နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, August 31, 2008

လူမှုအရင်းသစ် ( သို့မဟုတ် ) လှသောဂိမ်း

အများပိုင် အရင်းအမြစ်

လူ့အဖွဲ့အစည်းတွင လူအများ ခွဲဝေသုံးစွဲရသော အရင်းအမြစ်များ ရှိသည်။ စားကျက်မြက်ခင်း၊ ငါးဖမ်းရာရေပြင်၊ သစ်တော၊ သောက်သုံးရေ စသည်တို့ဖြစ် သည်။ ဤသည်တိုကို ခြုံငုံ၍ “ အများပိုင် အရင်းအမြစ်များ ” ( Common pool resources ) ဟု ခေါ်ပါသည်။ ပြောရလျှင် ဤသို့သော အများပိုင်အရင်းအမြစ် များကို ခွဲဝေသုံးစွဲရေးမှာ ပြဿနာအလွန်ကြီးနိုင်သော ကိစ္စဖြစ်သည်။ သမိုင်းတွင် အများပိုင်အရင်းအမြစ်များ အဝေမတည့်ရာမှ ဖြစ်ပွားရသော စစ်ပွဲများပင် မနည်း မနော ရှိခဲ့ဖူးသည်။ သို့အတွက် လူမှုဗေဒပညာရှင် “ ဂါရက်ဟာဂင် ” က အဆိုပါ အများပိုင် အရင်းအမြစ် များနှင့်ပတ်သက်ပြီး“ အများပိုင် အလွမ်းဇာတ်များ ” (tragedy of the commons) ကိုမွေးထုတ်ပေးသည့် ရေခံမြေခံဟု ဆိုခဲ့ခြင်း ဖြစ်သည်။

သို့ဖြင့် အများပိုင် အလွမ်းဇာတ်များကို ကာကွယ် တားဆီးနိုင်ရန် အတွက် ထက်အောက် ဖွဲ့စည်းပုံမှလာသော သတ်မှတ်ပြဋ္ဌာန်းချက်များကို အသုံးပြုရသည် များ ရှိလာသည်။ သူ့အလိုလို ပေါ်ထွက်လာသော လူမှုအရင်းတခုတည်းနှင့်ဖြေရှင်း ရန်မလွယ်၍ ဥပဒေအမိန့် အာဏာများဖြင့် ကန့်သတ်ရသည့်သဘော ဖြစ်ပါသည်။ သို့နှင့်တိုင် ဤသို့သောအပြုအမှုမျိုးကို တစ်ခုတည်းသော နည်းလမ်းအဖြစ် ကျင့်သုံးလိုက်လျှင်မှု အမှန်ပင်ပြဿနာ ရှိနို်င်ပါသည်။ ဆိုဗီယက်ယူနီယံလက်တွေ့ ကျင့်သုံးခဲ့သော စီမံကိန်းစီးပွားရေးစနှစ် ပြိုကျခဲ့ရသည်မှာဤသဘော ဖြစ်ပါသည်။ ဆိုဗီယက်အစိုးရက လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ ကုန်ထုတ်အရင်းအနှီး အားလုံးကို အများပိုင်အရင်းအမြစ်အဖြစ် သဘောထားလိုက်သည်။ ထို့နောက် နိုင်ငံတော်က တိုက်ရိုက်ချုပ်ကိုင်ပြီး အမိန့်ပေးစနှစ်နှင့် စီမံခန့်ခွဲခဲ့သည်။ အကျိုးဆက်မှာ စီမံ ကိန်း စီးပွားရေးစနစ်သာမက နောက်ဆုံး ဆိုဗီယက်ယူနီယံ တစ်ခုလုံးပါ ပြိုကျခဲ့ရ သည်အထိ အခြေအနေဆိုးခဲ့ရသည်။

ဤတွင် ဘောဂဗေဒပညာရှင်များက ထက်အောက်ဖွဲ့စည်းပှံနှင့် မဆိုင်သော အခြားနည်းလမ်းများဖြင့် အများပိုင်အရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ရန် နည်းလမ်း ရှာကြံခဲ့ကြသည်။ အဆိုပါဘောဂဗေဒ ပညာရှင်များအနက် “ ရောဘတ်အယ် လစ်ဆင်” မှာ ထင်ရှားသူတစ်ဦးဖြစ်သည်။ သူက အထက်မှအောက်သို့လာ သော အမိန့်ပေးပုံစံမဟုတ်ဘဲ၊ အောက်မှအထက်သို့လာသောအများညီ နှုံန်းစံများဖြင့် ထိန်းနိုင်စရာ ရှိသည်ဟု အဆိုပြုခဲ့သည်။ သူ့အဆိုပြုချက်အတွက် အယ်လစ်ဆင် သာဓကတင်ခဲ့သည်မှာ ၁၉ ရာစု အမေရိကန် ဝေလငါးမုဆိုးများ၏ အတွေအကြုံ များ ပင်ဖြစ်သည်။ မုဆိုးသင်္ဘောတစ်စင်းက ဝေလငါးတစ်ကောင်ကို မှိန်းနှင့် မိမိ ရရ ထိုးလိုက်မိသည်။ သို့သော် ဝေလငါးမသေ လွတ်ထွက်သွားသည်။ အခြားမုဆိုး သင်္ဘောတစ်စင်းက ထိုဒဏ်ရာရဝေလငါးကို အလွယ်တကူ ဖမ်းမိသွားသည်။ ဤတွင်အငြင်းပွားစရာ ဖြစ်လာတော့သည်။ ဝေလငါးကိုမည်သည့် သင်္ဘောပိုင်သင့် သနည်း။ နောက်ဆုံး ဝေလငါးမုဆိုးအားလုံး ညှိနှိုင်းဆွေးနွေး၍ အများညီ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်နိုင်ခဲ့ကြသည်။

ဤအတွေ့အကြုံက ဘာကိုဖေါ်ပြလိုက်သနည်းဆိုလျှင် လူမှုအရင်းကို ညှိနှိုင်း ဆွေးနွေးမှုမှတစ်ဆင့် ရနိုင်စရာရှိသည်ဆိုသော ကောက်ချက် ဖြစ်ပါသည်။ အကျိုးစီးပွားချင်း မတူသောလူများ၊ လူမှုအုပ်စုများကြား “ ကြားအဖြေ ”

(compromise) တစ်ခု ရစေသည့် ဖြေရှင်းနည်းဖြစ်သည်။ ဤသဘောကို သင်္ချာ သရုပ်ခွဲပညာနှင့် ဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်လိုက်ရာ နာမည်ကျော် “ ဂိမ်းသီအိုရီ ” (Game Theory) ဖြစ်ပေါ်လာပါသည်။

အကျဉ်းသားအကြပ်

လူသည် အချင်းချင်းပူးပေါင်းဆောင်ရွက်ရသော လူမှုရေးသတ္တဝါဖြစ်သည့် တိုင် လူတွင်ပုဂ္ဂလိက အကျိုးစီးပွားလည်း အမှန်ပင်ရှိနေပါသည်။ သို့ဖြင့် လူမှု အုပ်စု တစ်ခုအတွင်းမှာပင် အကျိုးစီးပွားခြင်း ထွေးရောယှက်တင် ဖြစ်နေရတော့ သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ရှေးဟောင်း ကွန်မြူနတီခေတ်က “ဆွေမျိုးသားချင်း” ဆက်ဆံရေးကို သုံးခဲ့ကြသည်။ ယခု ကွန်မြူနတီခေတ်သစ် တွင်မှု “အပြန်အလှန်အကျိုးပြုရေး”( reciprocal altruism) အတွက်နည်းလမ်းရှာ ဖွေခဲ့ကြသည်။ ဂိမ်းသီအိုရီမှာ အပြန်အလှန် အကျိုးပြုရေးကို ရှေးရှုသော နည်းနာ တခုဖြစ်ပါသည်။

ဂိမ်းသီအိုရီ၏ အလိုအရ ခြေခံလူမှုဆက်ဆံရေး ပုံစံနှစ်မျိုးရှိသည်ဟု ဆို သည်။ “သူသေ ကိုယ်ရှင်ဆက်ဆံရေး” (Zero Sum Game) နှင့် “သူမနာ ကိုယ်မနာဆက်ဆံရေး” (Non-Zero Sum Game) တို့ဖြစ်သည်။ သူသေကိုယ်ရှင် ဆက်ဆံရေးမှာ အရှုံးအနိုင် အဖြေထွက်ရာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အကြွင်းသုညသာ ဖြစ်၍ အကျိုးမများနိုင်ပါ။ ဆွေမျိုးသားချင်း ဆက်ဆံရေးနှင့် ထက်အောက်ဖွဲ့စည်းပုံမှလာသော ဖြေရှင်းနည်းများမှာ ဤဆက်ဆံရေးတွင် အကျုံး ဝင်သည်။ သူမနာကိုယ်မနာ ဆက်ဆံရေးသည်သာ ပါဝင်ပတ်သက်သူအားလုံး အတွက် “ မျှော်လင့်တန်ဘိုး ” (expected value) မရသည့်တိုင် “ မူလ အခြေ အနေထက် ပိုကောင်း ” (better off) နိုင်၍ လူ့အဖွဲ့အစည်းအတွက် အကျိုးများ နိုင်စရာရှိသည်။ ဤသို့သောဆက်ဆံရေးပုံစံဝင်စေရန် ပါဝင်ပတ်သက်သူအားလုံး ညှိနှိုင်း၍ ကြားအဖြေတခု ရှာရမည် (bargain and compromise) ဟု ဆိုပါသည်။

ဤသဘောကို ထင်ရှားစေရန် ဂိမ်းသီအိုရီက “ အကျဉ်းသား အကြပ် အတည်း ” (Prisoner’s Dilemma) ဆိုသော အယူအဆဖြင့် ဤသို့ရှင်းပြသည်။

နှစ်ကြီ်းအကျဉ်းသားနှစ်ဦးဖြစ်သော A နှင့် B သည် ထောင်ဖောက်ပြေးရန် နှစ်ဦးသဘောတူ ကြံစည်ခဲ့ကြသည်။ သူတို့အကြံကို ထောင်ပိုင်ကြီးက ရိပ်မိ၍ တစ်ယောက်စီခွဲ တိုက်ပိတ်ကာ၊ သီးခြားစီ စစ်ဆေးသည်။ A နှင့် B မှာ ထောင်လက်ကောက်များဖြစ်ရာ ဥပဒေကို အရည်ကျိုသောက် နိုင်သူများပီပီ ဖြောင့်ချက်ပေးလိုက်လျှင် မည်မျှထိပြစ်ဒဏ်ကျနိုင်သည်၊ မပေးဘဲနေလျှင် ဘာဖြစ် နိုင်သည်ကို တွက်ဆနိုင်သူများဖြစ်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် ပေးလိုက် လျှင် ထောက်ဒဏ် (၄) နှစ်စီကျနိုင်သည်။ နှစ်ယောက်စလုံးဖြောင့်ချက် မပေးလျှင် မှု (၃) နှစ်သာ ကျနိုင်စရာရှိသည်။ အကယ်၍ A ပေးပြီး B က မပေးလျှင် B အတွက်ပို၍နာမည်။ (၁၂) နှစ်ထိဖြစ်သွားနိုင်သည်။ A အတွက်မှု (၂) နှစ်မျှနှင့် ကိစ္စပြီးနိုင်သည်။ အလားတူ A ကဖြောင့်ချက်မပေးဘဲ B ကပေးလိုက်လျှင် A က (၁၂) နှစ် B က (၂) ဖြစ်လိမ့်မည်။

ပို၍ရှင်းလင်းစေရန် သူတို့နှစ်ယောက် ကျနိုင်စရာရှိသည့် ထောင်ဒဏ် အသီးသီးကို အောက်ပါအတိုင်း ဇယားနှင့် ဖေါ်ပြပါမည်။( ဂဏန်းနှစ်လုံးတွဲ၍ ဖေါ်ပြ ထားရာရှေ့ဂဏန်းမှာ A အတွက်၊ နောက်ဂဏန်းမှာ B ဟုနားလည်ကြပါရန် )



B



ဖြောင့်ချက်ပေး

ဖြောင့်ချက်မပေး

A

ဖြောင့်ချက်ပေး

၎း ၎

၂း ၁၂

ဖြောင့်ချက်မပေး

၁၂း ၂

၃း ၃


သူတို့နှစ်ယောက်လုံး လိုချင်သည်မှာ အနည်းဆုံးပြစ်ဒဏ် (၂) နှစ်ဖြစ်ပါ လိမ့်မည်။ (၂) နှစ်သည် နှစ်ယောက်စလုံး၏ “ မျှော်လင့်တန်ဖိုး ဖြစ်သည့်အတွက် နှစ်ယောက်လုံး ဖြောင့်ချက်ပေးလိုက်လျှင် (၄) နှစ်စီ ဖြစ်သွားနိုင်သည်။ အကယ်၍ တစ်ဦးကိုတစ်ဦး ယုံကြည်မှုဖြင့် ဖြောင့်ချက်မပေးဘဲ တင်းခံနိုင်လျှင် (၃) နှစ်စီ သာကြာလိမ့်မည်။ (၄) နှစ်ထက်စာလျှင် (၁) နှစ်သက်သာ၍ “ မှုလအခြေအနေ ထက် ပိုကောင်း ” သည်ဟု ဆိုနိုင်သည်။ နှစ်ယောက်လုံးအတွက် ကျေနပ်သင့် သောအဖြေ ဖြစ်ပါသည်။ သို့နှင့်တိုင်သူတို့နှစ်ဦးမှာ တွေ့ဆုံညှိနှိုင်း ခွင့်မရ၍ အဖြေ မှာ အမျိုးမျိုးဖြစ်သွားနိုင်သည်။ အကယ်၍ တွေ့ဆုံညှိနှိုင်းခွင့်သာရလျှင် နှစ်ယောက် လုံး ဖြောင့်ချက်မပေးဘဲ ငြင်းကြဘို့များပါသည်။

ဤတွင် ပုံပြင်ကပေးသော သင်ခန်းစာများကို ဤသို့စာရင်းချပြနိုင်သည်။

၁။ တွေဆုံညှိနိုင်းခွင့်သာရလျှင် နှစ်ယောက်လုံးအတွက် အကောင်းဆုံးအဖြေ ရပါ လိမ့်မည်။

၂။ ပါဝင်ပတ်သက်သူများအကြားတွင် အပြန်အလှန် ယုံကြည်မှုရှိဖို့ အထူးအ ရေးကြီးပါသည်။ (ယုံကြည်မှုမရှိလျှင် အားလုံးပို၍ နစ်နာနိုင်သည်)

၃။ ပါဝင်ပတ်သက်သူအားလုံး ကြိုတင်တွက်ဆနိုင်စွမ်း ရှိဖို့လိုပါသည်။ ပညာ အခြေခံ ရှိဖို့လိုသည်။

၎။ မျှော်လင့်တန်ဖိုးကို အသေဆုပ်ကိုင်မထားဘဲ မှုလအခြေအနေထက် ပိုကောင်း လျှင်ပင် ကျေနပ်သင့်သည်။

ဤသည်ပင် ဂိမ်းသီအိုရီက အကြံပြုလိုက်သော လူမှုအရင်း ဖန်တီး တည်ဆောက်နိုင်ရေး ဗျူဟာတစ်ခု ဖြစ်ပါသည်။ ယခုအခါ တိုင်းပြည်တစ်ခု ချင်း၏ စီးပွားရေး၊ နိုင်ငံရေးသာမက နိုင်ငံတကာရေးရာများတွင်ပါ တွင်တွင် ကျယ်ကျယ် ကျင့်သုံးနေသော ဗျူဟာတစ်ခုလည်း ဖြစ်သည်။

အကန့်အသတ်များ

စက်မှုတော်လှန်ရေးမတိုင်မီ လူမှုအရင်းမှာ၊ ထက်အောက်ဖွဲ့စည်းပုံနှင့် မဆိုင်ဘဲ သူ့အလိုလို ပေါ်ထွက်လာသည် (Spontaneity) က များပါသည်။ သို့နှင့်တိုင် သူ့အလိုလိုပေါ်ထွက်လာသည့် နှုန်းစံများမှာ အကန့်အသတ်တစ်ခု အတွင်းတွင်သာ အသုံးတဲ့ရှင်သန်နိုင်စရာ ရှိသည်။ အကန့်အသတ်များ တရစပ် ကျိုးပေါက်နေသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွက် အခါခပ်သိမ်း ဆီလျှော် လိမ့်မည် မဟုတ်ပါ။

လူမှုဗေဒပညာရှင် “ အယ်လီနာ အော့စတွမ်” က ကြုံတွေ့နိုင်စရာရှိသော အကန့်အသက် အချို့ကို ဤသို့ ရေတွက်ပြပါသည်။

၁။ အရွယ်ပမာဏ (Size)

မည်သည့်အဖွဲ့အစည်းတွင်မဆို အချောင်သမားများ ရောပါနေတက်သည် သာ ဖြစ်သည်။ အကယ်၍ အရွယ်အစားငယ်သော အဖွဲ့အစည်းဆိုလျှင် ပြသနာ မရှိလှပါ။ ဆရာဝန်အနည်းငယ်ပေါင်းဖွင့်ထားသော ဆေးခန်း သို့မဟုတ် ရှေ့နေ အချို့ဖြင့် စုစည်းထားသော ဥပဒေအကျိုးဆောင် အဖွဲ့မျိုးတွင် အဖွဲ့ဝင် တစ်ဦးဦး ချောင်ခို နေသည်ကို အလွယ်နှင့်သိနိုင်ပါသည်။ သို့နှင့်တိုင် အလုပ်သမား ထောင် နှင့် ချီအလုပ်လုပ်ကြသော စက်ရုံမျိုးတွင်အချောင်သမားကို ရှာဖွေဖေါ်ထုတ်ဖို့လွယ် လိမ့်မည် မဟုတ်တော့ပါ။ သို့အတွက် အရွယ်ပမာဏမှာ အကန့်အသတ် တစ်ခု ဖြစ်နေတော့သည်။ ကမ္ဘာနှင့် ချီ၍ အလုပ်လုပ်ကြရသော ကော်ပိုရေးရှင်းကြီးများ အတွက် အလုပ်ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြဘို့ ဖြစ်ပါသည်။

၂။ အဖွဲ့အစည်း စည်းဝိုင်း (Boundaries)

အဖွဲ့အစည်း စည်းဝိုင်း ပီပီပြင်ပြင်ရှိလျှင် ပြသဿနာမရှိပါ။ ဤသို့မဟုတ် ဘဲ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ဖြစ်နေသော အဖွဲ့အစည်းဆိုလျှင် ဒုက္ခပေး မည့်သူများ အချိန်အရွေး ဝင်ယောက်လာနိုင်ပါသည်။ သို့အတွက် အဖွဲ့အစည်း စည်းဝိုင်း ပီပီပြင်ပြင် ရှိမရှိမှာလည်း နောက်ထပ် အကန့်အသတ် တစ်ခုဖြစ်ပါသည်။ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းနေထိုင် လုပ်ကိုင်ကြသော ဂလိုဘယ်စီးပွားရေး ခေတ်တွင် အလုပ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြဘို့ ဖြစ်ပါသည်။

၃။ ထပ်ကျော့တုံ့လှယ်မှု (Repeated Interaction)

လူမှုရေးအရ ရွေ့ပြောင်းနေထိုင်မှုမရှိဘဲ ပြင်ပကမ္ဘာနှင့် အဆက်အစပ် မရှိသော အဖွဲ့အစည်းမျိုးဆိုလျှင် ပြသနာမရှိလှပါ။ မိမိတို့ အချင်းချင်းတုံ့ပြန် ဆက်ဆံမှုများနှင့်သာ ထပ်ကျော့ရင်ဆိုင်ရ၍ အလိုလို ဖြစ်တည်နေသော နှုန်းစံ များနှင့် လုံလောက်နိုင်ပါသည်။ တောင်ပေါ် ကျေးရွာများ၊ အမဲလိုက်အဖွဲ့ အစည်း များမှာ ဤသဘောပင်ဖြစ်သည်။ ခက်နေသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် တွင် မည်သည့်အဖွဲ့အစည်းမှ အထီးကျန်ဘဝဖြင့် မလုံခြုံနိုင်တော့ ခြင်းပင်။

၎။ ဘုံဓလေ့စရိုက် (Common Culture)

“ ဓလေ့စရိုက်တိုက်ပွဲ ” (clash of cultures) မှာ ဂလိုဘယ်လိုက် ဇေးရှင်း၏ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါသည်။ ဓလေ့စရိုက်တစ်ခုတည်းရှိသော လူများ နှင့် ဖွဲ့စည်းထားလျှင် ပြဿနာမရှိနိုင်သော်လည်း၊ ဓလေ့စရိုက်မျိုးစုံ ထွေပြားလာ လျှင် ယုံကြည်မှုဝင်ရိုး ပွန်းပဲ့တိုက်စားခံနိုင်စရာ ရှိပါသည်။

၅။ ပါဝါနှင့်တရားမျှတမှု (Power and Justice)

တရားဝင် သတ်မှတ်ပြဌာန်းထားခြင်းမရှိသော နှုန်းစံများမှာ အဖွဲ့အစည်း တစ်ခု၏ ယုံကြည်မှုဝင်ရိုးကိုမှု ခိုင်မာနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် အခြားအဖွဲ့ အစည်းတခုကိုမှု ဓန၊ ပညာ၊ ကျွမ်းကျင်မှု၊ စစ်အင်အား စသော ပါဝါများဖြင့် လွမ်းမိုးချုပ်ကိုင်လိုသည့် တိမ်းညွှတ်မှုများလည်း ရှိတက်သည်။ တရားမျှတမှု ရှု့ထောင်မှကြည့်လျှင် မဖြစ်သင့်ပါ။ အထူးသဖြင့် ကမ္ဘာလုံးချီ လှုပ်ရှားဆောင်ရွက် ရသော ကာလမျိုးတွင် ပဋိပက္ခမျိုးစုံကို ဖန်တီးရာရောက် နိုင်ပါသည်။

ဤသို့သော အကန့်အသတ်များရှိနေ၍ လူမှုအရင်း တည်ဆောက်ရေးကို ရှေးယ္ခင်ကလို အလိုလိုဖြစ်ပေါ်မှုတစ်ခုတည်း အားကိုးရုံမျှနှင့် မလုံလောက်တော့ ပါ။ တရားဝင် သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းဖို့ လိုပါသည်။ ထို့ထက် ဂိမ်းသီအိုရီလို တီထွင်ဖန်တီးမှုမျိုးဖြင့် လူမှုအရင်းကို အားဖြည့်နိုင်ဖို့လည်း အရေးကြီးပါသည်။ မည်သို့ပင်ဆိုစေ၊ ပတိရူပ လူ့အဖွဲ့ အစည်းတစ်ရပ် တည်ဆောက်ရာတွင် “ လူမှုအရင်း ” မှာ အခြေခံ အုတ်မြစ် သဘော ဖြစ်နေရာ၊ လူမှုအရင်း သန်စွမ်းရေးသည်ပင် သော့ချက်အကျဆုံး ပေါ်လစီ ပြဿနာဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ ။

ကျော်ဝင်း