နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, August 7, 2008

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်လျင် နအဖကို ဆုပေးသလို ဖြစ်မည်ဟု သမ္မတဘုရှ် ပြောကြား


အေးချမ်းမြေ့ | သြဂုတ် ၇၊ ၂၀၀၈

မြန်မာပြည်အပေါ် အရေးယူဆောင်ရွက်နေသော အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ အမေရိကန် သမ္မတက “စီးပွားရေး ပိတ်ဆို့တာကို ခုချက်ချင်း ရုတ်သိမ်းလိုက်ရင် နအဖကို ဆုပေးလိုက် သလိုဖြစ်သွားမယ်” ဟု ယနေ့ နေ့လယ်က ပြောသွားကြောင်း သိရသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြိ့ရောက် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်နှင့် ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်တို့ နေ့လယ်စာစားပွဲတွင် မြန်မာ့အရေး ပြောဆိုဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေပီ)












ယနေ့ နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်နှင့် ပြည်ပ ရောက် မြန်မာအတိုက်အခံများ နေ့လယ်စာ အတူ စားသောက်ရင်း အထက်ပါအတိုင်း ပြောသွားခြင်း ဖြစ်ကြောင်း ယင်းနေ့လယ်စာ စားပွဲသို့ တက်ရောက် ခဲ့သည့် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

အမေရိကန်သမ္မတက စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်ပါက တခြားသော နိုင်ငံများဆိုလျင် ပူးပေါင်းဆောင်ရွက်၍ ဖြစ်နိုင်သော်လည်း နအဖ အစိုးရနှင့်မူ ပူးပေါင်းဆောင်ရွက်၍ ရ၊ မရ မသေချာ ဟု ပြောသွားကြောင်း ဦးဝင်းမင်းက ဆက်လက် ပြောပြသည်။

“အထူးသဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မဖြစ်နိုင်လောက်ဘူးလို့ သူကပြော သွားတယ်။ ကြည့် ရတာ စီးပွားရေးပိတ်ဆို့မှုကိုတော့ လောလောဆယ် ရုတ်သိမ်းဖို့ အစီအစဉ် ရှိပုံမရဘူး” ဟု ၎င်းကဆိုသည်။

၎င်း နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကလည်း တဦးချင်းစီ ပစ်မှတ်ထား၍ ဆောင်ရွက်သော စီးပွားရေး ပိတ်ဆို့မှုမှာ ထိရောက်ကြောင်း အတိုက်အခံများဘက်မှ တင်ပြခဲ့သည်ဟု ဆိုသည်။

“နအဖအစိုးရအနေနဲ့ ပြည်သူတွေကို သတ်နေတဲ့ ကျည်ဆန်တွေကို လွယ်လွယ်နဲ့ မရနိုင်တော့တဲ့အတွက် ဒီလို ပစ်မှတ်ထား ပိတ်ဆို့မှုဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ထိရောက်တဲ့ လက်နက်တခုဖြစ်တယ်လို့ ကျနော်တို့ ဘက်က ပြောခဲ့ပါတယ်” ဟု ၎င်းကပြောပြသည်။

အမေရိကန် သမ္မတက မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေသည့် အတိုက်အခံ အင်အားစုများကို ချီးကျူး ဂုဏ်ပြုကာ အားပေးသည့် အနေနှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများနှင့် နေ့လယ်စာ အတူ စားသောက် ခြင်းဖြစ်သည်ဟု ထိုနေ့ လယ်စာ စားပွဲတွင် ပြောဆိုသွားကြောင်း သိရသည်။

“ကျနော်တို့ဘက်ကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို သေချာ ထပ်ပြီး ရှင်းပြရင်း အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို တတ်နိုင်သမျှအားပေးကူညီဖို့ ပြောခဲ့ကြပါတယ်” ဟု ဒေါက်တာနိုင်အောင် က ပြောသည်။

အမေရိကန်သမ္မတဘုရှ်သည် ၎င်းနေ့လယ်စာစားပွဲတွင် မြန်မာအတိုက်အခံများကို ထောက်ခံကြောင်းနှင့် သူ့ဇနီးသည်၏ ပါဝင်ထောက်ခံမှုကိုလည်း ချီးကျူးကြောင်း ပြောကြားသွားသည်ဟု သိရသည်။ ထို့ပြင် ၈ ရက်နေ့တွင် ကျင်းပမည့် ပေကျင်း အိုလံပစ် ဖွင့်ပွဲသို့ သွားရောက်ရင်း မြန်မာပြည်အကြောင်းကို အတတ် နိုင်ဆုံး ပြောပြသွားမည်ဟု ဆိုကြောင်း နေ့လယ်စာ ထမင်းစားပွဲ တက်ရောက်ခဲ့သည့် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ပြောပြသည်။

ဦးဝင်းမင်းက ဆက်လက်ပြီး အမေရိကန်သမ္မတနှင့် နေ့လယ်စာ အတူစားသူ မြန်မာ အတိုက်အခံများ ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တရုတ်၊ အိန္ဒိယ နှင့် တခြားသော အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုလက်တွဲ ဆောင်ရွက်ရန် ပြောခဲ့သည်ဟု ဆိုသည်။

“ဒီလိုတွေ့ဆုံ စကားပြောဖြစ်ခဲ့လို့ အများကြီးတော့ မျှော်လင့်လို့ မရနိုင်ပေမယ့် တစုံတရာတော့ မျှော်လင့်လို့ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ သူ့ရာထူး ရှိနေမယ့် ၆ လတာအတွင်း လုပ်နိုင်တဲ့ အတိုင်းအတာ တခုထိ လုပ်ပေးသွားလိမ့်မယ်လို့ ထင်တယ်” ဟု ဦးဝင်းမင်းက သုံးသပ်သည်။

ယခုကဲ့သို့ မြန်မာ အတိုက်အခံများကို ခေါ်ယူတွေ့ဆုံခြင်းက အမေရိကန်အစိုးရ အနေနှင့် မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ၎င်းတို့မည်မျှ စိတ်ပါဝင်စားကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်သည်ဟု ယူဆကြောင်း ဒေါက်တာ နိုင်အောင်က ပြောသည်။


နေ့လယ်စာစားပွဲတွင် ဦးအောင်ဇော်၊ ဦးဝင်းမင်း၊ ပလောင်အမျိုးသမီးအဖွဲ့မှ မလွေးအေးနိုင်တို့ သမ္မတဘုရှ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

“အထူးသဖြင့် တရုတ်ရယ်၊ ကမ္ဘာ့ကုလ သမဂ္ဂ လုံခြုံ ရေးကောင်စီရယ်ကို ပိုပြီး ဖိအားပေး လုပ်ဆောင်ဖို့ ဆက်ပြောသွား မယ့်သဘောရှိတယ်ဗျ။ နောက်ပြီး ထိုင်း နိုင်ငံကိုလည်း မြန်မာဒုက္ခသည်တွေကို ပိုစောင့် ရှောက်ပေးဖို့ သူပြောလိမ့်မယ်။ မြန်မာ အစိုးရကိုလည်းသူတို့လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက တရားမဝင်ဘူး၊ အားနည်းတယ် စသည်ဖြင့် ဆက်ပြော သွားမယ့်သဘောရှိတယ်” ဟု ဦးဝင်းမင်း က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်း သားများ စောင့်ရှောက်ရေးအသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် မြန်မာပြည်တွင်း ဖမ်းဆီးထိမ်း သိမ်းခံနေရသော နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ အနေနှင့် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ပြောပြသည်။

“အမေရိကန် သမ္မတအနေနဲ့ သူတာဝန်ယူရမယ့်ကာလ ၆ လတာ အတွင်းမှာ အတတ်နိုင်ဆုံး လုပ်သွားမယ် ဆိုပေမယ့် နောက်ထပ်တာဝန်ယူမယ့် သမ္မတကို ငဲ့ရမယ့် အပိုင်းတွေကလည်း ရှိဦးမယ်လေ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးက ကျနော် တို့ အားလုံးရဲ့ တိုင်ပင် အကြံထုတ်မှုပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော် တော့မြင်ပါတယ်” ဟု ဒေါက်တာ နိုင်အောင်က ပြောသည်။

အမေရိကန်သမ္မတနှင့်အတူ နေ့လယ်စားစားသောက်သည့် ထမင်းစားပွဲသို့ ဒေါက်တာနိုင်အောင်၊ ဦးဘိုကြည်၊ ဦးဝင်းမင်း၊ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် တို့ အပါအဝင် မြန်မာ အတိုက်အခံ ၉ ဦးတက်ရောက်ခဲ့ပြီး ၎င်းနေ့လယ်စာ စားပွဲမှာ မွန်းတည့် ၁၂ နာရီမှ နေ့လည် ၁ နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတနှင့် မြန်မာအတိုက်အခံများ နေ့လယ်စာစားနေသည်နှင့် တချိန်တည်းတွင် ၎င်း၏ ဇနီးလော်ရာဘုရှ် ကလည်း ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ မယ်တော် ဆေးခန်းနှင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာနေပြီဖြစ်ကြောင်း သိရသည်။