ ဘီလူးမ ဖြစ်တယ်ဆိုတာကို သူနဲ့သူ့ဘေးနားက မင်းမြှောင်ကပ်ဖားတသိုက်ကလွဲလို့ တကမ္ဘာလုံးက သိနေကြပြီ။ ပြဿနာက ဒီကနေ့လက်ရှိကမ္ဘာမှာ နအဖ ဘီလူးမကို တောထုတ်နိုင်မယ့် မဟောသဓ မရှိဖြစ်နေခြင်းပဲ။ အနှစ်နှစ်ဆယ် အတွေ့အကြုံ တွေအရ မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဘယ်သူ့ကိုမှ မဟောသဓ ဖြစ်လာဖို့ မမျှော်လင့်နိုင်ဘူး။

ဒီလိုဆိုရင် ပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲ။ နှစ်ပရိစ္ဆေဒ ရှည်ကြာရင့်ညောင်းလှပြီဖြစ်ပေမယ့် ဒီကနေ့အထိ သွေးထွက်အောင် မှန်နေဆဲဖြစ်ပြီး နောင်ကိုလည်း စကြဝဠာတည်သရွေ့ ဆက်လက်မှန်ကန်နေဦးမှာဖြစ်တဲ့ ‘ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ’ ဆိုတဲ့ စကားကိုပဲ ရည်ညွှန်းကိုးကားရဦးမှာဖြစ်တယ်။ မြန်မာပြည်သူလူထုကြီးအနေနဲ့ စစ်အာဏာရှင်စနစ် ဘီလူးမလက်ထဲက လွတ်မြောက်ဖို့အတွက် ကိုယ့်ဘာသာကိုယ် ကြိုးစားရုန်းကန်လှုပ်ရှား ထကြွကြရမှာပဲဖြစ်တယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက် တာဝန်အရှိဆုံးကတော့ မြန်မာပြည်သူလူထု ကြီးတရပ်လုံးက ၁၉၉ဝ ရွေးကောက်ပွဲနဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်း ခံရတဲ့ အန်အယ်လ်ဒီပဲဖြစ်တယ်။ အန်အယ်လ်ဒီမှာမှ ပါတီရဲ့ ဦးဆောင်ပဲ့ကိုင်နေရာကို ရယူထားတဲ့ ဗဟို အလုပ် အမှုဆောင်အဖွဲ့ (CEC) ဟာ အခရာဖြစ်တယ်။ ပါတီသက်တမ်း တလျှောက် အောက်ခြေအဆင့်ဆင့်က အန်အယ်လ်ဒီပါတီဝင်တွေ အချိန်အခါ နေရာဒေသအလျောက် သမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတာတွေကို အကြိမ်ကြိမ်အဖန်ဖန် မြင်တွေ့ခဲ့ကြ ရပြီးပြီ။ အဲဒီကာလတလျှောက် CEC က အခမ်းအနားတွေ လုပ်တဲ့နည်းလမ်း၊ ကြေညာချက်တွေထုတ်တဲ့ နည်းလမ်းတွေနဲ့ပဲ တိုက်ပွဲဝင်ခဲ့တာကို ဘဝင်မကျသူတွေ ရှိပေမယ့် “အချိန်တန်တော့ နွားပိန်ကန်မပေါ့” ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံစောင့်ဆိုင်း လာခဲ့ကြတယ်။

အခုတော့ မကြာခင် နောက်ဆုံးပိတ် အသေအကျေတိုက်ပွဲ (Showdown) ရောက်လာတော့မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီနဲ့ နအဖ ရဲ့ Showdown ပဲ။ အနှစ်နှစ်ဆယ်ကြာ နည်းမျိုးစုံသုံးပြီး ‘အားစမ်း’ လာခဲ့တဲ့ နအဖဟာ ဒီပွဲမှာ အန်အယ်လ်ဒီကို အပြတ်ဖြိုလှဲပြီး အဲဒီအနှစ်နှစ်ဆယ် လုံးလုံး သူတို့အသည်းနှလုံးထဲမှာ စူးနေတဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ‘ဆူး’ ကို နုတ်ပယ်ပစ်လိုက်ဖို့ ပိုင်းဖြတ်ထားပုံ ရတယ်။ ဒီပွဲရဲ့ အဖွင့်ပဏာမ တီးလုံးအဖြစ် ဘီလူးဆိုင်းတီးပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ ချမှတ်ခြင်းဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် လမ်းရှင်းထားဖို့ ကြံစည်နေပြီဖြစ်တယ်။

ဒီအချိန်မှာ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း ဘာလုပ်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက် ရင်လည်း ကြေညာချက် ထုတ်ပြန် ကန့်ကွက်တာနဲ့ပဲ ပြီးမှာလား။ ရွေးကောက်ပွဲဥပဒေ ထွက်လာရင်ကော။ ပြည်သူလူထု နစ်နာမှာစိုးတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ နောက်တလှမ်း ဆုတ်ပေးဦးမှာလား။ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ သဘောပေါက်ဖို့က မြန်မာပြည်သူတွေဟာ ကြေညာ ချက်တွေကို ငြီးငွေ့နေပြီဆိုတာပါပဲ။ ဒါ့ထက် ပိုအရေးကြီးတဲ့အချက်က အန်အယ်လ်ဒီအနေနဲ့ အခုတခါ ခြေတလှမ်းဆုတ်ပေးပြီးရင် နောက်တခါ ဆုတ်စရာ ခြေထောက်တောင် မရှိတော့မယ့် အနေအထားပါ။

လက်နက်အားကိုးပြီး ပြည်သူကို ဗိုလ်ကျအုပ်စိုးနေတဲ့ အာဏာရှင်စနစ်တခုကို အမြစ်ဖြုတ် ဖယ်ရှားမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတရပ် အနေနဲ့ အဲဒီလုပ်ငန်းကို လုပ်ဆောင်ရာမှာ အကြမ်းမဖက် လက်နက်အားမကိုးတဲ့ နှလုံးရည်နည်းလမ်းကို ကိုင်စွဲကျင့်သုံးသွားဖို့ ပိုင်းဖြတ်ထားတယ်ဆိုရင် အဲဒီပါတီ မလွဲမသွေကိုင်စွဲရမယ့် လက်နက်က တခုပဲရှိတယ်။ အဲဒါကတော့ လူထုပဲဖြစ်တယ်။ လူထုခေါင်းဆောင်တွေဟာ မှော်တန်ခိုးစွမ်းအားရှင်တွေ မဟုတ်တဲ့ အတွက် စစ်ဖိနပ်အောက်က ပြည်သူတွေကို “အထိအခိုက်အရှအနာမရှိ လွတ်မြောက်စေသတည်း” လို့ ရေရွတ်ပြီး လွတ်မြောက်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ စစ်ဖိနပ်အောက်က လွတ်မြောက်ချိန်တန်နေပြီဖြစ်ပြီး လွတ်မြောက်အောင် ရုန်းကန်ဖို့လည်း ပိုင်းဖြတ်ချက် အခိုင်အမာရှိနေကြပြီဖြစ်တဲ့ ပြည်သူတွေရဲ့ တပ်ဦးက ချီတက်ပြီး မကြာခင်လာတော့မယ့် နောက်ဆုံး အသေအကျေတိုက်ပွဲ Showdown ကို ဆင်နွှဲ ရတော့မှာ ပဲဖြစ်တယ်။

အန်အယ်လ်ဒီပါတီဟာ ငါတို့နှင်းအပ်လိုက်တဲ့ အခွင့်အာဏာနဲ့ ထိုက်တန်တဲ့ပါတီ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလအတွင်း ပြည်သူတွေရင်ထဲ တစတစ မြင့်တက်လာခဲ့တာဟာ ပကတိ အရှိတရားတခု ဖြစ်တယ်။ ဒါဟာ အကြောင်းမဲ့မဟုတ်ဘူး။ ပြည်သူတွေဟာ နအဖစစ်အုပ်စုရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုကို သဘောပေါက်နားလည်ကြတဲ့ တချိန်တည်းမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းအားနည်းချက်တွေကိုလည်း မလွှဲသာ မရှောင်သာ မြင်တွေ့နေကြရတာမို့ အဲသလိုသံသယတွေ ဝင်လာကြတာဖြစ်တယ်။

ကံကြမ္မာရဲ့ သရော်လှောင်ပြောင်ချက် (Irony) လေလားမသိ။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင် စစ်ဆေးခံနေရတဲ့ကိစ္စနဲ့ မကြာခင်လာတော့မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စတို့ဟာ အန်အယ်လ်ဒီကို သမိုင်းရဲ့ ရေဆိုးမြောင်းထဲ ကျရောက်သွားစေနိုင်မယ့် ကိစ္စတွေ ဖြစ်နေတဲ့တချိန်တည်းမှာ အန်အယ်လ်ဒီကို ရတနာကိုးပါး စီခြယ်တဲ့ သမိုင်းရဲ့ နန်းပလ္လင်ထက်သို့ တွန်းတင်ပေးလိုက်နိုင်တဲ့ ကိစ္စတွေလည်းဖြစ်နေတယ်။

အထင်အရှား မြင်တွေ့နေရတဲ့ အခင်းအကျင်း အနေအထား တွေအရ ဘီလူးမကတော့ ကလေးကို အရှင်ရရ အသေရရ မရရအောင် ဆွဲတော့မယ့်ပုံ ရှိနေပြီ။ ကလေးငယ်ရဲ့ငိုကြွေးသံနဲ့ မိခင်ရင်းရဲ့မျက်ရည်တို့ကို ကြားနေမြင်နေကြရတဲ့ ကမ္ဘာ့ပြည်သူ တွေလည်း ရင်ထုမနာ ဖြစ်နေကြရတယ်။ ဒါပေမယ့် ဇာတ်တော်ထဲက သားတရားစီရင်ခန်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ မဟောသဓတော့ ဒီကနေ့ ကမ္ဘာမှာ မရှိဘူး။ အန်အယ်လ်ဒီခေါင်းဆောင်တွေ ဘာလုပ်ကြမှာ လဲ။ မဟောသဓ မရှိတဲ့ ‘သားတရားစီရင်ခန်း’ မှာ မိခင်ရင်းကိုယ်တိုင် မဟောသဓ ဝင်လုပ်ရမယ့် နည်းလမ်းကလွဲပြီး တခြားနည်းလမ်း ရွေးစရာမရှိဘူး။ တွေဝေနေဖို့အချိန် များများလည်း မကျန်တော့ဘူး။ ဒီပွဲမှာလည်း အန်အယ်လ်ဒီ နောက်တလှမ်း ဆုတ်ဦးမယ်ဆိုရင်တော့ သမိုင်းကြောင်းမညံ့တဲ့ မြန်မာပြည်သူတွေဟာ အန်အယ်လ်ဒီကို ကျောခိုင်းစွန့်ခွာပြီး “နိုင်ငံရေးသစ်” လမ်းကြောင်းဘက်သို့ မျက်နှာမူကြတော့မှာဖြစ်တယ်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Sunday, April 12, 2009

မန္တလေး ရတနာပုံ သက်တမ်း နှစ် (၁၅၀) ပြည့်

မောင်စွမ်းရည်

မန်းရာပြည့်၊ သခင်ကိုယ်တော်မှိုင်း ရာပြည့်၊ သခင်ဗသောင်း ရာပြည့်၊ သိပ္ပံမောင်ဝ ရာပြည့် စတဲ့ ရာပြည့် ပွဲတွေ အဆင့်ဆင့် ပါဝင်ဆင် နွှဲပြီးနောက် ကျနော် ပြည်ပရောက် လာတယ်။ ပြည်ပကို ရောက်လာပြီး တဲ့နောက် ဇော်ဂျီ ရာပြည့်၊ မင်းသုဝဏ် ရာပြည့်၊ ဦးသန့် ရာပြည့် စတဲ့ ရာပြည့်ပွဲ တွေကို တွေ့ကြုံ ဖြတ်သန်း ဆင်နွှဲ ရပြန် ပါတယ်။ နောက်နှစ်ဆိုရင် လူထုဦးလှ ရာပြည့်ပွဲ ပါတဲ့။ အဲသလို ရာပြည့်ပွဲတွေဟာ ကိုယ့်မျက်မှောက်မှာပဲ ဖျတ်ခနဲ ဖျတ်ခနဲ ကြုံတွေ့ဖြတ်သန်း လိုက်ရတော့ နှစ်တရာဆိုတာ ဘာမှ မကြာလိုက်ပါ လားလို့ ထင်ရပါတယ်။

ဒီလိုနှစ်တွေ ဖြတ်သန်းရင်း ကောင်းမှုမြတ်နိုး ကောင်းအောင် ကျိုးစားသူတွေ တွေ့ရမြင်ရသလို၊ မကောင်းမှုကို မြတ်နိုး၊ ဆိုးမြဲဆိုးနေသူတွေလည်း ကြုံရပြီး၊ မကောင်းမှုကို စွန့်ခွာ ကောင်းမှုကို ရှာကြသူတွေလည်း ကြားရသိရပါတယ်။ ကောင်းမှု မကောင်းမှုကို ခုလို ကျနော်ပြောဆို ရေးသားရာမှာ ဘာသာရေး ရှုထောင့်က ကြည့်မြင်တာ မဟုတ်ပါဘူး။ လူမှုရေး၊ နိုင်ငံရေးနဲ့ စာပေယဉ်ကျေးမှု ရှုထောင့်တို့က ကြည့်မြင်ပြောဆိုတာပဲ ဖြစ်ပါတယ်။

ကျနော် ပထမဆုံး တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ “ရာပြည့်” ဆိုတာက လူပုဂ္ဂိုလ် ရာပြည့် မဟုတ်ပါဘူး။ မြို့ရာပြည့်ပွဲပါ။ မန်းရာပြည့်ပွဲပါ။ မန်းမနီး ရေဝေး တောကျေးလက်မှာ မွေးဖွားခဲ့တဲ့ ကျနော်ဟာ မန်းရာပြည့်ပွဲကြီး ၀ှဲချီးကျင်းပချိန် မှာ မန်းရွှေမြို့က မန်းတက္ကသိုလ်ကို ရောက်နေပါပြီ။ မောင်ပေါက်စည်၊ မောင်သာနိုး၊ တင်မိုး၊ ကြည်အောင် စတဲ့ စာပေမွေ့ဖော်၊ ရဲဘော်သူငယ်ချင်းတွေနဲ့ လည်ပင်းဖက်ပြီး၊ နေ့ဆက်ညစဉ် ပျော်ပွဲတွေ ဆင်နေရသလို ပျော်ရွှင်စရာ ကာလကြီးပါပဲ။ ဗမာပြည်လေးရဲ့ ဒီမိုကရေစီ ရွှေပင်လေးဟာလည်း မကြာခင် နေ၀င်တော့မယ် ဆိုတာကို ကျနော်တို့လည်း မသိကြသေးဘူးပေါ့။

မန်းရာပြည့်ပွဲ ဆင်နွှဲမယ့် နှစ်မှာ ၁၉၅၈ ခုနှစ်က မန်းတက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်အဖွဲ့ရဲ့ ကိုယ်စား ကျနော်က ရွေးကောက်ပွဲ အရာရှိအဖြစ်နဲ့ ၁၉၅၉ ခုနှစ်အတွက် အမှုဆောင်အဖွဲ့ အသစ်ကို ရွေးချယ်ပေး ရပါတယ်။ ကျောင်းသား ကိုယ်စားလှယ်အဖြစ် ကျနော်က ရွေးကောက်ပွဲကို စနစ်တကျ ဖြစ်အောင် လုပ်ပေးရုံသာဖြစ်ပြီး တရားမျှတ မှန်ကန်အောင် ကြီးကြပ်လုပ်ဆောင် ကြရတာကတော့ တက္ကသိုလ် ဆရာပါမောက္ခ တွေချည်းပဲ ဖြစ်ပါတယ်။ ကျနော်ဒီလို တာဝန်ကျ တာကလည်း တခြားအမှုဆောင် တွေဖြစ်တဲ့ ကိုသာလှ၊ ကိုသာနိုး၊ ကိုမိုးသူ ခေါ် ကိုစိန်မြင့် တို့လို တခြားကျောင်းသား ခေါင်းဆောင်တွေက အိမ်စောင့်အစိုးရ ခေါ် စစ်အစိုးရရဲ့ အစမ်းလေ့ ကျင့်ပွဲမှာ အဖမ်းအဆီး အထိန်းအသိမ်း ခံနေခဲ့ရလို့ပါပဲ။ မင်းတုန်းမင်းကြီးရဲ့ အာဏာသိမ်းပွဲ နှစ် (၁၀၀) ပြည့်ဟာ ဗိုလ်နေ၀င်း စစ်အစိုးရရဲ့ အစမ်းလေ့ကျင့် အာဏာသိမ်းပွဲရဲ့ အစနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။

မန္တလေးတက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲများ သမိုင်းမှာ မဲအများဆုံး စံချိန်တင် ခဲ့သူက တော့ ၁၉၅၉ ခုနှစ်ရဲ့ ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရတဲ့ ကဗျာဆရာ မောင်ပေါက်စည် (မန်းတက္ကသိုလ်) ဘွဲ့ခံ အင်ဒရူး မြဟန်ပါပဲ။ သူက ခရစ်ယာန်ပါ။ နောင်အခါ သူဟာ ဗမာပြည် အင်္ဂလိကန် ခရစ်ယာန်ဂိုဏ်းရဲ့ သာသနာပိုင်ချုပ် ဖြစ်လာခဲ့ပါ တယ်။ ဒက်စမွန်တူတူတို့နဲ့ အပြိုင်ပေါ့။ မောင်ပေါက်စည် ဒက်စမွန်တူတူ တို့လိုပဲ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်ဆောင်ရွက်တဲ့ အနေနဲ့ ကရင်ဗိုလ်ချုပ်ကြီး ဗိုလ်မြကို သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါ။

မောင်ပေါက်စည် အကြောင်းကို ခုလို ပြောပြနေရတာက သူဟာ မန်းရာပြည့်ပွဲနဲ့ တိုက်ဆိုင်တဲ့ ကာလမှာ ကျနော် တို့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေလို့ပါ။ ကဗျာဆရာ ဖြစ်နေတဲ့အတွက် မန်းရာပြည့်ပွဲကို ကဗျာနဲ့ပဲ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီတုန်းက ကဗျာဆရာ တင်မိုးကလည်း တင်မိုးဖြစ်စ အခါပေါ့။ တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ကဗျာဆရာနှစ်ဦး အနေနဲ့ မန်းရာပြည့် အထိမ်းအမှတ် ကဗျာစာအုပ် ကလေးတအုပ်ကို ကျောင်းသားသမဂ္ဂအနေနဲ့ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။ အဲဒီ စာအုပ်ထဲမှာ စာအုပ်ကလေးကို တာဝန်ခံပြီး ရိုက်သူက တင်မိုးပါမှန်း မသိလို့ဆိုပြီး မောင်ပေါက်စည် ရဲ့ နာမည်တခုတည်းသာ မျက်နှာဖုံးမှာ တင်ခဲ့ပါတယ်။ နောင်အခါ မောင်ပေါက်စည်ရဲ့ ကဗျာပေါင်းချုပ်စာအုပ်ကို ကျနော်ရွေးချယ် ထုတ်ဝေတော့မှ တင်မိုးနဲ့ ကျနော်တို့က သူ့ကဗျာတွေချည်း သီးသန့်ရွေးထုတ်ပြီး သူ့ကဗျာစာအုပ် ထဲမှာ ရှေ့ဆုံးက ထည့်ပေးခဲ့ပါတယ်။

မန္တလေးတောင်ခြေမှာ ရာပြည့်ပွဲတော်ကို အကြီးအကျယ် ကျင်းပပါတယ်။ ပွဲတော်မှာ ပြပွဲပြိုင်ပွဲတွေလည်း အကြီးအကျယ် လုပ်ပါတယ်။ “သက်တံ့ပေါ်မှာ ကစားမယ်ဆိုတဲ့ သီချင်းနဲ့ ကျော်ကြားလာတဲ့ မာမာအေး ကလေးကလည်း သူ့အသက်က (၁၅) နှစ် (၁၆) နှစ်ရှိမှာပေါ့။ သူ့ဆရာ လင်းစေလုလင်ရဲ့ စစ်ရဲ ဂီတအဖွဲ့နဲ့ လိုက်ပါပြီး အဖွဲ့ဝင်တွေရဲ့ ဂီတပြိုင်ပွဲမှာ သီချင်း လိုက်ဆိုပေးဖို့ ပါလာခဲ့သတဲ့။ သူ့ဆရာတွေက ၀င်မပြိုင်နဲ့ဆိုလို့ မပြိုင်ခဲ့ပေမယ့် သူ့အသံကတော့ မန်းရာပြည့်မှာ လွှမ်းသွား ခဲ့ပါတယ်။ ရာပြည့်ပွဲကြီး ပြီးတော့ ပြပွဲကွင်းကြီးဟာ သမိုင်းဝင် ရာပြည့်ကွင်းကြီးအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ရွှေမန်းသူ ရွှေမန်းသားတွေဟာ ဒီကွင်းကြီးမှာ စက်ဘီးစီးကြ၊ ကားမောင်းကြနဲ့ ကစားကွင်းကြီး သဖွယ်လည်း ဖြစ်ခဲ့ပါတယ်။ နောင်အခါ ပွဲတွေကျင်းပဖို့လည်း အလွန်ကောင်းတဲ့ ကွင်းကြီးပါပဲ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက လူစုစုလုပ်နိုင်တဲ့ နေရာတွေကို အစိတ်စိတ်ပိုင်းပြီး လူမစုနိုင်အောင် ပိတ်ဆို့ပစ်ခဲ့ပါပြီ။

မန်းရွှေမြို့ကြီးကို တည်ထောင်တဲ့နှစ်ကို “အုတ်ကျစ် ကျော်အေး မန္တလေး” ၊ “အောင်ကျော် ချမ်းအေး မန္တလေး” ဆိုပြီး နံသင့် သင်္ချာနည်းနဲ့ မှတ်သားခဲ့ကြရပါတယ်။ ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် (၆) ရက်နေ့မှာ တည်ပါတယ်။ ၁၃၂၁ ခုနှစ် ၁၉၅၉ ခုနှစ်မှာ နှစ် (၁၀၀) ပြည့်ပါတယ်။ ပွဲတော် ကျင်းပတဲ့အခါ ပွဲတော်လာပရိသတ် များ သွားရေးလာရေး အဆင်ပြေအာင် ခြေခင်းလက်ခင်း သာယာတဲ့ တန်ဆောင်မုန်းလ ကျတော့မှ လဆန်း (၈) ရက်က (၁၄) ရက်နေ့အထိ ကျင်းပပါတယ်။

ပွဲတော် ကျင်းပရေးအတွက် လူထုသတင်းစာ၊ ပဟိုရ်စည် သတင်းစာတို့က ဦးဆောင်လှုံ့ ဆော်ခဲ့ပါတယ်။ မန်းရာပြည့် အတွက် စာပေယဉ်ကျေး မှုကိစ္စ၊ သမိုင်းရာဇ၀င် အချက်အလက် ကိစ္စတွေမှာ ဆရာကြီး ရွှေပြည် ဦးဘတင်၊ ရတနာပုံ ဖိုးမှတ်စု ခေါ် ရွှေကိုင်းသား ခေါ် သုတေသီ ဆရာတော် ဦးသောဘိတနဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ တို့က ဦးဆောင် စုဆောင်း ဖော်ထုတ် ကြပါတယ်။ အဲဒီတုန်းက စုဆောင်းရိုက်နှိပ် ထုတ်ဝေခဲ့ ဆရာတော် ရွှေကိုင်းသားရဲ့ “အနှစ် (၁၀၀) ပြည့် မန္တလေး” ဆိုတဲ့ စာအုပ်ကြီးဟာ မန္တလေး နှစ် (၁၀၀) ပြည့် သမိုင်းအတွက် အစုံဆုံး စာအုပ်ကြီးပါပဲ။ ဒီစာအုပ်ကြီးကို မန္တလေး နှစ် (၁၅၀) အကြိုအဖြစ် မန္တလေး လူထုကြီးပွားရေး စာအုပ်တိုက်က ၂၀၀၇ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေတာကို တွေ့ရတော့ အထူးဝမ်းသာ ရတယ်။ ဒါပေမယ့် ဒီစာအုပ်မှာ ကျမ်းကို စရင်းနဲ့ အက္ခရာဝလိ အညွှန်းမပါတာ မကောင်းဘူး။ မူလကတည်းက “ကျမ်းလေးအံ့ခိုး၍” လို့ ကျမ်းပြုသူက ဖော်ပြ တောင်းပန် ထားပါတယ်။ နောက်တခါ ထုတ်ရင် အညွှန်းထည့်ပေးမှ ခေတ်မီပါမယ်။

မန္တလေးမြို့ကြီးကို ပြန်စဉ်းစားရင် ပစ္စင်ပြအိုး၊ မြို့ရိုးနီကြန်ကြန်က ကျုံးပတ်လည်ရံ နေတာကို မျက်စိထဲမှာ မြင်ယောင် တယ်။ ကျုံးရဲ့ အနောက်တောင် ထောင့်မှာ စနေနေ့ညတိုင်း ဖျော်ဖြေတဲ့ မြို့မဂီတ အသင်းကြီး ကိုလည်း မြင်ယောင် ကြားယောင်တယ်။ မန္တလေးတောင်ပေါ် တက်ကြည့်ပြီး ပြလမ်းတွေနဲ့ အကွက်ကျကျ တည်ဆောက်ထား တဲ့ မန္တလေးမြို့ကြီး ကို တောင်ပေါ်အထက်စီးက မျှော်ကြည့်ရတဲ အရသာကိုလည်း မမေ့နိုင်ပါဘူး။ မြို့ရိုးရဲ့ မြောက်မျက်နှာဟာ ဖျက်ဆီးမှု အများဆုံးပါပဲ။ ဗြိတိသျှ စစ်တပ်က “ကလေးကစားတဲ့ ခံတပ်လေးလိုပဲ” မှတ်တမ်းရေးပြီးမှ မြို့ရိုးအတွင်းရှိ ဂျပန်တပ်ကို တိုက်ဖို့ မြို့ရိုးကို နေ့ညမပြတ် (၄၊ ၅) ရက် အမြောက်နဲ့ ထု၊ ဗုံးကြဲဖျက်ဆီးခဲ့တဲ့ သမိုင်းကိုလည်း မမေ့ပါဘူး။ သူတို့က အုတ်ချပ်ကလေးတွေ ထောင်ထား ရုံပဲလို့ ထင်သလား မသိ။ အုတ်မြို့ရိုးနောက်က မြေကြီးတွေ ဆင်ခြေလျှော ဖို့ပြီး ကျားကန် ထားတာကိုမှ မသိဘဲ။

မန္တလေးမြို့ရိုးအတွင်းမှာ အကျဉ်ထောင်ကြီး ရှိခဲ့ဖူးတယ်။ အိန္ဒိယက တော်လှန်ရေးသမား ဆုဘတ်ချန္ဒရာဘိုစ့်၊ သခင်နု၊ မြသန်းတင့်၊ လူထုဦးလှ၊ မောင်သာနိုး၊ မောင်သာရ၊ ဒေါက်တာ ဇော်မင်းတို့အပြင် ကျနော် ဖခင်လည်း ရောက်ရှိ နေထိုင်ခဲ့ရဖူးတာကို ကျနော် သတိရနေပါတယ်။ (ဒီအထဲကို မောင်စွမ်းရည်တယောက် ဘာကြောင့် မရောက်ခဲ့ရသလဲလို့ အားမလိုအားမရ မေးလာကြတဲ့ သူတွေလည်း ရှိရဲ့။)

မန္တလေးမြို့ရဲ့ သမိုင်းကို ရာပြည့် နှစ်ထိ ပြုစုဖို့ ဆရာတော် ရွှေကိုင်းသားတို့ တာဝန်ကျေခဲ့ပြီ။ ထုတ်ဝေတဲ့ ကြီးပွားရေး လူထုတိုက်ကလည်း တာဝန်ကျေခဲ့ပါပြီ။ လူထုဒေါ်အမာက မန္တလေးဇာတ်သဘင် လောကနဲ့ အငြိမ့်လောက၊ သာသနာ လောကနဲ့ ပန်းချီလောက က ပုဂ္ဂိုလ်တွေအကြောင်းကို အတော်စုံစုံလင်လင် ပြုစုခဲ့ပါပြီ။ မန္တလေးမြို့ပေါ်က စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ဘက်စုံက ပုဂ္ဂိုလ်တွေ အကြောင်းတွေလည်း သစ်ပင်စိုက်တဲ့ ဆိုက္ကားဆရားကြီးပါ မကျန် အတော်ကလေး စုံအောင် ရေးသားခဲ့ပါပြီ။ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် မန္တလေးမြို့မအသင်း၊ မန္တလေးမြို့ရဲ့ ဂုဏ်ရောင်ဆောင်ခဲ့တဲ့ မန္တလေး အမျိုးသားကျောင်း တို့လည်း အတော်စုံခဲ့ပါပြီ။

မပြုရသေးလို့ ပြုစုရမယ့် အကြောင်းအရာ တွေလည်း အများကြီး ကျန်ပါသေးတယ်။ ဥပမာ မန္တလေးမှာ ဦးရာဇတ်နဲ့ ဦးလှတို့ ဦးဆောင်ခဲ့တဲ့ ဖဆပလနဲ့ အာရှလူငယ် အသင်းတို့ရဲ့ ဖက်ဆစ် တော်လှန်ရေး လှုပ်ရှားမှုသမိုင်း၊ မန္တလေး အကျဉ်းထောင် သမိုင်း၊ အထက်ဗမာနိုင်ငံရေး စာရေးဆရာအသင်းနဲ့ သတင်းစာ ဆရာ အသင်းသမိုင်း၊ မန္တလေးက ရတနာပုံ သတင်းစာက အစ လူထုသတင်းစာ၊ ပဟိုရ်စည် သတင်းစာ၊ မန္တလေး ဟံသာဝတီ သတင်းစာ အပါအ၀င် သတင်းစာတွေရဲ့ သမိုင်း၊ တင်မိုးရဲ့ ဖန်မီးအိမ် စာအုပ်တိုက်၊ သပြေစာ အုပ်တိုက်နဲ့ မောင်မိုးသူရဲ့ မိုးဦးပန်း စာအုပ်တိုက် အပါအ၀င် မန္တလေးရဲ့ စာအုပ်ထုတ်ဝေရေး သမိုင်း၊ မန္တလေး တက္ကသိုလ် ကလောင်ရှင် သမိုင်း၊ ဦးဝင်းဖေပါတဲ့ ပန်တျာကျောင်းသမိုင်း စတဲ့ အကြောင်းအရာ တွေပါပဲ။

ခုအခါမှာ ရွှေကိုင်းသာရဲ့ မန္တလေးသမိုင်း ထဲမှာပါတဲ့ ပြည်တော်ဝင် သီချင်းစတဲ့ မြို့မအသင်း နောက်ခံ ၀တ္ထုတပုဒ်ကို ဆူးငှက်ကရေးတယ်။ အဲဒါက အမျိုးသားစာပေ ဆုရသွားသတဲ့။ ဆူးငှက်ဆိုတာ မန္တလေးရဲ့ မျဉ်းဖြောင့်များဆိုတဲ့ စာအုပ်ကိုလည်း ပြုစုခဲ့သူ ဖြစ်ပါတယ်။ နောက်တဦးက ကျော်ရင်မြင့်ပါ။ သူရဲ့ “ဘ၀ဇာတ်ခုံ အဖုံဖုံ” ဆိုတဲ့ စာအုပ် ကလည်း ဆုရသတဲ့။ ဒီစာအုပ်က ဒုတိယ စာအုပ်ပါ။ အရင် စာအုပ်ရော၊ ဒီစာအုပ်ရော နှစ်အုပ်လုံး ကောင်းပါတယ်။ အထူးသဖြင့် ရိုးသားကြိုးစားမှုကို ဖော်ထုတ် အမွှမ်းတင်ထားတာ ချီးကျူးစရာပါ။ မြို့တော် မောင်ယဉ်အောင် ကလည်း ဒါရိုက်တာဆု ရသတဲ့။ ဘောလုံးသင်းကလည်း ဆုရသတဲ့။ ဘာပဲဖြစ်ဖြစ် မန္တလေးနှစ် (၁၅၀) ပြည့်အတွက် ဂုဏ်ယူစရာတွေပါပဲ။ ဂုဏ်ယူထိုက်တာ ဂုဏ်ယူခြင်း၊ ပူဇော်ထိုက်သူ ပူဇော်ခြင်းဆိုတာ လူ့ယဉ်ကျေးမှုပဲ မဟုတ်ပါလား။ ဂုဏ်ယူစရာတွေ မန်းနှစ် (၁၅၀) အတွက် များထက်များပါစေ။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Sunday, August 31, 2008

လူမှုအရင်းသစ် ( သို့မဟုတ် ) လှသောဂိမ်း

အများပိုင် အရင်းအမြစ်

လူ့အဖွဲ့အစည်းတွင် လူအများ ခွဲဝေသုံးစွဲရသော အရင်းအမြစ်များ ရှိသည်။ စားကျက်မြက်ခင်း၊ ငါးဖမ်းရာရေပြင်၊ သစ်တော၊ သောက်သုံးရေ စသည်တို့ဖြစ် သည်။ ဤသည်တိုကို ခြုံငုံ၍ “ အများပိုင် အရင်းအမြစ်များ ” ( Common pool resources ) ဟု ခေါ်ပါသည်။ ပြောရလျှင် ဤသို့သော အများပိုင်အရင်းအမြစ် များကို ခွဲဝေသုံးစွဲရေးမှာ ပြဿနာအလွန်ကြီးနိုင်သော ကိစ္စဖြစ်သည်။ သမိုင်းတွင် အများပိုင်အရင်းအမြစ်များ အဝေမတည့်ရာမှ ဖြစ်ပွားရသော စစ်ပွဲများပင် မနည်း မနော ရှိခဲ့ဖူးသည်။ သို့အတွက် လူမှုဗေဒပညာရှင် “ ဂါရက်ဟာဂင် ” က အဆိုပါ အများပိုင် အရင်းအမြစ် များနှင့်ပတ်သက်ပြီး“ အများပိုင် အလွမ်းဇာတ်များ ” (tragedy of the commons) ကိုမွေးထုတ်ပေးသည့် ရေခံမြေခံဟု ဆိုခဲ့ခြင်း ဖြစ်သည်။

သို့ဖြင့် အများပိုင် အလွမ်းဇာတ်များကို ကာကွယ် တားဆီးနိုင်ရန် အတွက် ထက်အောက် ဖွဲ့စည်းပုံမှလာသော သတ်မှတ်ပြဋ္ဌာန်းချက်များကို အသုံးပြုရသည် များ ရှိလာသည်။ သူ့အလိုလို ပေါ်ထွက်လာသော လူမှုအရင်းတခုတည်းနှင့်ဖြေရှင်း ရန်မလွယ်၍ ဥပဒေအမိန့် အာဏာများဖြင့် ကန့်သတ်ရသည့်သဘော ဖြစ်ပါသည်။ သို့နှင့်တိုင် ဤသို့သောအပြုအမှုမျိုးကို တစ်ခုတည်းသော နည်းလမ်းအဖြစ် ကျင့်သုံးလိုက်လျှင်မှု အမှန်ပင်ပြဿနာ ရှိနို်င်ပါသည်။ ဆိုဗီယက်ယူနီယံလက်တွေ့ ကျင့်သုံးခဲ့သော စီမံကိန်းစီးပွားရေးစနှစ် ပြိုကျခဲ့ရသည်မှာဤသဘော ဖြစ်ပါသည်။ ဆိုဗီယက်အစိုးရက လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ ကုန်ထုတ်အရင်းအနှီး အားလုံးကို အများပိုင်အရင်းအမြစ်အဖြစ် သဘောထားလိုက်သည်။ ထို့နောက် နိုင်ငံတော်က တိုက်ရိုက်ချုပ်ကိုင်ပြီး အမိန့်ပေးစနှစ်နှင့် စီမံခန့်ခွဲခဲ့သည်။ အကျိုးဆက်မှာ စီမံ ကိန်း စီးပွားရေးစနစ်သာမက နောက်ဆုံး ဆိုဗီယက်ယူနီယံ တစ်ခုလုံးပါ ပြိုကျခဲ့ရ သည်အထိ အခြေအနေဆိုးခဲ့ရသည်။

ဤတွင် ဘောဂဗေဒပညာရှင်များက ထက်အောက်ဖွဲ့စည်းပှံနှင့် မဆိုင်သော အခြားနည်းလမ်းများဖြင့် အများပိုင်အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ရန် နည်းလမ်း ရှာကြံခဲ့ကြသည်။ အဆိုပါဘောဂဗေဒ ပညာရှင်များအနက် “ ရောဘတ်အယ် လစ်ဆင်” မှာ ထင်ရှားသူတစ်ဦးဖြစ်သည်။ သူက အထက်မှအောက်သို့လာ သော အမိန့်ပေးပုံစံမဟုတ်ဘဲ၊ အောက်မှအထက်သို့လာသောအများညီ နှုံန်းစံများဖြင့် ထိန်းနိုင်စရာ ရှိသည်ဟု အဆိုပြုခဲ့သည်။ သူ့အဆိုပြုချက်အတွက် အယ်လစ်ဆင် သာဓကတင်ခဲ့သည်မှာ ၁၉ ရာစု အမေရိကန် ဝေလငါးမုဆိုးများ၏ အတွေအကြုံ များ ပင်ဖြစ်သည်။ မုဆိုးသင်္ဘောတစ်စင်းက ဝေလငါးတစ်ကောင်ကို မှိန်းနှင့် မိမိ ရရ ထိုးလိုက်မိသည်။ သို့သော် ဝေလငါးမသေ လွတ်ထွက်သွားသည်။ အခြားမုဆိုး သင်္ဘောတစ်စင်းက ထိုဒဏ်ရာရဝေလငါးကို အလွယ်တကူ ဖမ်းမိသွားသည်။ ဤတွင်အငြင်းပွားစရာ ဖြစ်လာတော့သည်။ ဝေလငါးကိုမည်သည့် သင်္ဘောပိုင်သင့် သနည်း။ နောက်ဆုံး ဝေလငါးမုဆိုးအားလုံး ညှိနှိုင်းဆွေးနွေး၍ အများညီ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်နိုင်ခဲ့ကြသည်။

ဤအတွေ့အကြုံက ဘာကိုဖေါ်ပြလိုက်သနည်းဆိုလျှင် လူမှုအရင်းကို ညှိနှိုင်း ဆွေးနွေးမှုမှတစ်ဆင့် ရနိုင်စရာရှိသည်ဆိုသော ကောက်ချက် ဖြစ်ပါသည်။ အကျိုးစီးပွားချင်း မတူသောလူများ၊ လူမှုအုပ်စုများကြား “ ကြားအဖြေ ”

(compromise) တစ်ခု ရစေသည့် ဖြေရှင်းနည်းဖြစ်သည်။ ဤသဘောကို သင်္ချာ သရုပ်ခွဲပညာနှင့် ဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်လိုက်ရာ နာမည်ကျော် “ ဂိမ်းသီအိုရီ ” (Game Theory) ဖြစ်ပေါ်လာပါသည်။

အကျဉ်းသားအကြပ်

လူသည် အချင်းချင်းပူးပေါင်းဆောင်ရွက်ရသော လူမှုရေးသတ္တဝါဖြစ်သည့် တိုင် လူတွင်ပုဂ္ဂလိက အကျိုးစီးပွားလည်း အမှန်ပင်ရှိနေပါသည်။ သို့ဖြင့် လူမှု အုပ်စု တစ်ခုအတွင်းမှာပင် အကျိုးစီးပွားခြင်း ထွေးရောယှက်တင် ဖြစ်နေရတော့ သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ရှေးဟောင်း ကွန်မြူနတီခေတ်က “ဆွေမျိုးသားချင်း” ဆက်ဆံရေးကို သုံးခဲ့ကြသည်။ ယခု ကွန်မြူနတီခေတ်သစ် တွင်မှု “အပြန်အလှန်အကျိုးပြုရေး”( reciprocal altruism) အတွက်နည်းလမ်းရှာ ဖွေခဲ့ကြသည်။ ဂိမ်းသီအိုရီမှာ အပြန်အလှန် အကျိုးပြုရေးကို ရှေးရှုသော နည်းနာ တခုဖြစ်ပါသည်။

ဂိမ်းသီအိုရီ၏ အလိုအရ ခြေခံလူမှုဆက်ဆံရေး ပုံစံနှစ်မျိုးရှိသည်ဟု ဆို သည်။ “သူသေ ကိုယ်ရှင်ဆက်ဆံရေး” (Zero Sum Game) နှင့် “သူမနာ ကိုယ်မနာဆက်ဆံရေး” (Non-Zero Sum Game) တို့ဖြစ်သည်။ သူသေကိုယ်ရှင် ဆက်ဆံရေးမှာ အရှုံးအနိုင် အဖြေထွက်ရာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အကြွင်းသုညသာ ဖြစ်၍ အကျိုးမများနိုင်ပါ။ ဆွေမျိုးသားချင်း ဆက်ဆံရေးနှင့် ထက်အောက်ဖွဲ့စည်းပုံမှလာသော ဖြေရှင်းနည်းများမှာ ဤဆက်ဆံရေးတွင် အကျုံး ဝင်သည်။ သူမနာကိုယ်မနာ ဆက်ဆံရေးသည်သာ ပါဝင်ပတ်သက်သူအားလုံး အတွက် “ မျှော်လင့်တန်ဘိုး ” (expected value) မရသည့်တိုင် “ မူလ အခြေ အနေထက် ပိုကောင်း ” (better off) နိုင်၍ လူ့အဖွဲ့အစည်းအတွက် အကျိုးများ နိုင်စရာရှိသည်။ ဤသို့သောဆက်ဆံရေးပုံစံဝင်စေရန် ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်း၍ ကြားအဖြေတခု ရှာရမည် (bargain and compromise) ဟု ဆိုပါသည်။

ဤသဘောကို ထင်ရှားစေရန် ဂိမ်းသီအိုရီက “ အကျဉ်းသား အကြပ် အတည်း ” (Prisoner’s Dilemma) ဆိုသော အယူအဆဖြင့် ဤသို့ရှင်းပြသည်။

နှစ်ကြီ်းအကျဉ်းသားနှစ်ဦးဖြစ်သော A နှင့် B သည် ထောင်ဖောက်ပြေးရန် နှစ်ဦးသဘောတူ ကြံစည်ခဲ့ကြသည်။ သူတို့အကြံကို ထောင်ပိုင်ကြီးက ရိပ်မိ၍ တစ်ယောက်စီခွဲ တိုက်ပိတ်ကာ၊ သီးခြားစီ စစ်ဆေးသည်။ A နှင့် B မှာ ထောင်လက်ကောက်များဖြစ်ရာ ဥပဒေကို အရည်ကျိုသောက် နိုင်သူများပီပီ ဖြောင့်ချက်ပေးလိုက်လျှင် မည်မျှထိပြစ်ဒဏ်ကျနိုင်သည်၊ မပေးဘဲနေလျှင် ဘာဖြစ် နိုင်သည်ကို တွက်ဆနိုင်သူများဖြစ်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် ပေးလိုက် လျှင် ထောက်ဒဏ် (၄) နှစ်စီကျနိုင်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် မပေးလျှင် မှု (၃) နှစ်သာ ကျနိုင်စရာရှိသည်။ အကယ်၍ A ပေးပြီး B က မပေးလျှင် B အတွက်ပို၍နာမည်။ (၁၂) နှစ်ထိဖြစ်သွားနိုင်သည်။ A အတွက်မှု (၂) နှစ်မျှနှင့် ကိစ္စပြီးနိုင်သည်။ အလားတူ A ကဖြောင့်ချက်မပေးဘဲ B ကပေးလိုက်လျှင် A က (၁၂) နှစ် B က (၂) ဖြစ်လိမ့်မည်။

ပို၍ရှင်းလင်းစေရန် သူတို့နှစ်ယောက် ကျနိုင်စရာရှိသည့် ထောင်ဒဏ် အသီးသီးကို အောက်ပါအတိုင်း ဇယားနှင့် ဖေါ်ပြပါမည်။( ဂဏန်းနှစ်လုံးတွဲ၍ ဖေါ်ပြ ထားရာရှေ့ဂဏန်းမှာ A အတွက်၊ နောက်ဂဏန်းမှာ B ဟုနားလည်ကြပါရန် )



B



ဖြောင့်ချက်ပေး

ဖြောင့်ချက်မပေး

A

ဖြောင့်ချက်ပေး

၎း ၎

၂း ၁၂

ဖြောင့်ချက်မပေး

၁၂း ၂

၃း ၃


သူတို့နှစ်ယောက်လုံး လိုချင်သည်မှာ အနည်းဆုံးပြစ်ဒဏ် (၂) နှစ်ဖြစ်ပါ လိမ့်မည်။ (၂) နှစ်သည် နှစ်ယောက်စလုံး၏ “ မျှော်လင့်တန်ဖိုး ဖြစ်သည့်အတွက် နှစ်ယောက်လုံး ဖြောင့်ချက်ပေးလိုက်လျှင် (၄) နှစ်စီ ဖြစ်သွားနိုင်သည်။ အကယ်၍ တစ်ဦးကိုတစ်ဦး ယုံကြည်မှုဖြင့် ဖြောင့်ချက်မပေးဘဲ တင်းခံနိုင်လျှင် (၃) နှစ်စီ သာကြာလိမ့်မည်။ (၄) နှစ်ထက်စာလျှင် (၁) နှစ်သက်သာ၍ “ မှုလအခြေအနေ ထက် ပိုကောင်း ” သည်ဟု ဆိုနိုင်သည်။ နှစ်ယောက်လုံးအတွက် ကျေနပ်သင့် သောအဖြေ ဖြစ်ပါသည်။ သို့နှင့်တိုင်သူတို့နှစ်ဦးမှာ တွေ့ဆုံညှိနှိုင်း ခွင့်မရ၍ အဖြေ မှာ အမျိုးမျိုးဖြစ်သွားနိုင်သည်။ အကယ်၍ တွေ့ဆုံညှိနှိုင်းခွင့်သာရလျှင် နှစ်ယောက် လုံး ဖြောင့်ချက်မပေးဘဲ ငြင်းကြဘို့များပါသည်။

ဤတွင် ပုံပြင်ကပေးသော သင်ခန်းစာများကို ဤသို့စာရင်းချပြနိုင်သည်။

၁။ တွေဆုံညှိနိုင်းခွင့်သာရလျှင် နှစ်ယောက်လုံးအတွက် အကောင်းဆုံးအဖြေ ရပါ လိမ့်မည်။

၂။ ပါဝင်ပတ်သက်သူများအကြားတွင် အပြန်အလှန် ယုံကြည်မှုရှိဖို့ အထူးအ ရေးကြီးပါသည်။ (ယုံကြည်မှုမရှိလျှင် အားလုံးပို၍ နစ်နာနိုင်သည်)

၃။ ပါဝင်ပတ်သက်သူအားလုံး ကြိုတင်တွက်ဆနိုင်စွမ်း ရှိဖို့လိုပါသည်။ ပညာ အခြေခံ ရှိဖို့လိုသည်။

၎။ မျှော်လင့်တန်ဖိုးကို အသေဆုပ်ကိုင်မထားဘဲ မှုလအခြေအနေထက် ပိုကောင်း လျှင်ပင် ကျေနပ်သင့်သည်။

ဤသည်ပင် ဂိမ်းသီအိုရီက အကြံပြုလိုက်သော လူမှုအရင်း ဖန်တီး တည်ဆောက်နိုင်ရေး ဗျူဟာတစ်ခု ဖြစ်ပါသည်။ ယခုအခါ တိုင်းပြည်တစ်ခု ချင်း၏ စီးပွားရေး၊ နိုင်ငံရေးသာမက နိုင်ငံတကာရေးရာများတွင်ပါ တွင်တွင် ကျယ်ကျယ် ကျင့်သုံးနေသော ဗျူဟာတစ်ခုလည်း ဖြစ်သည်။

အကန့်အသတ်များ

စက်မှုတော်လှန်ရေးမတိုင်မီ လူမှုအရင်းမှာ၊ ထက်အောက်ဖွဲ့စည်းပုံနှင့် မဆိုင်ဘဲ သူ့အလိုလို ပေါ်ထွက်လာသည် (Spontaneity) က များပါသည်။ သို့နှင့်တိုင် သူ့အလိုလိုပေါ်ထွက်လာသည့် နှုန်းစံများမှာ အကန့်အသတ်တစ်ခု အတွင်းတွင်သာ အသုံးတဲ့ရှင်သန်နိုင်စရာ ရှိသည်။ အကန့်အသတ်များ တရစပ် ကျိုးပေါက်နေသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွက် အခါခပ်သိမ်း ဆီလျှော် လိမ့်မည် မဟုတ်ပါ။

လူမှုဗေဒပညာရှင် “ အယ်လီနာ အော့စတွမ်” က ကြုံတွေ့နိုင်စရာရှိသော အကန့်အသက် အချို့ကို ဤသို့ ရေတွက်ပြပါသည်။

၁။ အရွယ်ပမာဏ (Size)

မည်သည့်အဖွဲ့အစည်းတွင်မဆို အချောင်သမားများ ရောပါနေတက်သည် သာ ဖြစ်သည်။ အကယ်၍ အရွယ်အစားငယ်သော အဖွဲ့အစည်းဆိုလျှင် ပြသနာ မရှိလှပါ။ ဆရာဝန်အနည်းငယ်ပေါင်းဖွင့်ထားသော ဆေးခန်း သို့မဟုတ် ရှေ့နေ အချို့ဖြင့် စုစည်းထားသော ဥပဒေအကျိုးဆောင် အဖွဲ့မျိုးတွင် အဖွဲ့ဝင် တစ်ဦးဦး ချောင်ခို နေသည်ကို အလွယ်နှင့်သိနိုင်ပါသည်။ သို့နှင့်တိုင် အလုပ်သမား ထောင် နှင့် ချီအလုပ်လုပ်ကြသော စက်ရုံမျိုးတွင်အချောင်သမားကို ရှာဖွေဖေါ်ထုတ်ဖို့လွယ် လိမ့်မည် မဟုတ်တော့ပါ။ သို့အတွက် အရွယ်ပမာဏမှာ အကန့်အသတ် တစ်ခု ဖြစ်နေတော့သည်။ ကမ္ဘာနှင့် ချီ၍ အလုပ်လုပ်ကြရသော ကော်ပိုရေးရှင်းကြီးများ အတွက် အလုပ်ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြဘို့ ဖြစ်ပါသည်။

၂။ အဖွဲ့အစည်း စည်းဝိုင်း (Boundaries)

အဖွဲ့အစည်း စည်းဝိုင်း ပီပီပြင်ပြင်ရှိလျှင် ပြသဿနာမရှိပါ။ ဤသို့မဟုတ် ဘဲ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ဖြစ်နေသော အဖွဲ့အစည်းဆိုလျှင် ဒုက္ခပေး မည့်သူများ အချိန်အရွေး ဝင်ယောက်လာနိုင်ပါသည်။ သို့အတွက် အဖွဲ့အစည်း စည်းဝိုင်း ပီပီပြင်ပြင် ရှိမရှိမှာလည်း နောက်ထပ် အကန့်အသတ် တစ်ခုဖြစ်ပါသည်။ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းနေထိုင် လုပ်ကိုင်ကြသော ဂလိုဘယ်စီးပွားရေး ခေတ်တွင် အလုပ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြဘို့ ဖြစ်ပါသည်။

၃။ ထပ်ကျော့တုံ့လှယ်မှု (Repeated Interaction)

လူမှုရေးအရ ရွေ့ပြောင်းနေထိုင်မှုမရှိဘဲ ပြင်ပကမ္ဘာနှင့် အဆက်အစပ် မရှိသော အဖွဲ့အစည်းမျိုးဆိုလျှင် ပြသနာမရှိလှပါ။ မိမိတို့ အချင်းချင်းတုံ့ပြန် ဆက်ဆံမှုများနှင့်သာ ထပ်ကျော့ရင်ဆိုင်ရ၍ အလိုလို ဖြစ်တည်နေသော နှုန်းစံ များနှင့် လုံလောက်နိုင်ပါသည်။ တောင်ပေါ် ကျေးရွာများ၊ အမဲလိုက်အဖွဲ့ အစည်း များမှာ ဤသဘောပင်ဖြစ်သည်။ ခက်နေသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် တွင် မည်သည့်အဖွဲ့အစည်းမှ အထီးကျန်ဘဝဖြင့် မလုံခြုံနိုင်တော့ ခြင်းပင်။

၎။ ဘုံဓလေ့စရိုက် (Common Culture)

“ ဓလေ့စရိုက်တိုက်ပွဲ ” (clash of cultures) မှာ ဂလိုဘယ်လိုက် ဇေးရှင်း၏ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါသည်။ ဓလေ့စရိုက်တစ်ခုတည်းရှိသော လူများ နှင့် ဖွဲ့စည်းထားလျှင် ပြဿနာမရှိနိုင်သော်လည်း၊ ဓလေ့စရိုက်မျိုးစုံ ထွေပြားလာ လျှင် ယုံကြည်မှုဝင်ရိုး ပွန်းပဲ့တိုက်စားခံနိုင်စရာ ရှိပါသည်။

၅။ ပါဝါနှင့်တရားမျှတမှု (Power and Justice)

တရားဝင် သတ်မှတ်ပြဌာန်းထားခြင်းမရှိသော နှုန်းစံများမှာ အဖွဲ့အစည်း တစ်ခု၏ ယုံကြည်မှုဝင်ရိုးကိုမှု ခိုင်မာနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် အခြားအဖွဲ့ အစည်းတခုကိုမှု ဓန၊ ပညာ၊ ကျွမ်းကျင်မှု၊ စစ်အင်အား စသော ပါဝါများဖြင့် လွမ်းမိုးချုပ်ကိုင်လိုသည့် တိမ်းညွှတ်မှုများလည်း ရှိတက်သည်။ တရားမျှတမှု ရှု့ထောင်မှကြည့်လျှင် မဖြစ်သင့်ပါ။ အထူးသဖြင့် ကမ္ဘာလုံးချီ လှုပ်ရှားဆောင်ရွက် ရသော ကာလမျိုးတွင် ပဋိပက္ခမျိုးစုံကို ဖန်တီးရာရောက် နိုင်ပါသည်။

ဤသို့သော အကန့်အသတ်များရှိနေ၍ လူမှုအရင်း တည်ဆောက်ရေးကို ရှေးယ္ခင်ကလို အလိုလိုဖြစ်ပေါ်မှုတစ်ခုတည်း အားကိုးရုံမျှနှင့် မလုံလောက်တော့ ပါ။ တရားဝင် သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းဖို့ လိုပါသည်။ ထို့ထက် ဂိမ်းသီအိုရီလို တီထွင်ဖန်တီးမှုမျိုးဖြင့် လူမှုအရင်းကို အားဖြည့်နိုင်ဖို့လည်း အရေးကြီးပါသည်။ မည်သို့ပင်ဆိုစေ၊ ပတိရူပ လူ့အဖွဲ့ အစည်းတစ်ရပ် တည်ဆောက်ရာတွင် “ လူမှုအရင်း ” မှာ အခြေခံ အုတ်မြစ် သဘော ဖြစ်နေရာ၊ လူမှုအရင်း သန်စွမ်းရေးသည်ပင် သော့ချက်အကျဆုံး ပေါ်လစီ ပြဿနာဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ ။

ကျော်ဝင်း

အပြည့်အစုံသို့ ...

Tuesday, August 26, 2008

ခြောင်းကြည့်သူရဲ့အမှား

ဆယ့်ရှစ်ရာစုက ပေါ်ခဲ့တဲ့ Jonathan Swift ရဲ့ Gulliver's Travels ဆိုတဲ့ ၀တ္ထုဟာ ကျော်ကြား လူသိများပါတယ်။ ဆရာကြီး မောင်ထင် က `ဂါလီဗာ၏ ခရီးစဉ်´ ဆိုပြီး ဘာသာပြန်ခဲ့တယ်လေ။ ၀တ္ထုထဲမှာ ကမောက်ကမနိုင်လှတဲ့လူတွေအကြောင်း သရော်ထားတာ အလွန်ပီပြင်လှပါတယ်။ အခု နှစ်ဆယ့်တစ်ရာစုမှာတော့ အလားတူ ၀တ္ထုတပုဒ် ပေါ်လို့နေပါပြီ။ နာမည်ကလည်း ခပ်ဆင်ဆင်ပါ။ Gambari's Travels ပါတဲ့။ `ဂမ်ဘာရီ၏ ခရီးစဉ်´ပေါ့။ သူသွားတဲ့ နိုင်ငံကတော့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီးတဲ့ ခင်ဗျ။

ဟုတ်ပါရဲ့။ ဂမ်ဘာရီ ခမျာ ဒီခရီးကို သွားလေတိုင်း ဖြစ်ရပ်ဆန်းတွေ ဇာတ်လမ်း အတိုအရှည်တွေနဲ့ တိုးလို့ချည်း နေတော့တာကိုး။ ၂၀၀၆ နိုဝင်ဘာ ပထမဆုံး အခေါက်တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းသတင်းဓာတ်ပုံ အဖြစ် ကမ္ဘာကို ပြန့်ခဲ့တယ်လေ။ ၂၀၀၇ ကျပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတစောင်ကို ဂမ်ဘာရီက တိတ်တဆိတ် သယ်ဆောင်လာပြီး ထုတ်ပြန်ပေးလိုက်ပုံက တကယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါပဲ။ အဲ ဒီနှစ်ထဲကျတော့ ဂမ်ဘာရီခမျာ အပြင်က လူတွေက ကန့်ကွက်လိုက်, ပြစ်တင်လိုက်၊ ဟိုရောက်တော့လည်း အဆူခံလိုက်ရ အငေါက်ခံလိုက်ရနဲ့ သွားပေါ်အောင်တောင် ဖြဲမပြနိုင်ရှာတော့ပါဘူး။ ဒီတခေါက်မှာတော့ဖြင့်…

လော်နဲ့ခေါ် မော်တောင်မကြည့်


သြဂုတ်လ ၁၈ ရက်နေ့က ဂမ်ဘာရီ ရွှေပြည်ကြီးကို ရောက်ပါတယ်။ သက်ဆိုင်ရာတို့က ဂမ်ဘာရီသည် မည်သူမည်ဝါတို့နှင့် မည်သည့်နေရာတွင် တွေ့လေသတည်း… လို့ သတင်းတွေ ထုတ်ပေးပါတယ်။ သို့သော်လည်း ဟိုလူ ဒီလူ ဘယ်သူ ဘယ်ဝါတွေနဲ့ တွေ့တယ်ပဲ ပြောပြော၊ ထမင်းလက်ဆုံစားတယ် ဆိုဆို ဂေါက်သီးပဲ အတူရိုက်ရိုက်၊ အဲဒါတွေကို ဘယ်သူကမှ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလား။ တွေ့ပြီးတော့ ဘာပြောသလဲ။ ဗိုလ်သန်းရွှေနဲ့ တွေ့သလား။ သူကကော ဘာပြောသလဲ။ အဲဒါတွေပါ။

မထင်မှတ်တဲ့ ဖြစ်ရပ်က ၂၀ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပေမဲ့ ဒေါ်စု ရောက်မလာဘူးလို့ ဆိုပါတယ်။ အဲသည်နောက် နာရီပိုင်းအတွင်းမှာ တွေ့ခဲ့ကြတဲ့ အဖွဲ့ချုပ် လူကြီးတွေ တောင် ဒီကိစ္စကို ဂဃနဏ မသိရဘူး ဆိုတော့၊ ဘယ်လိုမှ မထင်မှတ် တဲ့ `ရှော့ခ်´ တခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နေမကောင်းလို့လား။ ကြိုတင်မသိလို့လား။ ကားပျက်နေလို့လား။ စိတ်ကောက်တာလား။ တွေးစရာတွေက အများသား။

ဒီလို ဖြစ်လာတဲ့အခါ ရွှေပြည်တော်ကြီးက မောင်မင်းကြီးသားများက အခက်အခဲကို အလွယ်တကူပဲ ဖြေရှင်းလိုက်ပါတယ်။ ဘယ်လို ဖြေရှင်းသလဲ ဆိုတော့ ဒေါ်စုအိမ်ရှေ့ကနေ `ဂမ်ဘာရီက တွေ့ချင်လို့ပါ ခင်ဗျာ´ ဆိုပြီး လော်နဲ့ အော်ခေါ်သတဲ့လေ။ ပြီးတော့ ဂမ်ဘာရီရဲ့ လက်ထောက်နှစ်ယောက်ကလည်း အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲ စောင့်နေကြ သတဲ့။

ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဒေါ်စုကို အိမ်ချုပ်ချထားပြီး လုံခြုံရေး ကို အပြည့်ချထားတယ်လို့ ဆိုတယ်။ ဒီတော့ ဒေါ်စုဆီကို ဘယ်သူကမှ အဆက်အသွယ် လုပ်တာ မရှိတော့လို့လား။ အရင့်အရင်တုန်းက ဂမ်ဘာရီနဲ့ တွေ့တာတို့၊ ဦးအောင်ကြည်နဲ့ တွေ့တာတို့မှာ ကျတော့ကော ဒီလိုပဲ အိမ်ရှေ့ကနေ `တွေ့ချင်လို့ပါ ခင်ဗျား´ ဆိုပြီး လော်နဲ့ အော်ခဲ့ တာပဲလား။ မကြာခင်ကပဲ ရှေ့နေ ဦးကြည်ဝင်း တို့၊ ဆရာဝန် ဦးတင်မျိုးဝင်း တို့ ဒေါ်စုဆီ သွားတာ ကျတော့ရော ဒီလိုပဲ `ရှေ့နေ ဦးကြည်ဝင်း ရောက်နေပါပြီ ခင်ဗျား။ တံခါးဖွင့်ပေးပါ´။ `ဒေါက်တာ တင်မျိုးဝင်း ရောက်နေပါပြီခင်ဗျား။ ဆေးစစ်ချင်လို့ပါ´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ ဒေါ်စုကို အချုပ် တနှစ် ထပ်တိုးတုန်းကကော ဒီလိုပဲ အိမ်ပေါက်ဝက လော်နဲ့ အော်ခဲ့တာပဲလား။

ရွှေပြည်တော်မှာကတော့ ``ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ။ မနက်ဖြန် စနေနေ့ လုပ်အားပေးသို့ တအိမ်တယောက် မပျက်မကွက် လာရောက်ကြပါရန်… ´´ ဆိုပြီး လော်နဲ့ အော်တာက ကျင့်သားရနေပြီ မဟုတ်လား။ အဲ နောက်ဆက်တွဲ ရှိသေးတယ် ``မလာရောက်က ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း…´´ ဆိုပါလား။ ကိုကြီးပေါ်လည်း ကြားပါများတော့ အလွတ်တောင် ရနေပြီ။ အခု ဒေါ်စုကို လော်နေ အော်တော့ရော ``မတွေ့ပါက ပြင်းထန်စွာ အရေးယူမည်…´´ ဆိုတာ ပါသေးလား မသိ။

ရွှေပြည်တော်သားတွေကတော့ အကျင့်ပါနေလို့ ထားပါတော့။ ဟို ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့လက်ထောက် နှစ်ယောက်ကိုပါ လော်အဖွဲ့ထဲ ထည့်ပေးလိုက်တာ စဉ်းစားစရာပါပဲ။ တကယ်ဆို လာမတွေ့သူကို လော်နဲ့ အော်ရတယ် ဆိုတာ ဂမ်ဘာရီ လက်တွေ့ တွေ့နေပြီပဲ။ သူတွေ့ချင်တဲ့ ဗိုလ်သန်းရွှေကိုလည်း အဲသလို လော်နဲ့ သွားအော်ဖို့ ကောင်းတာပေါ့။ ``ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ ကျနော် ဂမ်ဘာရီပါ၊ တွေ့ပါရစေ ခင်ဗျား…´´ ဘာညာပေါ့။ သူ့တိုင်းပြည်ရောက်ရင် သူ့ဓလေ့အတိုင်းတော့ ကျင့်ရမှာပေါ့။ မတွေ့ တွေ့တွေ့ ကိုယ်ဖက်က အော်စရာရှိတာတော့ အော်သင့်တာပေါ့။ ဟုတ်ဘူးလား။ ဒေါ်စုကိုတောင် လော်နဲ့ အော်သေးတာ။ ဗိုလ်သန်းရွှေကိုလည်း လော်နဲ့ အော်ပေါ့။

ဘာကြောင့်လဲဆိုတော့ ဂမ်ဘာရီရဲ့ အလုပ်က အဲသည်နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်နေလို့ပါပဲ။

အရင်တခေါက်ကလည်း ဂမ်ဘာရီက တွေ့ တွေ့ တွေ့ ဆိုတာတွေ လုပ်ပေမယ့် အရေးပါသူ ဗိုလ်သန်းရွှေကို မတွေ့ရခဲ့ရဘူး။ ဒီတခေါက်လည်း တွေ့ဖို့ အလားအလာ မရှိပါဘူး။ ဒါကို သိတဲ့ ဒေါ်စုက အကြောင်းထူးနိုင်စရာ မရှိတာမို့ မတွေ့ဘဲ နေလိုက်တာပဲလို့ ကိုကြီးပေါ်က ကောက်ချက်ချပါတယ်။ ဒါက ကိုကြီးပေါ်ရဲ့ ကောက်ချက်ပါ။ လွဲချင်လည်း လွဲမှာပေါ့ နော။ အဖွဲ့ချုပ်ကိုတောင် တွေ့တယ်ဆိုရုံလေး ထုံးတို့လို့၊ အဖွဲ့ချုပ်က ခပ်ပြင်းပြင်း ပြောလိုက်တော့မှ နောက်ထပ် ဆွေးနွေးဖြစ်တာ။ ဒါလဲ ဆွေးနွေးပွဲ တန်းလန်းကြီးနဲ့ ဂမ်ဘာရီ-ပြန်ပါပြီ ဖြစ်သွားရတာပါပဲ။

ဒီတခေါက်မှာ ထူးတာလေး တခု ရှိသဗျ။ ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဒီဇင်ဘာမှာ ရွှေပြည်တော်ကြီးကို သွားမယ် ဆိုပဲ။ နိုင်ငံရေးကိစ္စ သက်သက်တဲ့။ ကိုကြီးပေါ် ပြောခဲ့သားပဲ။ `မွမ်းမံသင်တန်း´ ဆိုတဲ့ ခေါင်းစဉ် အောက်မှာလေ။ မပူပါနဲ့ ဘန်ကီမွန်းလည်း အချိန်တန်ရင် သွားမှာပါလို့။ ဟော… အခု သွားတော့မယ်။ ဂမ်ဘာရီက လေးငါးခေါက် ရှိပြီဆိုတော့ အရည်အချင်းတွေ တော်တော် တောက်ပြောင်သွားပြီ။ မယုံရင် သူ့မျက်နှာကို ကြည့်ပါ။ မည်းပေမဲ့ ပြောင်ပါတယ်။ အခု ဘန်ကီမွန်း အလှည့်။ လာတော့မယ်။

ဘန်ကီမွန်းအတွက် တခုတော့ ကြပ်ကြပ်မှာလိုက်ချင်သပ။ လက်ကိုင် လော်စပီကာ ကောင်းကောင်း တခုတော့ မပါ ပါအောင် ဆောင်သွားပါ။ ရွှေပြည်တော်ကြီးရောက်လို့ ``သူနဲ့ မတွေ့ချင်ဘူး ဟူး ဟူး´´ ဆိုတဲ့အခါ အဲဒီ လော်စပီကာက အသုံးတည့်ကောင်း တည့်ပါလိမ့်မယ်။ အကယ်၍ မတွေ့ရင်တောင်မှ ရွှေပြည်တော်ရဲ့ အကျင့်စရိုက်အတိုင်း ကျင့်သုံးခဲ့တာမို့ ၀ိနည်းလွတ်နိုင်ပါတယ်။ နှစ်ဆယ့်တစ်ရာစုမှာပေါ်တဲ့ `ဂမ်ဘာရီ၏ ခရီးစဉ်´ ဇာတ်လမ်းတွဲဟာ လူထူးလူဆန်းတို့နေတဲ့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီး တခုနဲ့တင် ဂန္ထ၀င်မြောက်နေမှာ အသေအချာပါ။

ကိုကြီးပေါ်


အပြည့်အစုံသို့ ...

Friday, July 25, 2008

ငြိမ်းချမ်းရေး ဖခင် အဘိုး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၄) နှစ်မြောက်

kthဇူလိုင်လမှာ ဗမာပြည်သူတွေ မမေ့နိုင်တဲ့ နေ့ကြီး (၃) နေ့ ရှိပါတယ်။ ဇူလိုင် (၇) ရက်နေ့ဟာ ပြည်သူတွေရဲ့ သားသမီး တွေကို စက်သေနတ်တွေနဲ့ ပစ်သတ်ပြီး သမိုင်းဝင် တကသ အဆောက်အအုံကြီးကို ဗိုလ်နေ၀င်းတို့ စစ်အုပ်စုက မိုင်းဗုံးနဲ့ စိစိညက်ညက် ကြေအောာင် ဖြိုချ ဖျောက်ဖျက်ပစ်ခဲ့တယ်။ ဇူလိုင် (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ပြည် ထောင်စု ခေါင်းဆောင်တွေကို နယ်ချဲ့လက်ပါးစေ အာဏာရူး ဂဠုန်စောက လုပ်ကြံခဲ့တယ်။ ဇူလိုင် (၂၃) မှာ ငြိမ်းချမ်းရေး ဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တယ်။ ဆရာကြီး ကွယ်လွန်တဲ့အခါ ဗမာပြည်ရဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေက နေမင်းကြီး ကွယ်ခဲ့ပြီ၊ ရွှေတောင်ကြီး ပြိုခဲ့ပြီ စသဖြင့် အမြင့်ဆုံး စကားလုံးများနဲ့ ထုတ်ဖော်ပူဇော် မြည်တမ်း ခဲ့ကြပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဘကြီးမှိုင်း၊ အဘိုးသခင်ကိုယ်တော်မှိုင်း စသဖြင့် ဗမာပြည်သူများ ဂုဏ်ပြုပူဇော် ခေါ်ဝေါလေ့ရှိတဲ့ ဆရာကြီးကို မသိမီလိုက်ကြတဲ့ ကျောင်းသား လူငယ်လေးများက “အို...အဘိုး” လို့ မြည်တမ်းပြီး ရှစ်လေးလုံး အရေးတော်ပုံမှာ ပြည်သူတွေ သွေးချောင်းစီးခဲ့ပုံကို တိုင်တည်ခဲ့ကြပါတယ်။ ဒီလို ပြည်သူအပေါင်းက တန်ဖိုးထား လေးစားခံရတဲ့ ဆရာကြီးကို သတင်း စာဆရာအပေါင်း၊ စာရေးဆရာအပေါင်း၊ ကဗျာဆရာ အပေါင်းတို့ရဲ့ ဖခင်ကြီး၊ ငြိမ်းချမ်းရေး ဖခင် ကြီးလို့လည်း ဘွဲ့ချီးခေါ်ဝေါ်ကြပါတယ်။ နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးသမား အပေါင်းတို့ရဲ့ ဘိုးအေကြီးလို့ ခေါ်ကြပါတယ်။

ဆရာဇော်ဂျီက အိန္ဒိယပြည်မှာ စာဆိုကြီး ရာဘန္ဒြာနတ်တဂိုးက ပြည်သူတွေရဲ့ အမျိုးသား စိတ်ဓာတ်ကို လှုံ့ဆော် စုစည်းပေးခဲ့ပြီး ပဏ္ဏစ်နေရူးက လွတ်လပ်ရေးကို အကောင်အထည် ဖော်ပေးခဲ့တယ်။ တရုတ်ပြည်မှာ လူရွှန်းဆိုတဲ့ စာဆိုကြီးက အမျိုးသားစိတ်ဓာတ်ကို လှုံ့ဆော် စုစည်းပေးခဲ့ပြီး မော်စီတုန်းက လွတ်လပ်ရေးကို အကောင်အထည်ဖော်ပေးခဲ့တယ်။

ဗမာပြည်မှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အမျိုးသား ဇာတိမာန်ကို စုစည်း မြှင့်တင် ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးကို အကောင်အထည်ဖော် ပေးခဲ့တယ်လို့ မော်ကွန်း ထိုးခဲ့ပါတယ်။ စာဆိုကြီး မင်းသုဝဏ်ကတော့ “သခင်ကိုယ်တော်မှိုင်းသာ စာမဆိုခဲ့သော်” ဆိုတဲ့ ခေါင်းစီးနဲ့ စာတမ်းတစောင် ပြုစုပြီး မြန်မာစာပေသမိုင်း တခုလုံးရဲ့ အလင်းရောင်အဖြစ် အထွတ် အထိပ် တင်ခဲ့ပါတယ်။ သတင်းစာဆရာကြီး လူထုဦးလှကတော့ ဆရာကြီးရဲ့ ဘ၀သမိုင်းဟာ ခေတ်သစ်ဗမာပြည်ရဲ့ သမိုင်းပါပဲလို့ မှတ်တမ်းပြုခဲ့ပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးပါတီအဖွဲ့အစည်းဟူသမျှကို မျက်မုန်းကျိုးပြီး သမိုင်းမျက်ခြည်ပြတ်နေခဲ့ ပါတယ်။ အဖွဲ့အစည်းမရှိဘဲ “အား” မရှိနိုင်ပါဘူး။ ဘုရားဟောအရ “သမဂ္ဂနံတပေါ သုခေါ” လို့ အဆိုအမိန့် ရှိပါတယ်။ ဗမာလွတ်လပ်ရေးသမိုင်းမှာ တို့ဗမာအစည်းအရုံးခေါ် သခင်ပါတီဟာ အရေး အကြီးဆုံး အဖွဲ့အစည်းပါပဲ။ တို့ဗမာအစည်းအရုံးကြီးရဲ့ အဓိကခေါင်းဆောင်ဟာ သခင်မြ၊ သခင် အောင်ဆန်း၊ သခင်နု စတဲ့ သခင်တွေရဲ့ ခေါင်းဆောင်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ်၊ ရေနံချောင်း၊ တို့ဗမာအစည်းအရုံး ညီလာခံက စပြီး နာယကအဖြစ် ပါဝင်ဆောင် ရွက်ရင်း ဦးဆောင်လာခဲ့ပါတယ်။ စစ်ကြီးပြီးတော့လည်း ဆက်လက် ဦးဆောင်ပါတယ်။

ဒါကြောင့် စာရေးဆရာကြီးအနေနဲ့သာမက နိုင်ငံရေးခေါင်းဆောင်ကြီး အဖြစ်နဲ့ပါ သမိုင်းမှာ ကြီးမားတဲ့ ကဏ္ဍတနေရာ ယူထားပါတယ်။ စစ်အာဏာရှင်များက မသိယောင်ဆောင်နေပေမယ့် ပြည်သူတွေက ဆရာကြီးရဲ့ ကြီးမားထွန်းပြောင်တဲ့ ဂုဏ်ကျေးဇူးကို မမေ့ကြပါဘူး။ ဇူလိုင် (၂၃) ရက်နေ့ဆိုရင် ဆရာကြီး ကွယ်လွန်တာ (၄၄) နှစ်မြောက်နေ့အဖြစ် တပည့်သားမြေးအပေါင်းက သံဃာတော်များကို ဆွမ်းကပ်အပြီး အမှတ်တရ အခမ်းအနားများ ကျင်းပပေးလေ့ရှိကြပါတယ်။ နံနက်ပိုင်းစောစောမှာ ဆရာကြီးရဲ့ ဂူဗိမာန်ကို သွားရောက် ဂါရ၀ ပြုကြပါလိမ့်မယ်။

ဆရာကြီးနဲ့ ပတ်သက်တဲ့ ကိစ္စ အ၀၀ တာဝန်ယူဆောင်ရွက်လေ့ရှိတဲ့ ဂေါပကအဖွဲ့ ရှိပါတယ်။ ဆရာကြီးရဲ့ထံပါးမှာ ဆရာကြီးနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာပါဝင်ဦးဆောင် ခဲ့ကြတဲ့ သခင်နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာ သတင်းစာဆရာကြီးတွေ စသဖြင့် လူတန်းစား လူအလွှာ အမျိုးမျိုးက ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆရာကြီး ဈာပန ကော်မတီမှာ ပါဝင်ခဲ့ကြပြီး၊ ဈာပနပြီးတဲ့အခါ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆရာကြီးရဲ့ စာပေနဲ့၊ ဆရာကြီးရဲ့ နေအိမ် ထိန်းသိမ်းစောင့်ရှောက်ရေးကိုပါ ဆက်လက်တာဝန်ယူခဲ့ကြပါတယ်။ ကော်မတီဝင်တွေဟာ ခုတော့ အသက် (၉၀) တန်း၊ (၁၀၀) တန်းတွေ ရောက်တဲ့လူ ရောက်ပြီး တော်တော်များများ ကွယ်လွန်ကုန်ကြရှာပါပြီ။

ဆရာကြီးမှိုင်း ဂေါပက အဖွဲ့မှာ လူအင်အားဖြည့်တဲ့အနေနဲ့ ကျနော့်ကိုလည်း အဖွဲ့က ခေါ်ယူတာဝန်ပေး ခဲ့ပါတယ်။ အဖွဲ့ထဲက သခင်ဗအုန်း၊ ရှေ့နေကြီး ဦးထွန်းတင်၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေတို့ဟာ ကျနော် ပြည်ပရောက်တော့ တယောက်ပြီး တယောက် ကွယ်လွန်ကုန်ကြရှာပါပြီ။ ခုအခါ အသက် (၉၀) တန်းထဲက အဘ သခင်အုန်းမြင့်နဲ့ အဘ ၀ါးခယ်မ သခင်သိန်းမောင်တို့ (၂) ဦးပဲ ကျန်ပါတယ်။ ဆရာကြီးရဲ့ မြေး ကဗျာဆရာ တင်အောင်မှိုင်းကတော့ ကျနော်နဲ့ သက်တူ ရွယ်တူပါ။ ဆရာကြီးရဲ့ မြေးသမက် သန်းစိုးနိုင်ခေါ် ကိုခင်မောင်ဌေးနဲ့ ကိုတင်အောင်မှိုင်းတို့ပဲ လူငယ်အဖြစ်နဲ့ ထထကြွကြွ လုပ်နေကြပါတယ်။ အဖွဲ့ထဲက သခင်စိုးမြင့်လေးကတော့ သခင်ထဲမှာ အသက်အငယ်ဆုံးအဖြစ်နဲ့ ပါဝင်လုပ်ဆောင်နိုင်ဆဲ ဖြစ်ပါလိမ့်မယ်။ ဇူလိုင် (၂၃) မှာ ဆရာကြီးရဲ့ မြေးမြစ်တွေနဲ့အတူ ဂေါပကအဖွဲ့ကလည်း အိမ်ရှင်သဖွယ် ဧည့်ခံလေ့ရှိပါတယ်။

ကျနော် ပြည်ပမထွက်ခင်မှာ ဒီအခမ်းအနားကို အဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့လည်း တက်ရောက်လေ့ရှိပါတယ်။ သခင်ကြီးများ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ စာရေးဆရာ သတင်းစာဆရာများနဲ့ ကျောင်းသားခေါင်းဆောင်များလည်း တက်ရောက်လေ့ရှိကြ ပါတယ်။ ဆရာကြီးဟာ သခင်နု၊ သခင်အောင်ဆန်းတို့ ခွပ်ဒေါင်းတွေနဲ့ စပြီးတွဲခဲ့ရာက ကွယ်လွန် ချိန်အထိ ခွပ်ဒေါင်းအဆက်ဆက်နဲ့ အဆက်အသွယ် မပြတ်ခဲ့တာကို သတိပြုမိပါတယ်။

ဒီအစဉ်အလာအတိုင်း ဒီခေတ်ကျောင်းသားတွေကလည်း ဆရာကြီးနဲ့ ပတ်သက်သမျှကို မျက်ခြည် မပြတ်၊ ဖ၀ါးခြေထပ်လိုက်နေတာကို တွေ့ရတော့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေဟာ စစ်အစိုးရက သမိုင်းမျက်ခြည်ပြတ်ဖို့ ဘယ်လိုပဲ အားထုတ်ပေမယ့် မျက်ခြည်မပြတ်ပါကလားဆိုပြီး မျိုးဆက်သစ်တွေကို ကြည့်ရင်း ၀မ်းသာအားတက်ဖြစ်မိပါတယ်။

ဆရာကြီးရဲ့ အိမ်ဟာ သိပ်မကျဉ်းလှပါဘူး။ ဒါပေမယ့် ပျဉ်ထောင်တထပ်အိမ်ကလေးပါ။ ဆရာကြီး ကွယ်လွန်တဲ့နေ့ အထိမ်းအမှတ် နှစ်လည်ပွဲတိုင်း လာကြတဲ့ ဧည့်သည်တွေဟာ မနက်လင်း ကတည်းက ညနေထိ မစဲပါဘူး။ ဒီအထဲမှာ ခေါင်းဖြူစွယ်ကျိုး သခင်အဖိုးကြီးတွေပါသလို ကျောင်းသားလူငယ်တွေကလည်း မနည်းပါဘူး။ လူငယ်အများစုဟာ ဆရာကြီးကို မသိမီလိုက်ရုံမက မှိုင်းရာပြည့်ပွဲကိုတောင် မသိမီလိုက်ကြလို့ ဒီအကြောင်းတွေကို သိမီတဲ့ လူကြီးတွေထံမှာ ပုံပြင် နားထောင်သလို နားထောင်ကြပါတယ်။ ဒါကြောင့် ဒီလို လွတ်လပ်တဲ့ အခမ်းအနားတွေဟာ သမိုင်း မျက်ခြည်မပြတ်ရေးအတွက် အရေးကြီးပါတယ်။ သမိုင်းမျက်ခြည်ပြတ်စေချင်သူတွေကလည်း အလိုလို သွေးထဲသားထဲက စိမ့်ပြီး မျက်မုန်းကျိုးနေမှာပါပဲ။

နွေဦးအကြောင်းကို ဖော်ကျူးဖွဲ့နွဲ့ကြရမှာ “အဟောင်းအဟောင်းတို့ ကြွေလေရာ၊ အသစ်အသစ် တို့သည် အစားထိုးလေ့ ရှိကြသည့်အတိုင်း ရွက်ဟောင်းတို့ နေရာတွင် ရွက်သစ်တို့သည် အစားထိုး ပေါ်ထွက် ဖူးဝေလာလေ၏။” လို့လည်း ရေးလေ့ရှိပါတယ်။ သခင်ကြီးတွေ နေရာမှာ သခင်လေး တွေလည်း ပေါ်ထွက် ဖူးဝေလာမြဲပါပဲ။ မှိုင်းစာပေ၊ မှိုင်းစိတ်ဓာတ်ကို အမွေခံပြီး သမိုင်းအလှည့် အဆက်မပြတ်အောင် နည်းမျိုးစုံနှင့် ပြုလုပ်ကြမှသာ “လမ်းစဉ်လူငယ်” စိတ်ဓာတ်တွေ မှေးမှိန် ဆိတ်သုဉ်း သွားပါလိမ့်မယ်။

ခုအခါ ဆရာကြီးရဲ့ အိမ်ဟာလည်း သခင်အိုကြီးများလို ဖြူလျော် ဟောင်းအို ဆွေးမြည့်လာပါလိမ့် မယ်။ ဒီနေရာနဲ့ ဒီအိမ်ကို အမြဲသစ်လွင် ခိုင်မာနေအောင် စောင့်ရှောက်ဖို့ကိုလည်း လူငယ်တွေက လက်ဆင့်ကမ်း တာဝန်ယူ ရပါလိမ့်မယ်။ ဒါဟာ ဗမာပြည်သူတွေ အားလုံးရဲ့တာဝန်ပါပဲ။ ဒီကိစ္စ၊ ဒီတာဝန်၊ ဒီအမွေဟာ ရန်ကုန်သူ ရန်ကုန်သားတွေအဖို့ အထူးရရှိနေတဲ့ အခွင့်အရေးပါ။

ပြည်တွင်း ပြည်ပ တခြားနေရာမှာတော့ စာပေဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ နှစ်စဉ် ပြုလုပ်ပြီး မှိုင်းအမွေ၊ မှိုင်းစိတ်ဓာတ်တို့ကို ထိန်းသိမ်းကြရပါတယ်။ အမေရိကန် ပြည်ထောင်စု မှာဆိုရင် ဆရာကြီးမှိုင်း အနှစ် (၁၃၀) ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲတွေကို မြို့ကြီးတွေမှာ ပြုလုပ်ခဲ့ကြပြီး ဆရာကြီးအကြောင်း ဆရာကြီးတွေရဲ့လက်ရာကောင်းတွေနဲ့ လက်ရာသစ်အချို့ကို စုပေါင်းပြီး ဓူဝံစာပေဆိုတဲ့ စာအုပ်တိုက်တတိုက်က ထုတ်ဝေခဲ့ပါတယ်။ တာဝန်ခံစုဆောင်းသူ ကတော့ “မှိုင်းရာပြည့် အောင်စောဦး” ပါတဲ့။ တိုကျိုနဲ့ လန်ဒန်တို့မှာလည်း အထိမ်းအမှတ် ဟော ပြောတွေ ကျင်းပခဲ့တယ်လို့ ကြားလိုက်ရပါတယ်။

ဒီနေရာမှာ စပ်မိလို့ အမှတ်တရ ထည့်သွင်းပြောကြားချင်တာ တခုရှိပါတယ်။ ကျနော့်သူငယ်ချင်း ကဗျာဆရာ ကြည်အောင် ဆောင်ရွက်နေကျ မှိုင်းအမွေ ဖြန့်ချိရေး၊ အပြုအမူ တခုပါ။ သူက လူစုစုရှိလို့ စာပေစကားဝိုင်းကလေးတခု ဖြစ်သွားမိပြီဆိုရင် “ကဲ မင်းတို့အထဲက ဘကြီးမှိုင်းရဲ့ လေးချိုးတပုဒ်တလေ အလွတ်ရသူရှိရင် ထဆိုကွာ။ ငါက ငွေတထောင် ပူဇော်မယ်” လို့ နှိုးဆော်လေ့ရှိပါတယ်။

ကျနော်တို့ မျိုးဆက်ထိ ပြောရရင် ကျနော်တို့တတွေဟာ ဘကြီးမှိုင်း လေးချိုးကြီးတွေထဲက အထူးအရေးပါ ထင်ရှားသမျှကို တပိုင်းတစဖြစ်စေ အလွတ်ရကြပါတယ်။ ထုတ်ဖော် ကိုးကား နိုင်ကြပါတယ်။ ဘယ်တုန်းက ဘာကြောင့် ရေးခဲ့တာဆိုတာကိုလည်း မှတ်မိ သိရှိကြပါတယ်။ “မန်ကျည်းရွက်သတ် နဘေထပ်” လေးချိုးကြီးတွေကိုလည်း အတုယူရေးသားခဲ့ဖူးကြပါတယ်။ ခုခေတ်မှာတော့ အသံအသွားမှန်အောင် ဖတ်နိုင်သူတောင်ရှားပါတယ်။ ဒါကြောင့် ကဗျာဆရာ ကြည်အောင်လိုပဲဖြစ်ဖြစ်၊ စာဆိုတော်နေ့ ကဗျာ ရွတ်ဆိုပွဲတွေမှာပဲဖြစ်ဖြစ်၊ လေးချိုးကြီးတွေ ရွတ်ဆိုသင့်ကြပါတယ်။ ဆရာကြီးနှစ်လည်နေ့မှာ အထူးထင်ရှားတဲ့ လေးချိုးကြီးတွေ ရိုက်နှိပ်ဝေငှဖူးပါတယ်။ အများကြီးမဟုတ်တောင် နှစ်စဉ် (၃-၄) ပုဒ် ရိုက်နှိပ်ဝေငှနိုင်ရင် ကောင်းလေစွလို့ တမ်းတမိပါတယ်။

(၄၄) နှစ်မြောက် ဆရာကြီးကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့မှာ ဆရာကြီးကိုသာမက မှိုင်းအမွေ၊ မှိုင်းစိတ်ဓာတ် ထိန်းသိမ်းစောင့်ရှောက်ပေးနေကြတဲ့ သခင်ကြီးများနဲ့ ဆရာကြီးရဲ့ တပည့်မိတ်ဆွေ အပေါင်းကို အဝေးက ဂါရ၀ ပြုလိုက်ပါတယ်။

မောင်စွမ်းရည်

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး

Read this document on Scribd: International Criminal Court[1]

အပြည့်အစုံသို့ ...