နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။
Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Wednesday, June 24, 2009

သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံသို့ ဦးတည်

ကုလသမဂ္ဂက ကန့်သတ် တားမြစ် ထားမှုကို ချိုးဖောက်ပြီး စစ်လက် နက်ပစ္စည်းများ တင်ဆောင် လာသည် ဟု သံသယ ရှိနိုင်သော မြောက် ကိုရီးယား ကုန်တင် သင်္ဘော တစင်း သည် မြန်မာနိုင်ငံ ဘက်သို့ ဦးတည် သွားနေပုံ ရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြား သတင်းတွင် ယမန်နေ့က ဖော်ပြ သည်။

မြောက်ကိုရီးယားမှ Kang Nam ကုန်တင် သင်္ဘောသည် ဒုံးလက်နက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင် လာသည်ဟု ယူဆရကြောင်း အမေရိကန် ရေတပ်ဖျက် သင်္ဘော USS John S. McCain ၏ သတင်းပေးပို့ချက်ကို ကိုးကားပြီး တောင်ကိုရီးယားနှင့် အမေရိကန် သတင်း မီဒီယာများတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ လက်နက်ရောင်းချမှု ပိတ်ပင် ထားခြင်းခံရသည့် မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားမှ လက်နက်များ ၀ယ်ယူသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ ထောက်လှမ်း ချက်များအရ Kang Nam မြောက်ကိုရီးယား သင်္ဘောသည် စင်ကာပူနိုင်ငံမှ တဆင့် မြန်မာနိုင်ငံဘက်သို့ ဦးတည် သွားမည့်ပုံရကြောင်း YTN သတင်းတွင် ဖော်ပြသည်။ အကယ်၍ အဆိုပါသင်္ဘော စင်ကာပူသို့ ဆိုက်ကပ်လာပါက စစ်ဆေးမှုများ ပြုလုပ်သွား မည်ဟု စင်ကာပူနိုင်ငံက ပြောကြားသည်။

အထက်ဖော်ပြပါ YTN ရုပ်မြင်သံကြားသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနကမူ အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ Kang Nam သင်္ဘောသည် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် မည်သည့်ပစ္စည်းများ ပါသည်ကို အတိအကျ မသိရသေးသော်လည်း ယခင်က နျူကလီးယား ပစ္စည်းများ တင်ဆောင်ခဲ့ဖူးကြောင်း အမေရိကန် အရာရှိနှစ်ဦးကို ကိုးကားပြီး အေပီ သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက တားမြစ်ထားသည့်ကြားမှ ပြီးခဲ့သည့်မေ (၂၅) တွင် မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး တာဝေးပစ် နျူကလီးယားဒုံးကျည်များ ပိုင်ဆိုင်နေပြီဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Thursday, May 28, 2009

ဒေါ်စု လွတ်မြောက်ရေး လှုပ်ရှားမှု ဗြိတိန်ဝန်ကြီးချုပ် ပါဝင်

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က တောင်းဆို လိုက်ပါတယ်။ ကမ္ဘာကြီး ဟာ တရား မမျှတ တာတွေ အတွက် တုံ့ပြန် ဆောင်ရွက်ဖို့ ပျက်ကွက် နေတယ်လို့ ဗုဒ္ဓဟူးနေ့ က ထုတ်ပြန်တဲ့ ကျေညာချက် မှာ ဂေါ်ဒန် ဘရောင်း က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီး ထားတာ ကိုးရက် မြောက်နေ့ မှာ လူ့အခွင့် အရေး လှုပ်ရှားသူတွေ ဟာ အင်တာနက် က တဆင့် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး စည်းရုံး ဆောင်ရွက် နေကြပါတယ်။ ဇွန်လ ၁၉ ရက်နေ့ မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ကို ရည်ရွယ်ပြီး ဖွင့်ထားတဲ့ အင်တာနက် စာမျက်နှာ မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ နဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ က ဗွီဒီယိုတွေ၊ သတင်းစကားတွေ နဲ့ သူ့ လွတ်မြောက်ရေး နဲ့ မွေးနေ့ ဆုတောင်းစကားတွေ ကို တင်ပြ ရေးသား နေကြ ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုလွှာ ကို လက်မှတ်ထိုး ကြသူတွေ က လက်မှတ်ပေါင်း ၆ သိန်း ကို ဒီ အပတ် မှာ ရရှိနေပြီ လို့ လူ့အခွင့် အရေး လှုပ်ရှား သူတွေ က ကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ဖမ်းဆီး ထားတဲ့ အတွက် အမေရိကန် သမ္မတ ဘရက် အိုဘားမား က ရှုတ်ချလိုက်ပြီး၊ ဘယ်လို အကြောင်းအချက် မှ သတ်မှတ် မထားဘဲ၊ သူမ ကို ချက်ချင်းလွှတ်ဖို့ စစ်အစိုးရ ကို အမေရိကန် သမ္မတ အိမ်ဖြူတော် က အင်္ဂါနေ့ မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်း လိုက်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပေါ် လက်ရှိ တရား စစ်ဆေးနေတာ ဟာ ယုတ္တိမတန်လှတဲ့ အကြောင်းတွေ ပေါ် အခြေခံပြီး ရုပ်ပြ တရား စစ်ဆေးနေတာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။


ထင်ရှားတဲ့ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင်တွေ ကလည်း ဒေါ်အောင်ဆန်း စုကြည် ကို လွှတ်ပေးဖို့ တောင်းဆို လိုက်ပြီး၊ ၂၀၁၀ မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ တရားဝင်နိုင် ပါ့မလား ဆိုတာ ကိုလည်း မေးခွန်း ထုတ်လိုက် ကြပါတယ်။ သက်ကြီး ခေါင်းဆောင်တွေ က ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်း သားတွေ ကို လွှတ်ပေးဖို့ စစ်အစိုးရ ကို တောင်းဆို လိုက်ပါတယ်။ ဒါ့အပြင်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို တမျိုးသားလုံး ပါဝင်တဲ့ ဖြစ်စဉ်တစ်ရပ် နဲ့ ပြန်လည် သုံးသပ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ် နဲ့ အခြား ပါတီတွေ ပါဝင်ခွင့် ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အဲဒီ ရွေးကောက်ပွဲ မှာ နိုင်ငံတကာ က အကဲခတ် ပုဂ္ဂိုလ်တွေ ကိုလည်း ကြည့်ရှုခွင့် ပြုရမယ်လို့ သူတို့ က ဆိုပါတယ်။ ရွေးကောက်ပွဲ ကို နိုင်ငံတကာ က အသိအမှတ်ပြုဖို့ အနိမ့်ဆုံး အခြေအနေတချို့ ကို သတ်မှတ် ဆောင်ရွက်ဖို့လည်း အာဆီယန် ကို အယ်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်း က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ထူးခြားလှတဲ့ ဒီနေ့ မှာပဲ ကမ္ဘာမှာ ထင်ရှားတဲ့ သက်ကြီး ခေါင်းဆောင်တွေ က မိုရိုကို နိုင်ငံ မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို တောင်းဆို ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်း စုကြည် ကို မလွှတ်ခဲ့ရင်၊ မြန်မာနိုင်ငံ ကို အာဆီယန် အဖွဲ့ဝင် အဖြစ် က ရပ်ဆိုင်း ထားဖို့ မြန်မာ့အရေး ဆိုင်ရာ အာဆီယန် လွှတ်တော် အမတ်များ အဖွဲ့ က ကျေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲသလို အဖွဲ့ဝင် အဖြစ် က ရပ်ဆိုင်းဖို့၊ ဒါမှမဟုတ် ပိတ်ဆို့ အရေးယူဖို့ အပြစ် ပေးတာမျိုး အာဆီယန် ပဋိညာဉ် မှာ ပြဌာန်း မထားပါဘူး လို့ အာဆီယန် အတွင်းရေး မှူးချုပ် ဆူရင် ပစ်ဆုဝမ် က ပြောကြောင်း ကူဝိတ် သတင်း ဌာန က ဆိုပါတယ်။

voaမှ

အပြည့်အစုံသို့ ...

Tuesday, May 26, 2009

မြန်မာ့အရေး စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း တောင်အာဖရိက အဆိုပြု

တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ အီဘရာဟင် အီဘရာဟင် သည် မြန်မာ သံအမတ် ဦးတင်ဦးလွင်ကို တင်္နလာနေ့က ဆင့်ခေါ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုပြုလုပ်ရန် ကြားဝင် ကူညီပေးမည့် ကိုယ်စားလှယ် တဖွဲ့ကို စေလွှတ် လိုကြောင်း အဆိုပြု ပြောကြား ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီး ထားခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် ချက်ခြင်း လွှတ်ပေးရန် ထပ်လောင်းတောင်းဆို လိုက်သည်ဟု တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

တောင်အာဖရိက အနေဖြင့် မြန်မာနိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားခြင်းကို မြင်တွေ့လိုကြောင်း ပြောကြား လိုက်ပြီး လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ဖြစ်ထွန်းရန် ကောင်းမွန်သော နိုင်ငံရေး ရာသီဥတု ဖန်တီး စေလို သည်ဟု ပါရှိသည်။

မဇ္ဈိမမှ

အပြည့်အစုံသို့ ...

မြန်မာ့ပြည်တွင်းရေး ဝင်စွက်ခြင်းမဟုတ်ဟု ထိုင်း ကပြော

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ဥက္ကဋ္ဌ အနေဖြင့် တောင်းဆိုခြင်းသည် မြန်မာပြည်တွင်း အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံက ပြန်လည် ချေပလိုက်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်နေသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ယခုလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆိုခဲ့ခြင်းအား မြန်မာ့ ပြည်တွင်းရေးကို ဝင်စွက်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ကန့်ကွက်ခဲ့သည့် အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည် တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီကိစ္စဟာ မြန်မာ့ ပြည်တွင်းရေးကို စွက်ဖက်တာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုး ထိုင်းနိုင်ငံမှာလည်း ဖြစ်နေတာပါပဲ။ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေနဲ့ နိုင်ငံတောင်ပိုင်းမှာ ပြဿနာတွေ တက်နေတာကို စိုးရိမ်နေကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေဟာ ဒေသဆိုင်ရာ တည်ငြိမ် ရေးနဲ့ အာဆီယံအဖွဲ့ရဲ့ တိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိနေလို့ပါ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်၏ ပြောဆိုချက်ကို ထိုင်းနိုင်ငံထုတ် သတင်းဌာနများက ယနေ့ ဖော်ပြကြသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပနေသည့် အာရှ-ဥရောပ အစည်းအဝေး (Asem) တက်ရောက်နေသည့် သူက အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများ၏ သဘောတူချက်ဖြင့်သာ ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် များကို ထိခိုက်နိုင်သည့် မည်သို့သော အခြေအနေမျိုးကိုမျှ ထိုင်းနိုင်ငံက မမြင်တွေ့လိုကြောင်း ဆက်လက်ပြောဆိုသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “ဒေါ်အောင်ဆန်း စုကြည်အား အရေးယူရခြင်းမှာ နိုင်ငံတိုင်းတွင် သမားရိုးကျ ဆောင်ရွက်လေ့ ရှိကြသည့် ပြည်တွင်း ဥပဒေ ကျင့်သုံးမှုတခုသာ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်ပါသည်’’ ဟု ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသား အားလုံး လွှတ်ပေးရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲများနှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ခြေလှမ်းတရပ် ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ထွန်းနေချိန်တွင် ဟနွိုင်းမြို့ Asem အစည်းအဝေးတွင် တက်ရောက် နေသော ဥရောပ သမဂ္ဂ ခေါင်းဆောင်များက ထိုင်းနိုင်ငံနှင့် သဘောထား တူညီကြပြီး၊ မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့် လုပ်ဆောင်ရန် စဉ်းစားနေသည်။

မဇ္ဈိမမှ

အပြည့်အစုံသို့ ...

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆိုပြီ

ဒုတိယနေ့ တရား ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်း လွှတ်ပေးရန် အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်သည်။

”ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံတော် အစိုးရကို အာဆီယံ ခေါင်းဆောင်များက တောင်းဆို လိုက်ပါသည်” ဟု အာဆီယံ၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

”အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အပြုသဘော ဆောင်တဲ့ ကူညီပံ့ပိုးမှုလုပ်ပေးဖို့ အဆင့်သင့် ဖြစ်နေကြောင်း ထိုင်းနိုင်ငံသည် အာဆီယံရဲ့ ဥက္ကဌ အနေနဲ့ ထပ်လောင်းပြောလိုက်ရပါသည်၊” ဟုလည်းပါရှိသည်။

မဇ္ဈိမမှ

အပြည့်အစုံသို့ ...

Monday, May 18, 2009

ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်နေသူ AI အဖွဲ့မှ ကိုရီးယားသူ Jeon Soojin

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတင်နိုင်ရန် ကမ္ဘာ့နိုင်ငံများက တွန်းအားပေး ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့၌ ယနေ့နံနက် (၁၀) နာရီခန့်တွင် မြန်မာများနှင့် ထိုင်းနိုင်ငံသားများ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။

“အမှန်တကယ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က တရားရင်ဆိုင်စရာ အကြောင်းကိုမရှိဘူး။ နအဖစစ်ခေါင်း ဆောင် သန်းရွှေတို့အုပ်စုကသာ မြန်မာပြည်သူ လူထုအပေါ် နည်းလမ်းပေါင်းစုံနဲ့ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစီရင်မှု ခံယူသင့်တယ်။ နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတင် သင့်တယ်ဆိုတာကို ကျနော်တို့ ထုတ်ဖော် ပြသတာဖြစ်တယ်။ မြန်မာစစ်အုပ်စုနဲ့ နီးနီးကပ်ကပ် ပေါင်းသင်းဆက်ဆံနေတဲ့ နိုင်ငံတွေကိုလည်း သတိပေးချင်တယ်။ သူတို့အနေနဲ့ မြန်မာလူထု အကျိုးစီးပွားကိုပဲ ရှေးရှုပါလို့ ကျနော်တို့ပြောချင်တယ်။ နောက်တခုက အိမ်ရှင်ထိုင်းနိုင်ငံ အနေနဲ့လည်း အာဆီယံနိုင်ငံတွေကို ဦးဆောင်ပြီးတော့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဖိအားပေးဖို့ တောင်းဆိုပါတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) မှ ကိုသက်ခိုင်က ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါဆန္ဒပြပွဲကို ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရေစီ အရေး ဆောင်ရွက်နေသော မြန်မာအဖွဲ့အစည်းများ၊ နိုင်ငံခြား အန်ဂျီအိုအဖွဲ့များနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကူညီလှုပ်ရှားနေသော ထိုင်းအဖွဲ့အစည်းများ စသည့်အဖွဲ့ပေါင်း (၃၀) ကျော် ပူးပေါင်းဖွဲ့စည်း ထားသည့် မြန်မာပြည် ငြိမ်းချမ်းရေး ညွန့်ပေါင်းအဖွဲ့ချုပ်က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဆန္ဒပြပွဲသို့ ဆန္ဒပြသူ (၁၀၀) ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ အဖွဲ့ဝင် အမျိုးသမီးတဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်အသွင် ၀တ်စားဆင်ယင်ကာ သံတိုင်များအကြား နေထိုင်နေရဟန် သရုပ်ပြသွားခဲ့သည်။

ယမန်နေ့ကလည်း ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ပြည်ပရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်စိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ (၂၂) ဖြင့် အင်းစိန်ထောင် အထူးတရားရုံး၌ ပြီးခဲ့သည့် သောကြာနေ့တွင် တရားစွဲဆိုရာမှ အစပြု၍ မြန်မာ့အရေး လှုပ်ရှားသူများက ယင်းနေ့မှစတင်ကာ ဆန္ဒပြနေကြ ခြင်းဖြစ်သည်။

ကမ္ဘာ့မြို့ကြီး (၂၀) ကျော်တွင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရေးအတွက် ယနေ့ တောင်းဆို ဆန္ဒပြသွားကြမည် ဟုလည်း မြန်မာ့အရေး ဆောင်ရွက်နေသော Burma campaign UK က ပြောကြားသည်။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသစ်များ ပြုလုပ်ရန် EU စဉ်းစားနေပြီ

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်များ ပြုလုပ်ရန် တိုက်တွန်းလိုက်ပြီး စစ်အစိုးရ၏ မဟာမိတ် တရုတ်ကိုလည်း ဖိအားပေးမှု ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လုပ်ပါရန် ယနေ့တွင် တိုက်တွန်းလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် အားသစ်လောင်းဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ချက် နိုင်ငံခြားရေးဝန်ကြီး Jan Kohout က ပြောဆိုလိုက်သည်။

“ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” ဟု သူက ထပ်ပြောသည်။

ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများသည် ပြီးခဲ့သည့်နှစ် ဧပြီလမှသည် ၂ဝ၁ဝ ဧပြီလတိုင်အောင် စစ်အစိုးရ အကြီးတန်း ခေါင်းဆောင် ၅ဝဝ ခန့်နှင့် သူတို့၏ ဆွေမျိုးများ အပါအဝင် စစ်အစိုးရနှင့် ပေါင်းကာ စီးပွား ဖြစ်ထွန်းနေသူ လုပ်ငန်းရှင် ၈ဝ ခန့်ကို တားမြစ်ပိတ်ပင်မှု ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။

မဇ္ဈိမ မှ

အပြည့်အစုံသို့ ...

Tuesday, September 2, 2008

အရေးအပေါ် အခြေအနေ ဘန်ကောက်မြို့ တွင် ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ဆန္ဒပြကြတဲ့ အတိုက်အခံ အုပ်စုနှစ်ခုအကြား လူသေဆုံးခဲ့ရတဲ့ အထိကရုန်းတွေဖြစ်ပွားခဲ့မှုကြောင့် ထိုင်းဝန်ကြီးချုပ် စမတ်စွန်ထရာဝေ (Samak Sundaravej) က နိုင်ငံအရေးပေါ်အခြေအနေကို ဘန်ကောက်မြို့မှာ ထုတ်ပြန် လိုက်ပါတယ်။

ဒီကနေ အင်္ဂါနေ့ မှာ ထိုင်းဘာသာနဲ့ အသံလွှင့်ပြောဆိုတာမှာ လူ (၅) ဦးထက် ပိုပြီး စုရုံးခွင့်ကို လည်း ပိတ်ပင်တားမြစ်တဲ့အကြောင်းဖေါ်ပြထားပါတယ်။ ဒါအပြင့် ထိုင်းနိုင်ငံရဲ့ အရှိန်အ၀ါကြီးတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုဖွန် ဖေါဂျင်ဒါ (Gen Anupong Paochinda) ကို လည်း အခြေအနေကို ကိုင်တွယ်ထိမ်းသိမ်းဘို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးအနုဖွန်ဟာ စောစောပိုင်းတုံးက ထိုင်း စစ်သားတွေကို စေ လွှတ်ဘို့ အမိန့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အဂါင်္နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အထိကရုန်းကြောင့် အနည်းဆုံး လူ(၃၇) ဦးဒါဏ်ရာရရှိပြီး တဦး သေဆုံးခဲ့ပါတယ်။ သေနတ်ကျည်မှန်သူ နှစ်ဦးကို ဘန်ကောက်ဆေးရုံးမှာ ကုသနေတယ်လို့ ဆိုပါတယ်၊

ဒီအထိကရုန်းဟာ ၀န်ကြီးချုပ် စမတ်ကို ထောက်ခံသူရာပေါင်းများစွာက အစိုးရရုံးခြံဝင်းကို ရက်အတန်ကြာ စီးနင်းထားခဲ့တဲ့ အစိုးဆန့်ကျင်သူတွေကို မောင်းထုတ် ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

voa မြန်မာမှ

အပြည့်အစုံသို့ ...

Sunday, August 31, 2008

ရာထူးမှနုတ်ထွက်ပေးမည်မဟုတ် ဟု ထိုင်းဝန်ကြီးချုပ် ဆမတ် တုံ့ပြန်

ရာထူးကနေ ဖယ်ရှားပေးဖို့ ဖိအားပေး မှုတွေ တိုးမြင့်လာနေပေမဲ့ သူ့အနေနဲ့က ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဆမတ် စွန်ထရာ ဝေ က ပြောဆိုလိုက် ပါတယ်။ အစိုးရ အတိုက်အခံတွေ သူရဲ့ ရုံးချုပ်ကို စီးနင်း သိမ်းပိုက်ထားပြီး ၅ ရက်အကြာမှာ အခုလို ထုတ်ဖော်ပြောဆို လိုက်တာပါ။ ဒီသတင်း နဲ့ပတ်သက်ပြီး ဘန်ကောက် မြို့က ရွန်ကော်ဘင် သတင်းပေးပို့ ထားတာကို တင်ပြလိုက် ပါတယ်။

က်ရှိထိုင်းအစိုးရကို ဆန့်ကျင်နေသူတွေက ၀န်ကြီးချုပ် ဆမတ် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာတွေကို ငြင်းပယ်ပြီး သူအနေနဲ့ ဒီ ခြိမ်းခြောက် မှုတွေကို ရင်ဆိုင်သွားမယ်လို့ သူ့ကို အားပေးထောက်ခံသူတွေကို စနေနေ့ က ပြောဆိုလိုက်တာပါ။

စောစောပိုင်းမှာတော့ မစ္စတာ ဆမတ်ဟာ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ခ်ျ နဲ့ သွားရောက်တွေ့ဆုံပြီး ၅ ရက်တာ ကြာလာပြီဖြစ်တဲ့ အစိုးရကို ဆန့်ကျင် သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။

သက်တမ်း ၇ လရှိပြီဖြစ်တဲ့ ၆-ပါတီ ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ် တွေ ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ပါလီမန် အထူး အစည်းအဝေးခေါ် ဆွေးနွေးသင့်တယ်လို့ မစ္စတာ ဆမတ်ကို ထောက်ခံရင်း စနေနေ့ က ပြောဆိုခဲ့ကြပါတယ်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ PAD ဦးဆောင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ်ရဲ့ အစိုးရတဖွဲ့လုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ပါ။ လက်ရှိဝန်ကြီးချုပ် ဆမတ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပြီး အဂတိလိုက်စားမှုတွေကြောင့် ရာထူးက နှုတ်ထွက် ပေးခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီန၀ဒ် နဲ့ အလွန်နီးစပ်သူ တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ က အစိုးရရုံးထိုင်တဲ့ အဆောက်အဦ ၀န်းထဲကနေ ဆန္ဒပြ သူတွေကို ထိုင်း ရဲတွေက အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်၊ ရဲတွေ ပြန်လည်မထွက်ခွာမီ နှစ်ဘက် ရုံးရင်းဆန်ခတ် အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။

ချုလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပံ္ပ ပညာရှင် ပဏ္ဍိတံဝပ်ထန ယာဂွန် ကတော့ ၀န်ကြီးချုပ်အနေနဲ့ ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊ အထူးသဖြင့် မစ္စတာ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့ ဆိုတဲ့အကြောင်းပါပဲ လို့ ဆိုပါတယ်။

“ဒါဟာ တကယ့် နိုင်ငံရေး အကျပ်အတည်းပါပဲ၊ နိုင်ငံရေး နဲ့ပတ်သက်ပြီး တောင်းဆိုနေမှုတွေကို အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ အထူးသဖြင့် ၀န်ကြီးချုပ်ပေါ့၊ ဒီတော့ သူတို့အနေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး နိုင်တယ်၊ ဖြိုခွဲပစ်နိုင်တယ်၊ ဆန္ဒပြသူတွေကလည်း ပြန်ပြီး စုဝေးမှာပဲ၊ ဘန်ကောက်တခုထဲမှာတင် မဟုတ်ပါဘူး၊ နေရာအနှံ့မှာပါ၊”

စတင်ဆန္ဒပြပြီး ဒုတိယနေ့ မှာ မီးရထားအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲကို မသွားကြတော့တာကြောင့် ထိုင်းနိုင်ငံက မီးရထားပိုးဆောင်ရေး လုပ်ငန်းတွေ စနေနေ့က ရပ်တန့်သွားပါတယ်၊ ဒါဟာ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သမဂ္ဂတွေဟာ PAD ကို ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့ ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆူနိုင်း ဖစွတ် ကတော့ ပြည်သူပိုင်ဌာနတွေက အလုပ်သမားသမဂ္ဂတွေ PAD ကို ထောက်ခံတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိပြီး ဖြစ်ပွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီလို နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်းတွေဟာ ဖြိုခွဲလိုက်ယုံ၊ စီးနင်း ထိန်းသိမ်းလိုက်ယုံနဲ့ မပြီးသွားနိုင်ပါဘူး၊ အခု နောက်ပိုင်း ဆက်ဖြစ် လာတာက နှစ်ဦးနှစ်ဘက် ရင်ဆိုင်မှုတွေ ကြာလာတဲ့နောက် အခုတော့ နိုင်ငံပိုင် လုပ်ငန်း တွေရဲ့ သမဂ္ဂတွေဟာ PAD နဲ့ သွားပြီး ပူးပေါင်းလိုက်ပါပြီ၊”

မစ္စတာ ဆမတ် ကတော့ အစိုးရ အတိုက်အခံတွေဟာ စစ်အာဏာသိမ်းပြီး သူ့အစိုးရ ကို ဆန့်ကျင်တာမျိုး လိုလားနေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သောကြာနေ့ က မစ္စတာ ဆမတ်ဟာ အကြီးတန်း စစ်တပ်အရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံး စစ်အာဏာ သိမ်းခဲ့တာဟာ ၂၀၀၆ ခုနှစ် ၀န်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ပါတယ်။

voa မြန်မာမှ

အပြည့်အစုံသို့ ...

Saturday, August 30, 2008

ထိုင်းအစိုးရဖြုတ်ချရေး အုံကြွမှု အထွေထွေသပိတ်သို့ ဦးတည်

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု နယ်တွေပါ ကူးစက်ထိုင်းမှာ မီးရထားသပိတ် စတော့မည်၊ နယ်လေဆိပ်အချို့ ပိတ်ဆို့ခံရ

ထိုင်းဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်

ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ဆုံခလာနှင့် ဖူးခက်ရှိ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပီအေဒီ) ကိုထောက်ခံသူများက ဟတ်ယိုင်နှင့် ဖူးခက် နိုင်ငံတကာလေဆိပ် အ၀င်ပေါက်များကို ယနေ့မွန်းလွဲပိုင်း၌ ပိတ်ဆို့လိုက်သည်။ ဘန်ကောက်ရှိ ၀န်ကြီးချုပ်ရုံးဝန်းအတွင်း ဆန္ဒပြနေသူများ အား အကြမ်းဖက် နှိမ်နင်းမှု မပြုရန် တောင်းဆိုသည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်သည်။

ရာနှင့်ချီရှိသော ပီအေဒီကို ထောက်ခံသူများက လေဆိပ်နှစ်ခုတွင် စုဝေးနေကြပြီး ဟောပြောစင်များ ဆောက်လုပ်ရန် ကြိုးစားနေကြသည်။ ရဲများနှင့် ပိတ်ဆို့ ဆန္ဒပြနေသူများအကြား ယခုအခါ အ၀င်ပေါက်များကို သော့ခတ်မှုမပြုရေး ညှိနှိုင်းနေ ကြသည်။

နိုင်ငံပိုင်ရထားပို့ဆောင်ရေး (အက်စ်အာတီ) သမဂ္ဂကလည်း ဘန်ကောက်ရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို ထောက်ခံသည့် အနေဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများသို့ ပြေး ဆွဲနေသော ရထားပို့ဆောင်ရေးကို ယနေ့ညသန်းကောင်မှစပြီး ရပ်ထားမည်ဖြစ်ကြောင်း ယမန် နေ့ကထုတ်ဖော် ခဲ့ကြသည်။ ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများကို အနှောက်အယှက် ဖြစ်စေရုံသာမက ကုန်ပစ္စည်း စီးဆင်းရေးကိုပါ ထိခိုက်စေမည် ဖြစ်သည်။

ထိုအတောအတွင်း ဆန္ဒပြသူများအပေါ် ရဲ၏ကြမ်းတမ်းမှုကို လက်တုံ့ပြန်သည့် အနေနှင့် သပိတ် မှောက်ကြရန် ထိုင်းအဲယားဝေး အလုပ်သမားသမဂ္ဂ အဖွဲ့ကြီးက အဖွဲ့ဝင်တသောင်းခွဲကို နှိုးဆော် ထားသည်။

ပီအေဒီ အမာခံခေါင်းဆောင်တဦးဖြစ်သူ ဆွန်ထိ ကလည်း နိုင်ငံတ၀န်းမှ ၎င်းအားထောက်ခံသူ များကို ဘန်ကောက် ၀န်ကြီးချုပ်ရုံးအတွင်းရှိ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ အမြန်ဆုံးလာ ရောက်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။ မစ္စတာဆွန်ထိက ယနေ့သည် “အဆုံး အဖြတ်ပေးမည့် နေ့” ဖြစ်ကြောင်း ကြေညာထားသည်။

ယနေ့ နံနက်၌ ရာနှင့်ချီရှိသော အဓိကရုဏ်း နှိမ်နင်းရေးရဲများက တုတ်၊ ဒိုင်းများအသုံးပြု၍ ၀န်ကြီးချုပ်ရုံး ၀န်းအတွင်း ၀င်ရောက်ရန် ကြိုးစားသော်လည်း လက်ချင်းချိတ်ထားသည့် ပီအေဒီ ဆန္ဒပြ အဖွဲ့ဝင်များက ပြန်လည် တွန်းထုတ် နိုင်ခဲ့သည်။ အဆိုပါ အပြန်အလှန် တွန်းထိုးမှုများအတွင်း သေးထွက်သံယိုမှု မရှိကြောင်း ရဲများကပြောသည်။ နံနက် (၁၀) နာရီခွဲခန့်တွင်မူ ရဲများက အဆိုပါရုံးဝန်းနှင့် အဆောက်အဦများ အတွင်းသို့ ပြန်လည်ဝင်ရောက် နိုင်ခဲ့သည်။ ။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Wednesday, August 27, 2008

ထိုင်းအစိုးရ ဖြုတ်ချဘို့ ဘန်ကောက်မှာ သောင်းနှင့်ချီ ဆန္ဒပြ

၂၆ သြဂုတ် ၂၀၀၈

အစိုးရပိုင် NBT ရုပ်မြင်သံကြားဌာနကို ဆန္ဒပြသူတွေ သိမ်းယနေ့ဆန္ဒပြပွဲကို နောက်ဆုံးတိုက်ပွဲဟု ပီအေဒီဆန္ဒပြအဖွဲ့က ကြွေးကြော်

ဝန်ကြီးချုပ်တပ်ဆင် ဆန့်ကျင်သူများမဟာမိတ်အဖွဲ့ (PAD) သည် ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံထုတ် လွှင့်ရေးလုပ်ငန်း (NBT) ဌာနတွင်းသို့ ယနေ့ ၀င်ရောက်ပြီး ရုပ်သံထုတ်လွှင့်မှုကို အဓမ္မ ရပ်ဆိုင်းလိုက်သည်။

စမတ်အစိုးရနှုတ်ထွက်ရေး တွန်းအားပေးမည့် ၎င်းတို့အစီအစဉ်အရ ယနေ့မနက် စောစောပိုင်းတွင် (PAD) အဖွဲ့သည် ရုပ်သံလွှင့်ရုံဌာန နောက်ဖေးပေါက်မှ ၀င်ရောက်ကာ ၀န်ထမ်းများအားလုံးကို အသံလွှင့်ရုံမှ အတင်းအကျပ်ထွက်ခွာစေခဲ့သည်။ ရုပ်သံလွှင့်မှု ဖြတ်တောက်ခြင်းမခံရမီ အချိန်ပိုင်း လေးတွင် ဆန္ဒပြသူများ၏ ရုပ်ပုံများကို တခဏမျှ လွှင့်ထုတ်နေခဲ့သည်။

နောက်ပိုင်းတွင် ရဲများသည် ဆန္ဒပြသူတွေထဲမှ ပစ္စတိုနှစ်လက်၊ ဓားများနှင့် ဂေါ့ဖ်ရိုက်တံများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူ (၈၀) ဦးကို ဖမ်းဆီးခဲ့သည် အခြား (PAD) ဆန္ဒပြသူများသည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး နှင့်သမ၀ါယမ၀န်ကြီးဌာန ၀င်းများအတွင်းသို့ ၀င်ရောက်ခဲ့သော်လည်း မည်သည့်အဆောက်အဦအတွင်းမှ ၀င်ရောက်ခြင်းမရှိပေ။

အစိုးရရုံးစိုက်ရာဌာနများသွားသည့်လမ်းကိုလည်း ပိတ်ဆို့ခံထားရပြီး အစိုးရ ၀န်ကြီးအဖွဲ့အပတ်စဉ် အစည်းအဝေး ကို ပယ်ဖျက်ရန်အကျပ်ကိုင်ထားသည်။ ၀န်ကြီးချုပ်စမတ်သည် ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အကြီးအကဲများကို ခေါ်ယူကာ အရေးပေါ် ၀န်ကြီးအစည်းအဝေးတရပ် ပြုလုပ်နေသည်ဟု ပြည်တွင်း မီဒီယာက ရေးသည်။

ဝန်ကြီးဌာနတွေရှေ့မှာ ဆန္ဒပြ

(PAD) အဖွဲ့၏ အဓိက အဖွဲ့ဝင် ဆွမ်ဆက် ကိုဆိုင်ခူလ် ဦးဆောင်သည့် ဆန္ဒပြသူ (၂၀၀၀) ခန့် သည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီးဌာနများ ရှေ့မှောက်တွင် ယနေ့ ဆန္ဒပြနေကြသည်။ လက်ရှိအခြေအနေတွင် အရေးပေါ် အခြေအနေတရပ်အဖြစ် ကြေညာရန်မလိုဟု ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်က ပြောသည်။

နောက်ဆုံးတိုက်ပွဲ

ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရ၀ပ်နှင့် အစိုးရအဖွဲ့ပြုတ်ကျသွားမည်ဆိုသည့် ယုံကြည်မှုနှင့်အတူ ယနေ့ ဆန္ဒပြပွဲတွင် (PAD) သည် ၎င်း၏ အနာဂတ်ကို လောင်းကြေးထပ်နေသည်။

ယနေ့သူနိုင်ကိုယ်နိုင်ဆန္ဒပြပွဲသည် “နောက်ဆုံးတိုက်ပွဲ”ဟု (PDA) ထဲမှ ခေါင်းဆောင်ပိုင်းတဦးဖြစ်သည့် ဆွန်ဒီလင်ထောင်ခူလ်က “ဒီတကြိမ်မှာ ကျနော်တို့ရှုံးနိမ့်မယ်ဆိုရင် ကျနော်တို့ နောက်ဆုတ်ပြီး နိုင်ငံကို သူတို့လက်ထဲ ပေးအပ်လိုက်မယ်။ လူတွေက ကျနော်တို့ကိုမှ ဂရုမစိုက်တဲ့နောက် ကျနော်တို့ကလည်း ပြည်သူတွေကို ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ကို သူများတွေပဲ ယူပစေတော့ပေါ့” ဟု ပြောသည်။

သို့ရာတွင် မေလ (၂၅) ရက်နေ့ကတည်းကဆန္ဒပြနေခဲ့သော ထိုအဖွဲ့သည် ပါလီမန်ပြင်ပမှ ၀န်ကြီးချုပ်ရာထူးကို ဆင်းခိုင်းသည့်လှုပ်ရှားမှုမှန်သမျှကို ငြင်းဆန်နေသော ၀န်ကြီးချုပ်စမတ်၏ ဖီဆန် မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

အစိုးရသည် တရားဝင်အာဏာရအစိုးရဖြစ်သောကြောင့် အစိုးရကို ဖယ်ရှားရေး သည်လည်း ပါလီမန် မှတဆင့် ဖယ်ရှားခြင်းသာ ဖြစ်သင့်သည်ဟု မစ္စတာ စမတ်က ပြောသည်။

“၀န်ကြီးချုပ် တယောက်အနေနဲ့ တိုင်းပြည်တွင်း ငြိမ်ဝပ်ပိပြားရေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်။ ဆန္ဒပြတာတွေဟာလည်း တရားဝင်စည်းဘောင် ထဲကနေပဲ လုပ်သင့်ပါတယ်။ တရားလွန် ဖြစ်သွားမယ် ဆိုရင်တော့ ရဲတွေက အရေးယူမှာဖြစ်ပါတယ်” ဟု စမတ်က ပြောသည်။

မစ္စတာဆွန်ဒီက (PDA) ကိုထောက်ခံအားပေးသူ (၃) သိန်းခန့် ယနေ့ဆန္ဒပြ မည်ဟုမျှော်လင့်ထားသော်လည်း ရဲဖက်ကမူ ဆန္ဒပြမှုသည် အင်အားသောင်းချီသည် အထိသာရှိမည်ဟု ခန့်မှန်းထား သည်။

အစိုးရ ယန္တယားကို ဖြတ်တောက်ခြင်း

(PAD) ၏ဗျူဟာမှာ အုပ်ချုပ်ရေးနှင့် တိုင်းပြည်ကို တုံ့ဆိုင်းရပ်တန့်စေခြင်း ဖြစ်သည်။ ထိုဗျူဟာထဲတွင် အစိုးရရုံးနှင့် ရချဒမ်နိုအင်လမ်းမတလျှောက်ရှိ ၀န်ကြီးဌာနအားလုံးကို စီးခြင်း၊ ဖူးခက်နှင့် ဟက်ရိုင်တွင်ရှိ လေယာဉ်ကွင်း (၂) ခုကို အဆက်အသွယ်ဖြတ်တောက်ခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ပါဝင်သည်ဟု မစ္စတာ ဆွန်ဒီက ဆိုသည်။

“ဒီနေ့ ဆန္ဒပြတာဟာ ထူးခြားတဲ့ပွဲပါပဲ။ အစိုးရ ယန္တရားတွေ အကုန်ရပ်တန့်မယ့် အရာမှန်သမျှကျနော် တို့လုပ်မယ်။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခဖြစ်စေမယ့်အလုပ်မျိုး လုပ်မှာမဟုတ်ပါဘူး” ဟု ဆွန်ဒီက ပြောသည်။

ယခု အစိုးရရုံး လုံခြုံရေးအတွက် အရင်ထာရတ် ကွန်မင်ဒို (၁၀၀) ခန့် ပါဝင်သော တပ်ဖွဲ့တဖွဲ့ စေလွှတ်ထားသည်ဟု သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်စမတ်နှင့် အစိုးရအဖွဲ့ ရုံးမတက်နိုင်စေရေးအတွက် ဘန်ကောက်ရှိ အစိုးရရုံးသို့ သွားသည့် အဝေးပြေးလမ်းမများ၊ လမ်းများတွင် ပိတ်ဆို့ရန် ယမန်နေ့က ဆန္ဒပြသူ သောင်းချီ၍ စုရုံးခဲ့ကြသည်။

ဘန်ကောက်တွင် (PDA) ဆန္ဒပြသူများက အစိုးရရုံးသို့ဝင်စီးရန် စီစဉ်နေချိန်၌ (PDA) ကိုထောက်ခံ သောသူများက ဘန်ကောက်သို့လာသည့် အဓိကလမ်းမကြီး များကို ပိတ်ဆို့ထားမည်ဟုအဓိဋ္ဌာန် ပြုကြသည်။ ။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...

Thursday, August 7, 2008

အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းသို့ရောက်ရှိ

အမေရိကန်သမ္မတကတော် မစ္စလော်ရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ ခဲ့သည်။

နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းသို့ သွားရောက်ခဲ့ ပြီးနောက် နေ့လည် (၁၂) နာရီခွဲခန့်တွင် မယ်တော်ဆေးခန်းသို့ရောက်ရှိလာပြီး ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့ သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA)၊ မြန်မာအလုပ်သမားများ ပညာရေး ကော်မတီ (BMWEC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) မှ တာဝန်ရှိသူများ က ထိုင်း-မြန်မာ နယ်စပ်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမား အရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံရောက် ကလေးငယ်များ တရားဝင်ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံတကာတက္ကသိုလ် များသို့ တက်ရောက်ပညာဆည်းပူး နိုင်ရေးအပြင် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာ ရေးဆိုင်ရာများကို သမ္မတကတော် လော်ရာဘုရှ်ထံ တင်ပြခဲ့ကြသည်။

လော်ရာဘုရှ်က “မြန်မာပြည်ကနေ မျက်စိခွဲစိတ်ဖို့လာရတယ်ဆိုတော့ မြန်မာပြည်ရဲ့ ကျန်းမာ ရေးအခြေ အနေတွေ ကြပ်တည်းနေတာ တွေ့ရတယ်၊ ၈၈ ခုနှစ်ကနေစပြီး နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာ ရေးအခက်အခဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးရွားလာနေတာကို တွေ့ရတဲ့အတွက် စစ်အစိုးရကို အမေရိကန်အနေနဲ့ ပိုပြီးဖိအားပေးသွားမယ်” ဟု ပြောဆိုခဲ့ သည်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုရရှိမှသာ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ ရေရှည် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေမှာ တစုံလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ် ရန် လိုအပ်ကြောင်းနှင့် လူသားချင်းဆိုင်ရာထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု သူမက ဆက်လက်ပြောဆိုသည်။

ထိုနောက် တက်ရောက်လာသည့်တာဝန်ရှိသူများက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ပြောင်းလဲရေး အတွက် ပူးပေါင်းလုပ်ဆောင်နေကြသည့် လူမှုအဖွဲ့အစည်းများ၏ ပိုမိုတိုးမြှင့်ပေးနိုင်ရန် သမ္မကတော်အား တင်ပြဆွေး နွေးကြသည်။

“အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အလုပ်သမားတွေနဲ့ ကလေးငယ်တွေ အာမခံ ချက်ကို ပိုကောင်းလာအောင် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ လက်ရှိ အခြေ အနေတွေကို သိရတဲ့ အတွက် ဒီထက်ပိုကြိုးစားပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ကျယ်ပြန့် အောင် ဆွေးနွေးပေးမယ်၊ အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ်” ဟု မစ္စလော်ရာဘုရှ်က ပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီမှ ဆရာ မဖောလ်ရေက “သူ့မအနေနဲ့ မြန်မာပြည်ကို မသွားနိုင်ပေမဲ့ နယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်သားတွေကို တွေ့ဖို့လာရောက်တဲ့အတွက် ဝမ်းသာမိပါတယ်၊ နောက်ထပ်မျှော်လင့်တာက တော့ ကလေးတွေ နိုင်ငံတကာမှာ ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ခွင့်တွေ ရလာလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။

မစ္စလောရာဘုရှ်သည် ယနေ့ညနေပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ပြန်လည် ထွက်ခွာသွား ပြီဖြစ်ပြီး သူမခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရှ်အနေဖြင့်လည်း မြန်မာနိုင်ငံရေး အတိုက်အခံခေါင်းဆောင်များနှင့် နေ့လည်စာ စားသုံးရင်း မြန်မာအရေး ဆွေးနွေးကာ မြန်မာပြည်သူများအား သတင်းစကား တိုကိုက်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

ရိုးမ ၃။

အပြည့်အစုံသို့ ...

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်လျင် နအဖကို ဆုပေးသလို ဖြစ်မည်ဟု သမ္မတဘုရှ် ပြောကြား


အေးချမ်းမြေ့ | သြဂုတ် ၇၊ ၂၀၀၈

မြန်မာပြည်အပေါ် အရေးယူဆောင်ရွက်နေသော အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ အမေရိကန် သမ္မတက “စီးပွားရေး ပိတ်ဆို့တာကို ခုချက်ချင်း ရုတ်သိမ်းလိုက်ရင် နအဖကို ဆုပေးလိုက် သလိုဖြစ်သွားမယ်” ဟု ယနေ့ နေ့လယ်က ပြောသွားကြောင်း သိရသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြိ့ရောက် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်နှင့် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်တို့ နေ့လယ်စာစားပွဲတွင် မြန်မာ့အရေး ပြောဆိုဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေပီ)












ယနေ့ နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်နှင့် ပြည်ပ ရောက် မြန်မာအတိုက်အခံများ နေ့လယ်စာ အတူ စားသောက်ရင်း အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်ကြောင်း ယင်းနေ့လယ်စာ စားပွဲသို့ တက်ရောက် ခဲ့သည့် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

အမေရိကန်သမ္မတက စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်ပါက တခြားသော နိုင်ငံများဆိုလျင် ပူးပေါင်းဆောင်ရွက်၍ ဖြစ်နိုင်သော်လည်း နအဖ အစိုးရနှင့်မူ ပူးပေါင်းဆောင်ရွက်၍ ရ၊ မရ မသေချာ ဟု ပြောသွားကြောင်း ဦးဝင်းမင်းက ဆက်လက် ပြောပြသည်။

“အထူးသဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မဖြစ်နိုင်လောက်ဘူးလို့ သူကပြော သွားတယ်။ ကြည့် ရတာ စီးပွားရေးပိတ်ဆို့မှုကိုတော့ လောလောဆယ် ရုတ်သိမ်းဖို့ အစီအစဉ် ရှိပုံမရဘူး” ဟု ၎င်းကဆိုသည်။

၎င်း နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကလည်း တဦးချင်းစီ ပစ်မှတ်ထား၍ ဆောင်ရွက်သော စီးပွားရေး ပိတ်ဆို့မှုမှာ ထိရောက်ကြောင်း အတိုက်အခံများဘက်မှ တင်ပြခဲ့သည်ဟု ဆိုသည်။

“နအဖအစိုးရအနေနဲ့ ပြည်သူတွေကို သတ်နေတဲ့ ကျည်ဆန်တွေကို လွယ်လွယ်နဲ့ မရနိုင်တော့တဲ့အတွက် ဒီလို ပစ်မှတ်ထား ပိတ်ဆို့မှုဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ထိရောက်တဲ့ လက်နက်တခုဖြစ်တယ်လို့ ကျနော်တို့ ဘက်က ပြောခဲ့ပါတယ်” ဟု ၎င်းကပြောပြသည်။

အမေရိကန် သမ္မတက မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေသည့် အတိုက်အခံ အင်အားစုများကို ချီးကျူး ဂုဏ်ပြုကာ အားပေးသည့် အနေနှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများနှင့် နေ့လယ်စာ အတူ စားသောက် ခြင်းဖြစ်သည်ဟု ထိုနေ့ လယ်စာ စားပွဲတွင် ပြောဆိုသွားကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို သေချာ ထပ်ပြီး ရှင်းပြရင်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို တတ်နိုင်သမျှအားပေးကူညီဖို့ ပြောခဲ့ကြပါတယ်” ဟု ဒေါက်တာနိုင်အောင် က ပြောသည်။

အမေရိကန်သမ္မတဘုရှ်သည် ၎င်းနေ့လယ်စာစားပွဲတွင် မြန်မာအတိုက်အခံများကို ထောက်ခံကြောင်းနှင့် သူ့ဇနီးသည်၏ ပါဝင်ထောက်ခံမှုကိုလည်း ချီးကျူးကြောင်း ပြောကြားသွားသည်ဟု သိရသည်။ ထို့ပြင် ၈ ရက်နေ့တွင် ကျင်းပမည့် ပေကျင်း အိုလံပစ် ဖွင့်ပွဲသို့ သွားရောက်ရင်း မြန်မာပြည်အကြောင်းကို အတတ် နိုင်ဆုံး ပြောပြသွားမည်ဟု ဆိုကြောင်း နေ့လယ်စာ ထမင်းစားပွဲ တက်ရောက်ခဲ့သည့် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

ဦးဝင်းမင်းက ဆက်လက်ပြီး အမေရိကန်သမ္မတနှင့် နေ့လယ်စာ အတူစားသူ မြန်မာ အတိုက်အခံများ ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တရုတ်၊ အိန္ဒိယ နှင့် တခြားသော အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုလက်တွဲ ဆောင်ရွက်ရန် ပြောခဲ့သည်ဟု ဆိုသည်။

“ဒီလိုတွေ့ဆုံ စကားပြောဖြစ်ခဲ့လို့ အများကြီးတော့ မျှော်လင့်လို့ မရနိုင်ပေမယ့် တစုံတရာတော့ မျှော်လင့်လို့ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ သူ့ရာထူး ရှိနေမယ့် ၆ လတာအတွင်း လုပ်နိုင်တဲ့ အတိုင်းအတာ တခုထိ လုပ်ပေးသွားလိမ့်မယ်လို့ ထင်တယ်” ဟု ဦးဝင်းမင်းက သုံးသပ်သည်။

ယခုကဲ့သို့ မြန်မာ အတိုက်အခံများကို ခေါ်ယူတွေ့ဆုံခြင်းက အမေရိကန်အစိုးရ အနေနှင့် မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ၎င်းတို့မည်မျှ စိတ်ပါဝင်စားကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်သည်ဟု ယူဆကြောင်း ဒေါက်တာ နိုင်အောင်က ပြောသည်။


နေ့လယ်စာစားပွဲတွင် ဦးအောင်ဇော်၊ ဦးဝင်းမင်း၊ ပလောင်အမျိုးသမီးအဖွဲ့မှ မလွေးအေးနိုင်တို့ သမ္မတဘုရှ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

“အထူးသဖြင့် တရုတ်ရယ်၊ ကမ္ဘာ့ကုလ သမဂ္ဂ လုံခြုံ ရေးကောင်စီရယ်ကို ပိုပြီး ဖိအားပေး လုပ်ဆောင်ဖို့ ဆက်ပြောသွား မယ့်သဘောရှိတယ်ဗျ။ နောက်ပြီး ထိုင်း နိုင်ငံကိုလည်း မြန်မာဒုက္ခသည်တွေကို ပိုစောင့် ရှောက်ပေးဖို့ သူပြောလိမ့်မယ်။ မြန်မာ အစိုးရကိုလည်းသူတို့လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက တရားမဝင်ဘူး၊ အားနည်းတယ် စသည်ဖြင့် ဆက်ပြော သွားမယ့်သဘောရှိတယ်” ဟု ဦးဝင်းမင်း က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်း သားများ စောင့်ရှောက်ရေးအသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် မြန်မာပြည်တွင်း ဖမ်းဆီးထိမ်း သိမ်းခံနေရသော နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ အနေနှင့် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ပြောပြသည်။

“အမေရိကန် သမ္မတအနေနဲ့ သူတာဝန်ယူရမယ့်ကာလ ၆ လတာ အတွင်းမှာ အတတ်နိုင်ဆုံး လုပ်သွားမယ် ဆိုပေမယ့် နောက်ထပ်တာဝန်ယူမယ့် သမ္မတကို ငဲ့ရမယ့် အပိုင်းတွေကလည်း ရှိဦးမယ်လေ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးက ကျနော် တို့ အားလုံးရဲ့ တိုင်ပင် အကြံထုတ်မှုပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော် တော့မြင်ပါတယ်” ဟု ဒေါက်တာ နိုင်အောင်က ပြောသည်။

အမေရိကန်သမ္မတနှင့်အတူ နေ့လယ်စားစားသောက်သည့် ထမင်းစားပွဲသို့ ဒေါက်တာနိုင်အောင်၊ ဦးဘိုကြည်၊ ဦးဝင်းမင်း၊ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် တို့ အပါအဝင် မြန်မာ အတိုက်အခံ ၉ ဦးတက်ရောက်ခဲ့ပြီး ၎င်းနေ့လယ်စာ စားပွဲမှာ မွန်းတည့် ၁၂ နာရီမှ နေ့လည် ၁ နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတနှင့် မြန်မာအတိုက်အခံများ နေ့လယ်စာစားနေသည်နှင့် တချိန်တည်းတွင် ၎င်း၏ ဇနီးလော်ရာဘုရှ် ကလည်း ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော် ဆေးခန်းနှင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာနေပြီဖြစ်ကြောင်း သိရသည်။

အပြည့်အစုံသို့ ...

မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ် အောင်လုပ်မည်

အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ်သည် မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ်အောင်လုပ်မည်ဟု ပြောဆိုပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုမည်ဟု ယနေ့ ဘန်ကောက်၌ ပြောကြားမည့် သမ္မတ မိန့်ခွန်း မိတ္တူထဲတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေမှုကို အဆုံးသတ်ဖို့ ကျနော်တို့လုပ်မှာပါ။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားနိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ အမေရိကန်နိုင်ငံအနေနဲ့ ထပ်လောင်းပြောချင်ပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့ လွတ်လပ်ရေး ခံစားခွင့်ရတဲ့အထိ ကျနော်တို့ လုပ်ဆောင် သွားမှာပါ” ဟု မိန့်ခွန်းထဲတွင် ပြောထားသည်။

ဆိုးလ်မြို့မှ ဘန်ကောက်သို့ သမ္မတဘုရှ် လာနေချိန်တွင် အာရှနိုင်ငံများပေါ်တွင် အမေရိကန် နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်သည့် အမေရိကန်သမ္မတ မိန့်ခွန်းမိတ္တူ ထုတ်ပြန်ခြင်းဖြစ်သည်။ သောကြာနေ့တွင် ဖွင့်လှစ်မည့် တရုတ်နိုင်ငံ အိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်မီ အာရှနိုင်ငံများသို့ လည်ပတ်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် စမတ်ကလည်း သမ္မတဘုရှ်တို့ ဇနီးမောင်နှံကို ညစာစား ဧည့်ခံပွဲမတိုင်မီ စကားလက်ဆုံ ပြောကြားမည်ဖြစ်သည်။

ယနေ့တွင် သမ္မတဘုရှ်သည် အရှေ့အာရှနှင့် အမေရိကန် ဆက်ဆံရေး နှင့်ပတ်သက်သော အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားမည်ဖြစ်ပြီး အမေရိကန်သမ္မတ သက်တမ်းကာလ အတွင်း အာရှနိုင်ငံတွင် နှုတ်ဆက်မိန့်ခွန်း ပြောကြားခြင်းဖြစ်မည်ဟုလည်း ယူဆရသည်။

ကျူးဘား၊ အီရန်၊ မြောက်ကိုးရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရပ်စ်နိုင်ငံများနှင့် တန်းတူ "ရက်စက် ကြမ်းကြုတ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ" အဖြစ် အမေရိကန်သမ္မတ ဘုရှ်က သတ်မှတ်ခဲ့သည့် မြန်မာနိုင်ငံကိုလည်း ဘုရှ်၏ ဒီမိုကရေစီရေး ပြောစကားများထဲတွင် ပစ်မှတ်ထား အပြောခံရ မည်ဖြစ်သည်။ ။

အပြည့်အစုံသို့ ...

Saturday, August 2, 2008

မြန်မာလူထုထံသို့ သမ္မတဘုရှ် ရေဒီယိုမှ သတင်းစကားပါးမည်


အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ်သည် မြန်မာ အသံလွှင့် ဌာနများမှ တဆင့် မြန်မာနိုင်ငံ ပြည်သူများထံသို့ တိုက်ရိုက် သတင်းစကား ပြော ကြားမည်ဟု အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ အာရှရေးရာ ဒါရိုက်တာ ဒန်းနစ်ဝယ်လ်ဒါ က ဇူလိုင် (၃၀) ရက် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်

သမ္မတဘုရှ်၏ တောင်ကိုးရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ ပေကျင်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတို့သို့ သွားရောက်လည်ပတ်မည့် တပတ်ကြာ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိသည့်အခါ ယင်းသို့ပြောကြားရန် အစီအစဉ်ရှိခြင်းဖြစ်သည်။

သမ္မတဘုရှ်သည် သြဂုတ် (၇) ရက်၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနှင့် ပတ်သက်၍ အန်ဂျီအိုများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် နေ့လည်စာစားရင်း တွေ့ဆုံစကားပြော မည်ဖြစ်ကြောင်း ထို့နောက် မြန်မာလူထုအား တိုက်ရိုက် သတင်းစကားပါးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ထုတ်လွှင့်နေသည့် အသံလွှင့်ဌာနများအား အင်တာဗျူး လက်ခံဖြေကြားမည်ဟု သိရသည်။

တချိန်တည်း၌ပင် သမ္မတကတော် လော်ရာဘုရှ်သည်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ သွားရောက်၍ မယ်လဒုက္ခသည်စခန်းနှင့် ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက် လည်ပတ်ရန် အစီအစဉ်ရှိသည်။ ။

ခေတ်ပြိုင်မှ

အပြည့်အစုံသို့ ...