နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Monday, May 10, 2010

ထိပ်တိုက်ရင်ဆိုင်မှုလမ်းကြောင်းကို ရွေးခဲ့ခြင်းအတွက် စစ်အစိုးရကို မစ္စတာ ကာ့တ်ကမ်းဘဲလ် ဝေဖန်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က သူ၏ နှစ်ရက်ကြာ ခရီးစဉ်အပြီး ရန်ကုန်မြို့မှ မထွက်ခွာခင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် အဓိကကျသောအတိုက်အခံ ခေါင်းဆောင် များနှင့် ညှိနှိုင်းမှု မရှိပဲ တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ကျင်းပရန် ဦးတည်ခဲ့မှု အတွက် ပြစ်တင် ဝေဖန် သွားခဲ့ပါသည်။
သူက ဆက်လက် ပြောပြရာတွင် ထိုသို့ ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၀ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ရရှိလိမ့်မည် မဟုတ်ဟုလည်း ပြောဆိုဝေဖန် သွားခဲ့ပါသည်။ ထို့အတွက် ရွေးကောက်ပွဲ မတိုင်ခင် အချိန်တွင် ပွင့်လင်းမြင်သာသော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် စစ်အုပ်စုကို တောင်းဆိုခဲ့ သည်ဟု လည်း သူက ပြောပြခဲ့ပါသည်။
သူ၏ နှစ်ရက်ခရီးစဉ်နှင့် ပတ်သက်၍ ပြောပြရာတွင် သူ့အနေနှင့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနှင့် သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး လူ့အခွင့်အရေးများကို ပိုမို လေးစားရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စစ်အုပ်စု ခေါင်းဆောင်များကို တောင်းဆို ခဲ့သည်ဟု ပြောပြ ခဲ့ပါသည်။ ၄င်းက ဆက်လက် ပြောပြရာတွင် စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ အရည်အချင်း ရှိသော ခေါင်းဆောင်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များကို ထောင်သွင်း အကျဉ်းချထားဆဲ ဖြစ်ရာ ပြည်သူလူထု များအတွက် တိုင်းပြည် အနာဂတ် အပြောင်းအလဲများကို ဖေါ်ဆောင်ရန် တွေဝေမှုများ ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
မြန်မာစစ်အုပ်စုသည် ပြည်သူလူထုများကို ထုတ်ဖေါ် ပြောဆိုရဲခြင်း မရှိအောင်နှင့် မိမိတို့ ဒေသများမှ ထွက်ခွာသွားအောင် လုပ်ဆောင်ခြင်းဖြင့် သူတို့၏ လုပ်ဆောင်မှုများကို မေ့ပျောက်သွား လိမ့်မည်ဟု ယုံကြည်နေပုံ ရသည်ဟု လည်းပြောပြခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုသည် သူ၏ မေတ္တာရပ်မှုများကို အလေးဂရု မပြုသည့်အချက်ကို ထောက်ပြပြောဆို သွားခဲ့သည်ဟု ပြောခဲ့ပါသည်။
ထို့အတူ တိုင်းရင်းသား လူမျိုးစုများ၏ လိုလားချက်များကို အလေးဂရု မပြုသည့်အတွက် တင်းမာမှုများ ပိုမို တိုးပွားလာသည့် အခြေအနေ ကိုလည်း ပြန်လည်တင်ပြသွားမည်ဟု ဆိုပါသည်။

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အပြည့်အစုံသို့ ...

ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများရဲ့ Signatuer Campaign စတင်

၅-၅-၂၀၁၀ နေ့က အဘဦးဝင်းတင်နဲ့ Other side အပါအ၀င် အင်အားစု တော်တော်များများ အစည်းအဝေး လုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘ ဦးဝင်းတင်ပြောတဲ့ လူထုကို အခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ အဲဒီ Campaignု အဘဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် ၇ နယ်က အင်အားစုများက ပါဝင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှု ကာလကို ၇-၅-၂၀၁၀ ကနေစပြီး ၇-၇-၂၀၁၀ (7 ဇူလိုင်နေ့ ) အထိ သုံးလတာ သတ်မှတ် ထားပါတယ်။ လှုပ်ရှားမှု စတင်တဲ့ ၇-၅-၂၀၁၀ နေ့မှာပဲ လက်မှတ်ပေါင်း သုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက် ခြောက်ချက်ရှိပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီး ခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်။
၂။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်။
၃။ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန။်
၎။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရန်။
၅။ ၁၉၉၀ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွန်းလာသော ပြည်သူ့ လွှတ်တော်များ အား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်။
၆။ NLD ပါတီကို တရားဝင် ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့ လက်မှတ်များကို ဘယ်ကိုမှ တင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကို ဦးဆောင်တဲ့ အဘဦးဝင်းတင် အပါအ၀င် အဖွဲ့ဝင်များက သိမ်းထားမှာ ဖြစ်ပြီးတော့ မကြာခဏ အနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှ ရရှိကြောင်း ကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့ NLD လူငယ်များ၊ Youth 109 ၊ ၂၀၀၇မျိုးဆက် ကျောင်းသားများ(ရန်ကုန်)နဲ့ အခြား ဒီမိုကရေစီရေး ဆောင်ရွက်နေသူ ပြည်သူအများ ပါဝင်ပါတယ်။ အဖွဲ့နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ လို့  ပေးထားပါတယ်။

ကိုဇော်မိုးအောင် မေးလ်မှ ပေးပို့ပါသည်

အပြည့်အစုံသို့ ...

Friday, April 23, 2010

မီတာဘောက်ကအစ နေပြည်တော်ပြာဿဒ် မီးလောင်စေသတည်း

လျပ်စစ်စွမ်းအားဝန်ကြီးဌာနက အခု ဧပြီလကစလို့ မီတာထိန်းသိမ်း စောင့်ရှောက်ခကို ငါးရာကျပ် ကနေ တစ်ထောင်ကျပ် အထိ နှစ်ဆတိုးပြီး ကောက်ခံ တဲ့အပေါ် မပေးဆောင် နိုင်ဘူးလို့ ရန်ကုန်တိုင်း အတွင်းက ဒေသခံ မီတာသုံးစွဲသူ တချို့က မီတာရုံး တာဝန်ရှိသူ တွေကို ဒီကနေ့ တင်ပြပြောဆို လိုက်ကြတာ ဖြစ်ပါတယ်။
သုံးခွမြို့နယ် မီတာရုံးကို သွားရောက် ပြောဆိုခဲ့တဲ့ ကိုယဉ်အေးက ခုလို ပြောပါတယ်။
“သုံးခွမြို့နယ်မှာ ကျနော်တို့ ဒီကနေ့မနက်ပဲ ၉ နာရီ ၄၅ လောက် အီးပီစီရုံးက အုပ်ချုပ်ရေးမှုး ဖြစ်တဲ့ ဗိုလ်ကြီးမြတ်လှိုင်နဲ့ သွားပြီးတွေ့တယ်၊ သွားပြီးတော့ မီတာ ထိန်းသိမ်းခ မပေးနိုင်ဘူး၊ အရင်တုန်းက ထိန်းသိမ်းခဲ့တာ တွေကိုလည်း ကျေးဇူးတင်တယ်၊ အခု ထိန်းသိမ်း ပေးစရာ မလိုဘူး၊ ကျနော်တို့ ဘာသာ ကျနော်တို့ မီတာကို ထိန်းသိမ်းမယ် ပြောတာကို အဲဒါကို သူတို့က လက်မခံဘူး၊ ဘယ်လိုလဲ ဆိုတော့ ကျနော်တို့ သုံးစွဲခပဲ ဆောင်မယ်၊ ထိန်းသိမ်းခကို မဆောင်နိုင်ဘူး လို့ပြောတာ၊ မဆောင်နိုင် လို့လားတဲ့၊ မဆောင်နိုင်လို့ မဟုတ်ဘူး ဆောင်နိုင်တယ်၊ ဒါပေမယ့် ဒီကိစ္စကို ကျနော်တို့ လုံးဝမဆောင်ဘူး၊ မဆောင်ချင်ဘူး၊ ကျနော်တို့ မပေးနိုင်ဘူးလို့ အဲဒီလို ပြတ်ပြတ်သားသား ပြောလိုက်တဲ့ အခါကျတော့၊ အဲဒါဆိုရင်တဲ့ မရပါဘူးတဲ့ ဒီငွေကြေး သုံးစွဲခကိုလည်း လက်မခံနိုင်ဘူးတဲ့၊ အထက်ကို ခင်ဗျားတို့ စာရေးတင်ပါတဲ့၊ ကျနော်တို့ စာရေးတင်စရာ မလိုဘူး၊ ခင်ဗျားတို့ ဆက်ပြီး ရှင်ပြပေးပါလို့၊ ကျနော်တို့က တကယ်လို့ မီတာသုံးစွဲခကို မယူဘူးဆိုရင် သက်သေသက္ကာယနဲ့ ကျနော်တို့ အထောက်အထားနဲ့ လူ ၅ဝ လောက် လက်မှတ် ထိုးပြီးတော့ အထက်ကို တင်ပြမယ်၊ တင်ပြတာကို မလုပ်ဘူးဆိုရင် ကျနော်တို့ လုပ်စရာရှိတာ တိုင်စရာရှိတာ ဆက်တိုင်မယ် ပေါ့နော်၊ နောက်ဆုံးမှ မရဘူး ဆိုရင်တော့ဗျာ ရည်ရွည်ချက် ကတော့ ကျနော်တို့ အားလုံး မီတာအလုံး ၁ဝဝ လောက် မသုံးစွဲပဲနဲ့ အမှောင်ထဲမှာ နေကြမယ်၊ အကုန်လုံး အဲဒီလို မသုံးစွဲပဲနဲ့။”
မီတာခပေးဆောင်တာကို တာဝန်ရှိသူက လက်မခံတာသာ ဖြစ်ကြောင်း၊ မီတာ ထိန်းသိမ်း စောင့်ရှောက်ခ ကျပ်တထောင် ကိုသာ မပေးနိုင်တာ ဖြစ်ကြောင်း အထက်ကို တင်ပြ ပေးပါလို့ ပန်ကြားခဲ့တယ် လို့လည်း သူက ပြောပါတယ်။ မီတာပုံးကို ဖြုတ်မယ်ဆို ရင်တော့ တရားစွဲမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ခရမ်းမြို့မှာလည်း မီတာ ထိန်းသိမ်း စောင့်ရှောက်ခ မပေးနိုင်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ခရမ်းမြို့ခံကိုမင်းသိမ်းက ပြောပါတယ်။
“ကျနော်တို့က မနေ့က တခါ လုပ်ကြည့် သေးတယ် ဗိုလ်ကြီးလာမှ ရှင်းပါပေါ့၊ ဗိုလ်ကြီး ကလည်း မလာဘူး၊ ဒီနေ့တခါ သွားတယ်၊ ဒီနေ့ ကျနော်တို့ ၁၁ နာရီ လောက်က သွားတာ ၁၁ နာရီ ၁၅ လောက်ကနေ စပြီး စောင့်နေတယ်ဗျာ၊ မီတာ ထိန်းသိမ်းခ မပေးနိုင်ဘူး၊ သုံးစွဲတဲ့ ယူနစ်ဘိုးပဲ ပေးမယ်၊ ဗိုလ်ကြီးလည်း မရှိဘူးတဲ့ ကျန်တဲ့ ဘဏ္ဍာ ရေးမှုးလည်း မရှိဘူးတဲ့ ဘယ်သူမှ မရှိဘူးပေါ့၊ အမှန်က ရှိတယ် သူတို့ ပုန်းနေတာ၊ ကျနော့်ကို ကြောက်လို့ ပုန်းနေတာ၊ အဲဒါ ကျနော်တို့က ချွန်ပြီး မပေးနိုင်ဘူးလို့၊ မြန်မာပြည်မှာ မီတာ အလုံးပေါင်း ၈ သန်းလောက် ရှိတယ်၊ တလုံးကို တစ်ထောင် ဆိုတော့ သန်း ၈ ထောင်ပေါ့၊ သန်း ၈ ထောင်ရဲ့ ကိုယ်စားပါ ကျနော်တို့က လုပ်ရတာ။”
သူတို့တတွေရဲ လုပ်ဆောင်ချက်ဟာ အိန္ဒိယနိုင်ငံက အကြမ်း မဖက်ခေါင်းဆောင် မဟတ္တမ္မဂန္ဓီ ဗြိတိသျ ကိုလိုနီ အစိုးရအပေါ် သုံးစွဲခဲ့တဲ့ ဆားခွန် မပေးရေး ဆန္ဒပြ မှုပုံစံ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ အာဏာပိုင်ရဲ့ တရားစွဲ ထောင်ချခံရမှာ မစိုးရိမ် ဘူးလားလို့ မေးမြန်းရာမှာ ကိုယဉ်အေး က ကခုလို ဖြေဆို သွားပါတယ်
“ဘယ်လိုလုပ်မလဲဆိုတော့ အရေးယူချင်ရင်လည်း ယူဗျာ ကျနော်တို့ ဒီမှာ အဝတ်အစား သုံးစုံ ထည့်ထားတယ်၊ အနွေးထည် တစ်ထည် ထည့်ထားတယ်၊ အချိန်မရွေး ကျနော်တို့ကို လာဖမ်း၊ ကျနော်တို့က လိုက်သွားမှာ မထူးတော့ဘူး၊ ကျနော်တို့ ဒီဟာမှ ပြည်သူလူထု အတွက်ရော ကိုယ့်ရဲ့ အခွင့်အရေး အတွက်ရော ကျနော်တို့ ဒီလိုပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မှကို ရတော့မှာ မို့လို့၊ ဘာဖြစ်လို့လဲဆို ကျနော်တို့ ငြိမ်ခံ ခဲ့တာလည်း သမိုင်း တောက်လျှောက်က နှစ် ၄ဝ ကျော်သွားပြီ၊ အခု ကျတော်တို့ ဒီအထိ ဆက်မခံနိုင်ဘူး၊ ကျနော်တို့ သားသမီးတွေ မြေးတွေမြစ်တွေ အထိ ကျနော်တို့ မခံစားနိုင်ဘူး၊ အဲဒီတော့ ကျနော်တို့က လူမိုက်ဆန်ဆန် ပြောမဟုတ်ဘူး၊ ကျနောတို့ရဲ့ ဘဝတွေရာ၊ ကျနော်တို့ သားသမီးတွေ ဆွေစဉ်မျိုးဆက်ပါ ခံစားရမှာ၊ ဒါကြောင့်မို့လို့ ကျနော်တို့ကို ဖမ်းရင်လည်း အစဉ်သင့်ပါပဲလို့၊ ကျနော်တို့ အမှန်တရား အတွက်ကိုတော့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မှာပဲ။”

မှီငြမ်း ဒီဗွီဘီရေဒီယို ၂၃ရက် သတင်း

အပြည့်အစုံသို့ ...

နအဖ ခိုင်းတဲ့အတိုင်း ပြည်သူ့စစ် မဖွဲ့နိုင်ဘူးလို့ မွန်ပြည်သစ်ပြော

၂ ရက်ကြာ ကျင်းပခဲ့တဲ့ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးအပြီး ဒီနေ့ ညနေ ၄ နာရီက မွန်နယ်စပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောဆိုခဲ့တာပါ။
“နိုင်ငံတော်ကချပေးတဲ့ ပြည်သူ့စစ်ပုံစံကို လက်ခံ-မခံ အဖြေပေး ရမည်ဟု ဗိုလ်ချုပ်ကြီး ရဲမြင့်က ဆိုခဲ့ပါသည်၊ ဤကိစ္စနဲ့ ပတ်သက်ပြီး ၃-၈-၂ဝဝ၉ ရက်နေ့ စာအမှတ်-ဝ၅၅၁၄ ဗဟ-ဝ၉ စာပါဖြင့် အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင် စပ်ကြား တပ်ဖွဲ့များ အသွင်ပြောင်းရေး လက်ခံရန် များစွာ အခက်အခဲ ရှိပါသည်၊ တပ်ဖွဲဝင်များ မွန်မျိုးချစ် ပြည်သူများ အနေဖြင့် လက်ခံလိုသော ဆန္ဒမရှိပါ။”
မွန်ပြ့ည်သစ်ပါတီ ပြောခွင့်ရသူ နိုင်ခြေးမွန် ရှင်းလင်းသွားတာပါ။ ဒေသခံ ပြည်သူ့စစ် အသွင် မပြောင်းဘူးလို့ ဆုံးဖြတ်ခဲ့ ကြတာကို မနေ့ကဘဲ အရှေ့တောင် တိုင်းမှုးဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မွန်ပြည်သစ် ပါတီ ဘက်ကတော့ ငြိမ်းချမ်းရေး ကို မပျက်ပြား လိုဘူးလို့ နိုင်ခြေးမွန်က အခုလို ဆက်ပြော ပါတယ်။
“အပစ်ခတ်ရပ်စဲရေး ရယူစဉ်က သက်ဆိုင်ရာ နိုင်ငံအကြီးအကဲမှ သဘောထား ပေးထားသည့် အတိုင်း နိုင်ငံရေး ကိစ္စများကို နောက်တက်လာမည့် ဒီမိုကရေစီ အစိုးရနှင့် ညှိုနှိုင်း ဆွေးနွေး လိုပါသည်။”
တကယ်လို့ နအဖဘက်က အတင်းအကျပ် လုပ်လာမယ်ဆိုရင် မွန်ပြည်သစ်က ပြန်တိုက်မှာလား ဆိုတဲ့ အမေးကိုတော့ နိုင်ခြေးမွန်က အခုလို ဖြေဆိုပါတယ်။
“တကယ်လို့အစိုးရက အတင်းအကျပ် ဖွဲ့စည်းခိုင်းမယ်ဆိုရင်၊ အကျပ်ကိုင် မယ်ဆိုရင်တော့ ကျနော်တို့က ကျနော်တို့ ကိုယ်ကို ပြန်လည်ပြီး ကာကွယ်တဲ့ အနေနဲ့တော့ ပြန်တိုက်တာတို့ လုပ်သွားရမှာပေါ့၊ လောလောဆယ် အနေအထား အရဆိုရင်တော့ ကျနော်တို့ အနေနဲ့ ကတော့ တချို့ ရုံးတွေကို သွားပြီးတော့ ပြောင်းရွေ့ ထားပါတယ်။”
ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဖါးအံ မြဝတီ ရေး စတဲ့ မြို့အသီးသီးက မွန်ပြည်သစ် ပါတီရုံးတွေကို ပိတ်ထားလိုက်ပြီး ပြောင်းရွေ့ တာတွေလဲ လုပ်ပြီးပြီလို့ သိရှိရပါတယ်။

ဒီဗွီဘီရေဒီယိုမှ

အပြည့်အစုံသို့ ...

ဗုံးဖောက်ခွဲသူကို ဖမ်းမိထားကြောင်း ပြည်တွင်းထုတ်ဂျာနယ်တွင် ဖော်ပြ


ပြီးခဲ့သည့် ဧပြီ (၁၅) ရက်နေ့က ကန်တော်ကြီး X20 မဏ္ဍပ်စင်အနီး ဗုံး (၃) လုံးပေါက်ကွဲမှု ဖြစ်ပွားရာ ဗုံးဖြင့်ပစ်သူကို အာဏာပိုင်များက ဖမ်းမိထားကြောင်း ယနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ (၅) တွင် ဖော်ပြထားသည်ဟု ဖတ်ရှုရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “လျှပ်တစ်ပြက်မှာ ဗုံးခွဲသူကို ချက်ချင်း ဖမ်းမိတယ်လို့ ရေးထားတယ်။ ဒါပေမယ့် အစိုးရက ဗုံးခွဲသူ (၂) ယောက်ကို တွေ့ရင် သတင်းပေး၊ ဆုငွေ (၁ဝ) သိန်းပေးမယ် ဆိုပြီးလည်း နေရာတကာမှာ ကြေညာထားတယ်။ နောက် ဗုံးခွဲသူကို မိထားပါလျက်နဲ့ ဘာသတင်း ထုတ်ပြန်တာမှ မလုပ်ဘူး။ ဒါတင်မက သတင်းစာထဲကနေ အတိုက်အခံ အင်အားစုတွေကို ဗုံးခွဲမှုနဲ့ပဲ ဆက်စပ် ပတ်သက်သယောင်ယောင် အမျိုးမျိုး လျှောက်ရေးနေတယ်။ သေချာတာကတော့ အစိုးရဟာ အခုဗုံးခွဲမှုနဲ့ ပတ်သက်ပြီး လုံးဝရိုးသားမှုမရှိဘူး” ဟု ပြောသည်။

အဆိုပါသတင်းတွင် “သင်္ကြန်မှာ ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဗုံးပေါက်ခွဲသူသည် လက်ပစ်ဗုံးဖြင့် မဏ္ဍပ်ပေါ်သို့ ပစ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတဦးက လျှပ်တစ်ပြက်သို့ ပြောကြားသည်ဟု ဖော်ပြထားသည်။

သင်္ကြန်တွင် ဗုံးဖောက်ခွဲခဲ့သူသည် ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသော လက်ပစ်ဗုံးများကို X20 မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ၊ ဝပ်” ဟု ပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

အခြား ရန်ကုန်မြို့ခံတဦးက “အာလုံးက ထင်မြင်နေသလို စစ်အစိုးရကပဲ လုပ်ကြံဖောက်ခွဲတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဗုံးခွဲသူကို ဖမ်းမိထားပေမယ့် လုံးဝကို ထုတ်ဖော်မကြေညာတာ။ မကြာခင် ဒီ ဖမ်းဆီးရမိထားမှုကို တခြား သူတို့လိုချင်တဲ့ အဖြေတခုခု ဖြစ်အောင် လုပ်ကြံဖန်တီးလာနိုင်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက စစ်အစိုးရသည် တရားခံကို ဖမ်းမိပြီဆိုပါက ဖမ်းမိထားကြောင်း၊ အမှုမှန်ကို ဆက်လက်ဖော်ထုတ်နေကြောင်း စသဖြင့် ရိုးရိုးသားသား ကြေညာသင့်ကြောင်း ပြောသည်။

၎င်းက “ခုတော့ လုံးဝ မရိုးသားဘူး။ အရင် (၅) လောင်းပြိုင် လူသတ်မှုအပါအဝင် ဗုံးဖောက်ခွဲမှု များစွာမှာလည်း ခုလိုပဲ တရားခံတွေ ထုတ်ပြတာ မရှိခဲ့ဘူး။ သတင်းစာရှင်းလင်းပွဲတွေမှာ မေးရင်လည်း အမေးမခံဘူး” ဟု ပြောသည်။

ဗုံးခွဲမှုနှင့်ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ်တွင် ယခုကဲ့သို့ ရေးသားချက်၊ စာပေစိစစ်ရေး၏ ခွင့်ပြုချက်၊ စစ်အစိုးရပိုင် သတင်းစာရေဒီယိုများက သတင်း ထိန်ချန်ထားမှု စသည့်တို့အပေါ် ရန်ကုန်မြို့ခံများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Sunday, April 18, 2010

မြစ်ဆုံရေကာတာ စီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီး ၀န်းကျင်တွင် ယနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက် အဦးနှင့် တရုတ် လူမျိုး ပညာရှင်များ နေထိုင်သည့် နေရာများတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ကချင် သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်း ဧရာဝတီ သို့ ပြောသည်။

တရုတ်ပညာရှင်များ ရေးဆွဲထားသည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဝေဟင်မှမြင်တွေ့ရပုံ (ဓာတ်ပုံ - စိန်ဌေး)

“အလုပ်သမားတွေ နေတဲ့ နေရာတော့ မပါဘူး၊ စီမံကိန်း အုပ်ချုပ်တဲ့ ရုံးတွေ၊ ဂိုဒေါင်တွေမှာ ပေါက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲ မှုတွင် သေဆုံးသူ လေးဦး ခန့် ရှိပြီး ထိခိုက် ဒဏ်ရာ ရမှု များလည်း ရှိသည်ဟု ကိုနော်ဒင်း က ပြောသည်။

မြစ်ကြီးနားမြို့ခံ တဦးက “ဗုံး ၇လုံး ပေါက်တယ်၊ ကားနှစ်စီး ပျက် တယ်” ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းသို့ ဆက်သွယ် မေးမြန်း သော်လည်း လုံခြုံရေး အရ မဖြေဆိုနိုင် ကြောင်း ငြင်းဆိုခဲ့ သည်။

စုစုပေါင်း ဗုံး အရေအတွက်မှာ ၃၉ လုံးခန့် ဖြစ်ကြောင်း၂၇ လုံးမှာ ပေါက်ကွဲခဲ့ပြီး ၁၂လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း အတည် မပြုနိုင်သော သတင်းများ အရ သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အေးရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး (ဓာတ်ပုံ - ကချင် သတင်းစဉ်)

မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းကို စစ်အစိုးရ ၏ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည် ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်း တို့မှ ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ပြီး စီမံ ကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က လူထု အစည်းအ၀း ခေါ်ယူ၍ ငြင်းဆန် ထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် စစ်အစိုးရက KIO အဖွဲ့ အပေါ်တွင် အပြစ်ရှာခြင်း လည်းဖြစ်နိုင်ကြောင်း ကိုနော်ဒင်းက သုံးသပ်သည်။

ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်ရှိ အေးရှားဝေါလ် ဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်း နယ်စပ်သတင်းများ အရသိရသည်။

ဧရာဝတီမှ

အပြည့်အစုံသို့ ...

Thursday, April 8, 2010

သန်လျင်မှာ လူသေတောင် မသက်သာ

သန်လျင်မြို့မှာ ထူးခြားဖြစ်စဉ်တစ်ခုကြောင့် လူတော်တော်များများ စိတ်လှုပ်ရှား နေပါသည်..။ ဖြစ်ပွားပုံမှာ.. သန်လျင်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲထောင်တွင် ထားသော ရုပ်အလောင်းများမှာ ထူးခြား ဆန်းကြယ်စွာဖြင့် လက်များ၊ ပေါင်များတွင် ကုတ်ဖဲ့စားသောက် ထားသည့် အနေအထား မျိုးဖြင့် ပျက်စီး နေသည်မှာ ယခုသတင်း ရရှိသော အချိန်အထိ အလောင်း (၁၈) လောင်းခန့် ထိုသို့ ဖြစ်ပွားလျက် ရှိပါသည်။ တာဝန်ရှိသူများ ကလည်း အထူးစောင့်ကြပ်လျက် ဂရုစိုက် စောင့်ရှောက် နေသော်လည်း ဆက်လက်၍ ဖြစ်ပွားလျက် ရှိနေပါသည်..။
၎.၄.၂၀၁၀ နေ့ညတွင်လည်း အလောင်း နှစ်လောင်းကို ထားရှိရာ၊ တစ်လောင်းမှာ နားရွက် တစ်ဖက် ပျက်စီးလျှက် ရှိပြီး.၊ နောက်တစ်လောင်းမှာ ပေါင်သားများ ပျက်စီးလျှက် ရှိနေပါသည်။
ထိုသို့ ပျက်စီးသွားသော ရုပ်အလောင်းများထဲမှ အချို့သော ပိုင်ရှင်များမှ ဆေးရုံ အုပ်ချုပ်သူများအား တရားစွဲဆို ထားကြောင်းကိုလည်း ကြားသိရပါသည်။ ထို့ကြောင့် ၅.၄.၂၀၁၀ နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိ သူများမှသန်လျင် ဆေးရုံကြီးသို့ရောက်ရှိလာပြီး မြို့နယ် တာဝန်ခံများကို ယခုအမှုအား အမြန်ဖော်ထုတ်ပေးရန် ဆူပူ ကြိန်းမောင်းလျက် ရှိသည်ကို တွေ့ရှိရသည်ဟု မျက်မြင် တစ်ဦးက ပြောပြပါသည်။
ထိုညတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင် အထူးဂရုစိုက် စောင့်ကြပ် နေပါသော်လည်း ၅.၄.၂၀၁၀ ညတွင်လည်း အလားတူ အဖြစ်အပျက် ထပ်မံကြုံတွေ့ ရပြန်ကြောင်း မြို့ခံများမှ တဆင့် သိရပါသည်။
ထိုသို့သော ဖြစ်ရပ်များအတွက် မြို့ခံများအနေဖြင့် သို့လောသို့လော ထင်မြင်ချက်မျိုးစုံဖြင့် လူများအကြား ထိတ်လန့်ဖွယ်ရာ တစ်ခုအဖြစ် လူပြောများလျက် ရှိပါသည်။
ပည်တွင်းက ပေးပို့လာသော သတင်းဖြစ်ပါသည်။

ကိုဇော်မိုးအောင်(ကိုရီးယား)မေးလ်မှပို့လာပါသည်။

အပြည့်အစုံသို့ ...

Friday, September 25, 2009

ငါးထောင်တန် ငွေစက္ကူများ မြန်မာနိုင်ငံတွင် ထွက်ရှိ

အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်များ ထုတ်လုပ် ဖြန့်ဝေတော့မည် ဖြစ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက မနေ့ည(၂၄-၉-၀၉) သတင်း တွင် ကြေညာသွားသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက် ကို မြန်မာ့ ရုပ်မြင်က ထုတ်လွှင့် သွားရာတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြည်သူ လူထု အတွင်း လည်ပတ် သုံးစွဲ သွားမည် ဖြစ်ကြောင်း နှင့် ငွေစက္ကူတွင် ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားသည်။

ထင်မှတ်ထားခြင်း မရှိသော ကြေညာချက် ကြောင့် လူအများ အုတ်အော်သောင်း နင်း ဖြစ်ကုန်ပြီး ကုန်ဈေးနှုန်းများ အဆမတန် တက်တော့ မည်ဟု စိုးရိမ် ကုန်ကြ သည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်က ပြောသည်။

အပြည့်အစုံသို့ ...

Saturday, September 19, 2009

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးသာ ပါဝင်သေး

မနေ့က (၁၈-၉-၀၉)ရက် သောကြာနေ့တွင် လွတ်မြောက်လာသော အကျဉ်းသားများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးသာပါဝင်သေးသည်။ ၎င်းတို့မှာ …..

၁။ မအိမ့်ခိုင်ဦး(အင်းစိန်)
၂။ ဦးတင်မြ(အင်းစိန်)
၃။ ကိုညီညီမင်း(ဘူးသီးတောင်)
၎။ ကိုကျော်ကျော်သန့်(အင်းစိန်)
၅။ မုံရွာအောင်ရှင်(ခ) ဦးအေးကြူ(အင်းစိန်)
၆။ ဦးနိုင်းနိုင်း(အင်းစိန်)
၇။ မတင်တင်မြင့်(အင်းစိန်)
၈။ မသန်းသန်းဌေး(အင်းစိန်)
၉။ မသန်းသန်းဆင့်(မန္တလေး)
၁၀။ မတင်တင်စိုး(အင်းစိန်)
၁၁။ မကြည်ကြည်မင်း(အင်းစိန်)
၁၂။ ကိုဇော်ထွဋ်အောင်(ကလေး)
၁၃။ ဦးတင်မျိုးထွဋ်(ခ)ဦးကျော်ဦး(အင်းစိန်)
၁၄။ ဦးဝင်းမြင့်(အင်းစိန်)
၁၅။ ဦးကျော်မောင်(မြစ်ကြီးနား)
၁၆။ ဦးနေဝင်း(မြစ်ကြီးနား)
၁၇။ ဦးကြည်လင်း(မြစ်ကြီးနား)
၁၈။ ဦးစိုးဝေ(ခ)ဦးသန်းဇော်(မြစ်ကြီးနား)
၁၉။ ရှင်စန္ဒောဘာသ(အင်းစိန်)
၂၀။ ကိုအောင်ကြီး(အင်းစိန်)
၂၁။ ဒေါ်မီမီစိန်(အင်းစိန်)
၂၂။ ဦးစိုးဟန်(လားရှိုး)
၂၃။ ဦးဘိုကြီး(ပဲခူး)
၂၄။ ဒေါ်ခင်ခင်လေး(ပဲခူး)
၂၅။ ဦဖေတင်(ပဲခူး)
၂၆။ ဦးတင်မြင့်
၂၇။ ဒေါ်ဇင်မာထွေး(မော်လမြိုင်)
၂၈။ ကိုမိုးလှိုင်(မော်လမြိုင်)
၃၉။ ကိုမိုးလွင်(မော်လမြိုင်)
၃၀။ ကိုမျိုးမင်းလွင်(မော်လမြိုင်)
၃၁။ မဌေး(ခ)မစန်းစန်းမြင့်(အင်းစိန်)
၃၂။ ကိုသက်ဦး(တောင်ငူ)
၃၃။ ဦးပန္နိတ(ခ)ဦးမြင့်အေး(တောင်ငူ)
၃၄။ ကိုဇော်ထွန်း(တောင်ငူ)
၃၅။ ကိုဘိုဘို(မြင်းခြံ)
၃၆။ မစန္ဒာ(မြင်းခြံ)
၃၇။ ကိုပြည့်ဖြိုးအောင်(ဖားအံ)
၃၈။ ဦးဝဏ္ဏစိုး(ဖားအံ)
၃၉။ ဦးဘချစ်(သာယာဝတီ)
၄၀။ ကိုအေးမင်းမင်း(သာယာဝတီ)
၄၁။ ကိုထွန်းထွန်း(သာယာဝတီ)
၄၂။ ကိုရွှေသာ(သာယာဝတီ)

အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသား ၂၅၀ လောက် လွတ်ငြိမ်းချမ်းသားခွင့်တွင် ပါဝင်သည်ဟု ကြောညာထားသော်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး ၄၂ ယောက်သာ လွတ်သေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) မှ မနေ့က သတင်း ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့ ...

Friday, September 18, 2009

အကျဉ်းသား ၇၁၁၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ၊ နိုင်ငံရေးသမား ပါမပါ မသေချာသေး


နိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည်။ သို့သော်လည်း ထိုအထဲတွင် နိုင်ငံရေးအရ ထိန်းသိမ်း ခံနေရသူများ ပါဝင်မှု ရှိမရှိ မသိရသေးပါ။



အစိုးရ ရုပ်မြင်သံကြားက ယနေ့ညနေပိုင်းတွင် လွတ်ငြိမ်း ချမ်းသာခွင့် သတင်းကို ကြေညာခြင်း ဖြစ်သည်။ ကောင်းမွန်စွာ နေထိုင်မှုကြောင့် လည်းကောင်း၊ လူသားချင်း စာနာမှု ရှုထောင့်မှ လည်းကောင်း လွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ နှင့် လူ့အခွင့်အရေး အဖွဲ့များက မြန်မာ ပြည်တွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ထက်မက ရှိသည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း အစိုးရကမူ ထိန်းသိမ်း ခံရသူ အားလုံးမှာ ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ပြောသည်။

ပြန်လွတ်လာသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရပေ။ ယခင်က အစုလိုက် အပြုံလိုက် လွှတ်စဉ် ကလည်း နိုင်ငံရေး အကျဉ်းသား လက် တဆုပ်စာ သာ ပါခဲ့သည်။ ပြန်လည် လွတ်မြောက် လာသူတို့က ဒီမိုကရေစီ အရေး လှုပ်ရှားသူ အဖွဲ့များကို အကြောင်းကြား ပါက ထိုအဖွဲ့များမှက ၎င်းတို့ လွတ်မြောက် လာကြောင်း ကြေညာကြသည်။

ဤနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသားမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဒေါ်စုသည် နေအိမ် အကျယ်ချုပ် ကျနေသည်။

အစိုးရက အရေးပါသည့် နေ့များတွင် ရာဇ၀တ်သား အများစု ပါဝင်သည့် လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေ့ ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လက အကျဉ်းသား ၆၃၁၃ ဦး ပြန်လွတ်လာရာ နိုင်ငံရေးသမား ၂၀ ခန့်သာ ပါဝင်သည်။ အကျဉ်းသားများ အား လွှတ်ပေး ခြင်းမှာ ယနေ့တွင် အစပြုခြင်း ဟုတ်မဟုတ် မသိရပါ။

မနက်ဖန် သောကြာနေ့သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုကို နှိပ်ကွပ်ပြီး အာဏာ သိမ်းခဲ့သည့် ၂၁ နှစ်မြောက် နှစ်လည်နေ့ ဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သွားရောက်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မိုးမခမှ


အပြည့်အစုံသို့ ...

Tuesday, August 11, 2009

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို ခန္တီးထောင်သို့ပြောင်း

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို အာဏာပိုင်များက စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်သို့ ပြီးခဲ့သော တနင်္ဂနွေနေ့က ပြောင်းရွှေ့ လိုက်သည်။


စုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က “ ကျမ စုံစမ်းလိုက်တာ ခန္တီးထောင်ကို ၆ရက်နေ့က ရောက်သွားတယ်၊ ဘာကြောင့် ပြောင်းတာလဲ ဆိုတာ ကျမ ကလေးထောင်ကို ဖုန်းဆက် မေးတော့ သူ့တို့ဘာမှ ဖြေကြားပိုင်ခွင့် မရှိ ဘူးလို့ ပြောတယ်၊ ပြောင်းတယ် မပြောင်းဘူး ဆိုတာကို အတိအကျမပြောဘူး” ဟုပြောသည်။

ယခု လဆန်းပိုင်းတွင် ခန္တီး အကျဉ်းထောင်သို့ သွားရောက်ရန် စီစဉ်ထားသည် ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးသည် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ် ထားသည့် သီချင်းတပုဒ်ကို သီဆိုခဲ့သည့် အတွက် ကလေးထောင်တွင် ၃ ရက် တိုက်ပိတ် ခံခဲ့ရသေးသည်။

မစုစုနွေး၏ ကျန်းမာရေး ဆိုးရွား၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရသည့် ပြီးခဲ့သော မတ်လတွင် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က သူမ၏ ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးရန် မြန်မာ ပြည်ထဲရေး ၀န်ကြီးထံသို့ စာရေးသား ပေးပို့ တောင်းဆိုခဲ့သည်။

မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မစုစုနွေးသည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် လုပ်အားပေး ခိုင်းစေသည့် ရပ်ကွက် အာဏာပိုင်များကို တရားစွဲဆိုရာမှ ထင်ရှားသည့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်လာသည်။

ထိုသို့ တရားစွဲခဲ့ရာတွင် အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည် စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာ လတွင် ပထမ အကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။
ဧရာဝတီမှ

အပြည့်အစုံသို့ ...

MRTV ဒေါ်အောင်ဆန်းစုကြည်သတင်း 11-8-09


ကိုဖိုးတရုတ်မှ

အပြည့်အစုံသို့ ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်သည်။

ဒီနေ့ ၁၁ရက်၊သြဂုတ်လ၊၂၀၀၉ခုနှစ်တွင် အင်းစိန်ထောင်အတွင်းရှိ နအဖ အထူး တရားရုံး က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးချုပ် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှု ကျူးလွန် သည်ဟု နအဖ အထူး တရားရုံးက ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည် ဟု အင်းစိန်ထောင် အတွင်းရှိ နအဖ အထူးတရားရုံး က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ် ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်ခြင်းအတွက် လျော့ပေါ့  ပြစ်ဒဏ် အဖြစ် ထက်ဝက် လျော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲကျခံရန် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆုံးဖြတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူး အမိန့်ကြောင့် ထောင်ဒဏ် ၃ နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်း ဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ ထောင်ဒဏ်အဖြစ် ရှိနေမည် ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ကိုမူ ထောင်ဒဏ် ၇ နှစ် ကျခံရန် အမိန့်ချ လိုက်သည်ဟု ပြည်တွင်း သတင်း ရပ်ကွက်များက ပြောဆို နေကြ ပါသည်။

အပြည့်အစုံသို့ ...

Thursday, August 6, 2009

စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍ မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး


မြန်မာ နိုင်ငံတွင် တိုင်းရင်းသား ပြဿနာ များကို စစ်ရေး နည်းဖြင့် ဖြေရှင်း နိုင်မည် မဟုတ် သကဲ့သို့ ယင်းသို့ ဖြေရှင်း ပါက စစ်မှန်သော ငြိမ်းချမ်းရေး ကိုလည်း ရရှိနိုင် လိမ့်မည် မဟုတ် ကြောင်း မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က နအဖ စစ်အစိုးရ အား သတိပေး လိုက်သည်။

သြဂုတ် (၅) ရက်၌ ကျရောက်သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေး နေ့တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌက ၎င်း၏ သဝဏ်လွှာ မိန့်ခွန်းတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၎င်း၏မိန့်ခွန်းတွင် မွန်ပြည်သစ် ပါတီသည် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ သည်မှာ (၁၄) နှစ်ကျော်ခဲ့ သော်လည်း မွန် အမျိုးသားတို့ ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီး နိုင်ရေး အတွက် တိုက်ပွဲဝင် ရာတွင် အောင်မြင်မှု မရရှိ သေးကြောင်း ဝန်ခံထား သည်။


ထို့အပြင် စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက် လာရေးအတွက် အဖွဲ့အစည်း အများစုက ဆောင်ရွက် နေကြ သော်လည်း အာဏာရ စစ်အစိုးရက ယခုအချိန် အထိ လက်ခံခြင်း မရှိသေးကြောင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် တိုင်းရင်းသား အဖွဲ့ အစည်းတို့ စည်းလုံး ညီညွတ်မှု အားနည်း နေခြင်းကြောင့် လိုအပ်သည့် အောင်ပွဲဆီ မရောက်ရှိခြင်း ဖြစ်ကြောင်း တို့ကိုလည်း ဖော်ပြထားသည်။

မွန်အမျိုးသားတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် ပါတီ၏ တပ်မတော်ကို ခွဲထားခြင်း (သို့မဟုတ်) ဖျက်သိမ်း ခြင်းကို လက်ခံမည် မဟုတ် ကြောင်း၊ မြန်မာ နိုင်ငံ၏ ပြဿနာကို တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့်သာ အဖြေရှာ နိုင်မည် ဖြစ်ကြောင်း အကြုံပြုစာ ကိုလည်း အရှေ့တောင်တိုင်း စစ်ဌာန ချုပ်သို့ မွန်ပြည်သစ် ပါတီက ယမန်နေ့က ပေးပို့ခဲ့သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ စစ်အစိုးရ၏ ကမ်းလှမ်း ချက်ကို မွန်ပြည်သစ် ပါတီက လက်မခံဘဲ ဇူလိုင် (၂၇) တွင် ကျင်းပခဲ့သည့် ပါတီဗဟို ကော်မတီ ဝင်များ၏ အရေးပေါ် အစည်းအဝေးမှ ပယ်ချခဲ့ခြင်း ဖြစ်သည်။

နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံ ပယ်ချခဲ့သည့် မွန်ပြည်သစ် ပါတီ၏ ရပ်တည်ချက်အား ကျန်ဘဝတူ အပစ်ရပ် အဖွဲ့များ အပါအဝင် အဝေးရောက် မွန် အဖွဲ့ အစည်း တို့က ကြိုဆို ထောက်ခံ ကြောင်း သိရသည်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က မွန်ပြည်သစ် ပါတီ၏ ရပ်တည် ချက်အား ကြိုဆိုကြောင်း UWSA တပ်မှူး တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နအဖ ကမ်းလှမ်းချက်က တိုင်းရင်းသား တွေအတွက် ဘာမှအကျိုး ရလဒ် ကောင်းတွေ ဖြစ်လာမှာ မဟုတ်လို့ မွန်ပြည်သစ် ပါတီက ဒီလို လက်မ ခံကြောင်း ဆုံးဖြတ် လိုက်တာကို ကျနော်တို့က ထောက်ခံ တယ်။ ဒီလို ရပ်တည် ချက်ကြောင့် ကျနော်တို့ ဒေသမှာ နအဖက တပ်အင်အားတွေ တိုးချဲ့ထားပြီး ဆက် ဖိအား ပေးနေတယ်။ ကျနော်တို့ တိုင်းရင်းသား တွေ ဘက်ကတော့ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမယ့် နအဖဘက်က အရင်ချိုးဖောက် လာရင်တော့ ဘယ်လက်နက်ကိုင် အဖွဲ့မှ တတ်နိုင်မှာ မဟုတ်ဘူး။ ပြန်ပြီး တုံ့ပြန်ရမှာပဲ” ဟု ပြောသည်။

ဘုရားသုံးဆူနယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ အခမ်း အနားသို့ ဒေသခံ နအဖ၊ ထိုင်း အာဏာပိုင် များနှင့် အဆိုပါဒေသရှိ ဘဝတူ အပစ်ရပ် အဖွဲ့အစည်း တို့လည်း တက်ရောက် အားပေးခဲ့ကြသည်။

နအဖ၏ နယ်ခြားစောင့်တပ် ပြောင်းရန် ကမ်းလှမ်းချက်ကို ပထမဆုံး လက်ခံခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) အရာရှိများနှင့် နီးစပ်သူ စီးပွားရေး သမားတဦးက “ဒီကေဘီအေ မှာက အထက်ပိုင်းက သဘောထားတွေ အပေါ်မှာ မူတည် နေတယ်။ သာမန် အောက်ခြေနဲ့ အလယ်အလတ် အဆင့် အဖွဲ့ဝင်တွေက ဒီနယ်ခြား စောင့်တပ် ကိစ္စမှာ လက်မခံ နိုင်ကြ ပေမယ့် သူတို့အတွက် ရွေးစရာလမ်းက သိပ်မရှိဘူး။ ဒီမွန်ပြည်သစ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဒီကေဘီအေရဲ့ အထက် ပိုင်းက အသံတွေတော့ မကြားမိဘူး။ သာမန် အဖွဲ့ဝင်တွေ ကတော့ အားကျ ကြတာတော့ ကျနော်ကြားရတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းပယ်လိုက်သည့် လက်နက်ကိုင် အပစ်ရပ် အဖွဲ့များတွင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ပါဝင်သည်။

မွန်ပြည်သစ်ပါတီ စတင်တည်ထောင်ပြီး ယနေ့အချိန်အထိ အနှစ် (၅၀) ကျော်အတွင်း မွန်အမျိုးသားရေး အတွက် တာဝန်ထမ်းရွက်ရင်း အသက် ဆုံးရှုံးသွားခဲ့သူ ရဲဘော် အာဇာနည်ပေါင်း (၉၅၀) ကျော်ရှိကြောင်းနှင့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားများကို ဗဟိုဌာနချုပ် တည်ရာ ရေးချောင်းဖျား နယ်မြေ၊ ထားဝယ် ခရိုင်နယ်မြေ၊ မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးနယ်မြေ၊ သထုံခရိုင် ကော့ပိန်းနယ်မြေနှင့် ဘုရားသုံးဆူ နယ်စပ်တို့တွင် ခရိုင်အလိုက် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Wednesday, August 5, 2009

ဒေါ်စုက ပါတီခေါင်းဆောင်တွေကို ကူညီရန် လူလတ်ပိုင်း ၁၄ ဦးကို တာဝန်ပေး

အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ပါတီထိပ်တန်း ခေါင်း ဆောင် တွေကို ကူညီနိုင်ဖို့ လူလတ်ပိုင်း ခေါင်းဆောင် ၁၄ ဦးကို ဒေါ်အောင်ဆန်း စုကြည်က တာဝန်ပေး တာဟာ ပါတီအတွက် အားတက်ဖွယ် ဖြစ်တယ်လို့ ဗဟို အလှုပ် အမှုဆောင် ဦးဝင်းတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခဲ့သူ ပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်း မနေ့က ပြောဆိုချက် တွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက် မေးမြန်းစဉ် ဦးဝင်းတင်က ပြောခဲ့တာပါ။ ကျမ်းမာရေး မကောင်းလို့ ရုံးမတက် နိုင်တာဟာ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် ၃ ဦး တင်မကဘဲ သူကိုယ်တိုင်လဲ ရုံးမသွားနိုင်တာ သတင်း ၃ ပတ်ရှိနေပြီလို့ စတင် ပြောကြား ခဲ့ပါတယ်။ “ဇူလိုင် ၁၆ ရက်နေ့မှာ ကျနော်က မျက်စိခွဲမလို့ ဆရာဝန်က နှလုံးရောဂါ ကျနော့်မှာ ရှိတယ်ဆိုတော့ ဆေးခန်း သွားပြရတယ်။ ကျနော့်ရဲ့ သွေးခုန် နှုန်းက ၄၁၊ ၄၂ လောက်ပဲ ရှိတော့ ဓါတ်မှန်တွေ ရိုက်ကြည့်၊ ဆေးစစ် လုပ်နေရတာပေါ့။ လူကတော့ နေထိုင် ကောင်းပေမယ့် အရမ်း မောတယ်။ စကားပြောရင်မော၊ လှုပ်ရှားရင်လည်းမော ဖြစ်နေတယ်။” ဒါကြောင့် အခု လူလတ်ပိုင်း ၁၄ ဦးကို တာဝန်ပေး တယ်ဆိုတာ သူအသေးစိပ် မသိသေးကြောင်း၊ ဒါပေမဲ့ ဒါဟာ ကောင်းတဲ့ အလားလာ ဖြစ်ပြီး တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ ဆက်သွားမှ ပါတီ အားရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော် ခွင့်ယူ ထားတုန်းမှာ ဒီကိစ္စ ပေါ်လာတာပါ။ ကျနော့် သဘော ကတော့ လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂ဝ လောက်ထဲက လုပ်ဖို့ကောင်းတဲ့ ကိစ္စပါ။ နိုင်ငံရေး ဆိုတာက ရှင်းရှင်းပြောရရင် လူငယ် လူတတ် တွေနဲ့ပဲ လုပ်ဖို့ ကောင်းတာပါ။ ကျန်တဲ့ လူတွေဆိုတာက အကြံပေး ဉာဏ်ပေးပေါ့။ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခြင်း လောက်ပဲ ကောင်းတယ်လို့ ကျနော်က ယူဆတယ်။ ကျနော်ဆိုရင် ၈၉ ထောင်ထဲဝင်သွားတော့ ဒေါ်စုနဲ့ကျနော်နဲ့ ညှိနှိုင်းတယ်၊ အလုပ်ကော်မတီ ဆိုပြီးတော့ လုပ်ဖို့ လူငယ်၊ လူသစ်တွေ မွေးဖို့ဆိုတဲ့ အနေနဲ့ အကြံပေးခဲ့တယ်။ စီအီးစီ လို့ခေါ်တဲ့ work committee တွေနဲ့ လုပ်ခဲ့တာပါ။ အဲဒီ လမ်းကြောင်းက ပျောက်နေပြီး နောက်ထပ် မပေါ်ဘဲဖြစ်နေတာ ဒီနေ့ကာလ အထိပေါ့။ ကျနော် ရောက်လာတဲ့ အခါမှာ စီအီးစီမှာ တင်ပြပါတယ်။ ကျနော်တို့ လူငယ်တွေကို တာဝန်ပေးဖို့ လိုတယ်။ အခုကိစ္စက အားဖြည့်တာပဲ။ ရှင်းရှင်း ပြောရရင် ရှေ့နဲ့နောက် ချိတ်ဆက် မိအောင်ပေါ့။ နိုင်ငံရေးစကားနဲ့ ပြောရင် တဗိုလ်ကျ၊ တဗိုလ်တက် လုပ်ဖို့အတွက်ကို စီမံတာပါပဲ။” ဒါပေမယ့် ဒီလိုနေရာ တိုးချဲ့တာဟာ ပါတီတွင်း ကိစ္စသာဖြစ်ပြီး လက်ရှိ အီးစီတွေကို အနားပေး လူငယ်တွေက အီးစီ တက်လုပ်တဲ့အထိ ဖြစ်မလာ နိုင်သေးဘူး၊ ရွေးကောက်ပွဲ ဥပဒေအရ အဲဒီလို လုပ်လို့ မဖြစ်သေးဘူးလို့ ဦးဝင်းတင်က မှတ်ချက် ပေးခဲ့ပါတယ်။ “အီးစီတွေ အသစ်လဲဖို့ အထိ မရောက် နိုင်ဘူးဗျ။ အီးစီတွေ အသစ်လဲရင် အစိုးရနဲ့ ပြဿနာ တခု ရှိပြန်တယ်။ အစိုးရဆီမှာ မှတ်ပုံတင်တဲ့ ကော်မရှင်က လက်ခံ ထားတဲ့လူပဲ စီအီးစီ စာရင်း ဝင်နိုင်တယ်။ ဒေါ်စုတောင်မှ စာရင်းမပေါက်ဘူး။ ကော်မရှင်က အသိအမှတ် မပြုဘူး။ အဲဒါကြောင့် ဂန်ဘာရီ လာတယ် စီအီးစီနဲ့ တွေ့တယ် ကျနော်တို့ကို မဖိတ်ဘူး။ ဒေါ်စု တယောက်တည်းပဲ လူပုဂ္ဂိုလ်အရ မဖိတ်မဖြစ်လို့၊ လက်မခံ မဖြစ်လို့သာ လုပ်တယ်နဲ့ တူတယ်။ ဘန်ကီမွန်း လာတာကို လည်း ကျနော်တို့ကို မဖိတ်ဘူး။ ကျနော်တို့မှာ လုပ်ရကိုင်ရ အတော်ခက်တယ်။”

အပြည့်အစုံသို့ ...

Monday, July 13, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ် လျှောက်လဲရက် ချိန်းဆို

ဒေါ်အောင်ဆန်းစုကြည်၏ ထပ်တိုး သက်သေ ဒေါ်ခင်မိုးမိုးကို ယနေ့အင်းစိန်တရား ခွင်၌ စစ်မေး ခဲ့ပြီးနောက် နှစ်ဘက် ရှေ့နေများ အပြီးသတ် လျှောက်လဲရန် ဇူလိုင်လ (၂၄) ရက်သို့ ရုံးချိန်း ပေးလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။


“တရားခွင်ကို မနက် (၁၀) နာရီကတည်းက စတယ်။ ညနေ(၅)နာရီခွဲမှပြီးပါတယ်။ အစိုးရရှေ့နေ တွေက အပြင်းအထန် မေးခွန်းတွေနဲ့ တောက်လျှောက်စစ်မေး နေလို့ ဒီလောက် ကြာသွားတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို နေသော အင်းစိန်တရားခွင်ကို နံနက် (၁၀) နာရီတွင် စတင်လေ့ ရှိသော်လည်း လာမည့် (၂၄) ရက်နေ့တွင်မူ မွန်းလွဲ (၂) နာရီသို့ ပြောင်းရွှေ့ချိန်းဆိုထားသည်။

ယနေ့တရားခွင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ်မြောက် လာရောက်သည့် ဇူလိုင် (၃) ရက်တွင် စစ်ဆေးမည်ဟု ချိန်းဆို ထားမှုကို ပြောင်းရွှေ့ခဲ့သော တရားခွင်ဖြစ်သည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်း စုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖ စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူး တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အင်းစိန် အထူးတရားရုံးတရားခွင်၌ အစိုးရ ဘက်မှ တရားလိုပြ သက်သေ (၁၅) ဦး ထွက်ဆို စေခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန် အထူးတရားရုံးက တဦးတည်းသော သက်သေ ရှေ့နေဦးကြည်ဝင်း (လပွ တ္တာမြို့နယ်) ကိုသာ ထွက်ဆို ခွင့်ပြုခဲ့သည်။

ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆို ခွင့်ရခြင်းမှာ တရားမျှတမှု မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ ထပ်မံ တင်ပြရာ နောက်သက်သေ အဖြစ် ရှေ့နေ ဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်း တရားရုံးက ခွင့်ပြုပေး ခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင် တို့ အတွက် ဗဟို တရားရုံး အထိ သက်သေ ပြင်ဆင်ခွင့် အယူခံဝင် ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ယခုစွပ်စွဲအမှုဖွင့်ထားသည့် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ နအဖ စစ်အစိုးရ က အရေးယူ နိုင်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကာလ အတွင်း နေအိမ် အကျယ် ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ နေခဲ့ရပြီးဖြစ်သည်။

ခေတ်ပြိုင်မှ


အပြည့်အစုံသို့ ...

Thursday, May 21, 2009

ဒေါ်အောင်ဆန်းစုကြည် သံတမန်များနှင့် တွေစုံသတင်း MRTV မှာပြသ

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင် သံကြားက ထုတ်လွှင့် ပေးသည့် အတွက် ရန်ကုန်မြို့ခံများက အတိုင်းထက် အလွန် ကျေနပ်လျက် ရှိကြောင်း သိရသည်။ ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည် လိုက်တဲ့ ရုပ်ရည်၊ ကြည်လင်လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာ တရားတွေ နှလုံးသွင်းထား ပုံပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝ မတုန်လှုပ်ဘူး ဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခုအချိန်မှာ ရုပ်မြင် သံကြားက ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင် အေးမြမှု တခုရတယ်ဗျ” ဟု ပြောသည်။ YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူး တဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို (၁၀) နှစ်ကျော် မတွေ့ မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင် သံကြားပေါ်မှာ တွေ့လိုက်ရသည့် အတွက် အတိုင်းထက် အလွန် ၀မ်းသာ ကြည်နူးမိ ကြောင်း ပြောသည်။ “သူ့ကို အစိုးရက အခုလို ထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလို နေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်းတဦး ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကရုဏာရှိပြီးသားပါ” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲ ၀င်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏ စားဝတ်နေရေး အတွက် အလုပ်ပြုတ်သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေး အရာရှိတဦးက “ဘယ်သူ့ကိုဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အားပြ နေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ ပိုဆိုးသွားတယ်” ဟု ပြောသည်။ ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်း ဂျာနယ်တစောင်၏ အယ်ဒီတာ တဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေ စာနယ်ဇင်းသမား အတော်များများက မနှစ်သက် ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား ရေကူး ၀င်ရောက်မှုနှင့် ပတ်သက်၍ အင်းစိန် အထူး တရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေး ကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြား သံတမန် (၂၉) ဦးနှင့် ပြည်တွင်းပြည်ပ သတင်းနှင့် စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့် ပြုခဲ့သည်။ စင်ကာပူ သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန် အကျဉ်းထောင် အထူးတရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Tuesday, May 19, 2009

မန္တလေးတိုင်း NLD လူငယ်များ အစည်းအဝေး ဆုံးဖြတ်ချက် (၁၉၊၅၊၂၀၀၉)

၁။ ။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်တည်ဆဲ ဥပဒေကိုမှ ကျူလွန်ခြင်း ဖောက်ဖျက်ခြင်းအလျင်း မရှိပါသဖြင့် ပုဒ်မ(၂၂)အရ တရားဆွဲဆို ထားခြင်းကို ချွင်းချက်မရှိ အမြန်ဆုံးရုတ်သိမ်း ပေးရန် ဆုံးဖြတ် သည်။

၂။ ။ ပုဒ်မ(၁၀ ခ) အရ အရေးယူခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်း လုဝင် လူထွက် နှင့်ပါတ်ပြီး လုံခြုံရေးတာဝန် ယူထားသော အာဏာပိုင် များတွင်သာ လုံးဝတာဝန် ရှိကြောင်း ဆုံးဖြတ်သည်။

၃။ ။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း သမီး မ၀င်မမ တို့အား အာဏာပိုင်များမှ တရားဆွဲဆို ခြင်းသည် တရားမျှတ မှန်ကန်သည်ဆိုပါက အများပြည်သူနှင့် သက်ဆိုင်သော တရားရုံးများတွင် စစ်ဆေးရန် တောင်းဆိုသည်။

အပြည့်အစုံသို့ ...

Monday, May 18, 2009

အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူတစ်ထောင်ခန့် ထောင်ဘူးဝအနီးစောင့်ဆိုင်းခဲ့ကြ


နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။ အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။ (၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။ လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။ နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။ စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Thursday, May 14, 2009

ဒေါ်အောင်ဆန်းစုကြည်ကို အထူး တရားရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ အင်းစိန် အထူးတရားရုံးသို့ ခေါ်ထုတ်သွားပြီ ဖြစ်သည်။

လက်ရှိအချိန်ဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးတင် တရားစွဲရန် စစ်အစိုးရက ပြင်ဆင်နေခဲ့ပြီး အင်လျားကန်ကို ဖြတ်၍ သူ၏ နေအိမ်အတွင်း ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား John William Yettaw အမှုနှင့် ပတ်သက် နေနိုင်သည်ဟု ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည်အပြင် သူနှင့်အတူ နေထိုင်နေသူ အမျိုးသမီး နှစ်ဦးကိုပါ တရားစွဲဆိုမှာလည်း ဖြစ်သည်။
---------------------

ဒေါ်အောင်ဆန်းစုကြည်သတင်း နောက်ဆက်တွဲ ၂
ကြာသပတေးနေ့၊ မေလ 14 2009 08:30 - မြန်မာစံတော်ချိန်

“မနက် ၇ နာရီလောက် လာခေါ်မယ်လို့ အစီအစဉ် ရှိတယ်။ အခုလောက်ဆို ခေါ်သွားလောက်ပြီ ထင်ပါတယ်။ တိတိကျကျ မသိဘူး။ စီစဉ်ထားတာ ၇ နာရီပါ။” ဟု မြန်မာစံတော်ချိန် ၈ နာရီတွင် မဇ္ဈိမသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ယခုအချိန် (မြန်မာစံတော်ချိန် နံနက် ၈နာရီ )တွင် ဦးညဏ်ဝင်းနှင့် သူမ၏ရှေ့နေ ဦးကြည်ဝင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာသို့ သွားရောက် နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် စောင့်ရှောက်နေသည့် သားအမိ ၂ ဦးဖြစ်သူ ဒေါ်ခင်ဝင်းနှင့် သမီး တို့ကိုလည်း စစ်အစိုးရက ခေါ်ဆောင်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မည်သည့် ပုဒ်မများဖြင့် စွဲဆိုပြီး ရုံးထုတ်သည်ဆိုသည်ကို အတိအကျ မသိရသေးပါ။

“ကျနော်တို့ ထင်တာကတော့ သူ့ကိုထားတဲ့ အကျယ်ချုပ် ထားတဲ့ ဥပဒေပုဒ်မ ၂၂ ပေါ့။ စည်းကမ်းဖောက်တယ်ဆိုပြီး စွဲမယ်လို့ ထင်တယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ဘယ်ဟာကို စည်းကမ်းဖောက်တယ်ဆိုတာ ကျနော်တို့ မသိသေးဘူး။ ဥပဒေထဲပါတဲ့ စကားလုံးကိုဘဲ ကျနော်ပြောနေတာ။” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပုဒ်မ ၁ဝ (ခ) က အကျယ်ချုပ် ထိန်းသိမ်းတဲ့ ပုဒ်မဖြစ်ပြီး ပုဒ်မ ၂၂က အကျယ်ချုပ် ထိန်းသိမ်းစဉ် စည်းကမ်းဖောက်ပါက ထိန်းသိမ်းသည့် ပုဒ်မဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ထိန်းသိမ်းကြောင်း တားဆီးမိန့်ချစဉ်က ဒေါ်စုအနေဖြင့် သံရုံးများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှပြင်ပသို့ ထွက်ခွာခွင့် လုံးဝမပြုရန်နှင့် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်တို့ အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသည်။

မဇ္ဈိမ မှ

အပြည့်အစုံသို့ ...