နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, October 5, 2008

ပြောင်းလဲလိုက်ဖို့ ကျနော်တို့ ၀န်မလေးဘူး

ဘီဘီစီသတင်းဌာနနှင့် ဦးဝင်းတင် ဆက်သွယ်မေးမြန်းချက်

သောတရှင်များခင်ဗျား၊ ဒီတပတ် မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်မှာ ကတော့ အင်းစိန်ထောင် ကနေပြီးတော့ ပြန်လွတ်မြောက် လာတဲ့၊ အန်အယ်လ်ဒီ ပါတီကို စတင်ထူထောင်ရာမှာ တဦး အပါအ၀င် ဖြစ်တဲ့ ၀ါရင့် သတင်းစာ ဆရာကြီးနဲ့ နိုင်ငံရေးသမား ဦးဝင်းတင်နဲ့ ဆက်သွယ်ပြီးတော့ ဆရာ့ရဲ့ လက်ရှိ နိုင်ငံရေး အစီအစဉ်နဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ကျနော်တို့ ဆွေးနွေးကြရအောင်ခင်ဗျ။

ဆရာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီးတော့ အခုပြန်လွတ်လာချိန်မှာလည်းပဲ မူလ တာဝန်တွေကို ပြန်ထမ်းဆောင်ဖို့ အန်အယ်လ်ဒီက နေပြီးတော့လည်း ကမ်းလှမ်းခဲ့ပါတယ်။ ဆရာရေ ကျနော် ပထမ မေးချင်တာကတော့ ဒီ အကျဉ်းသား ကိုးထောင်ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပါတာပေါ့လေ။ ဒီလိုပြန်လွတ်လာတာဟာတဲ့ အစိုးရက သူ့ရဲ့မူဝါဒလမ်းစဉ် ၇ ချက် ချမှတ်ပြီးလုပ်နေရာမှာ ဒီ ၂၀၁၀ ကျလို့ရှိရင်လည်းပဲ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွေ လုပ်မယ်ပေါ့လေ၊ အဆင့် ၅ ကျလို့ရှိရင်၊ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ တဖက်တလမ်းက အကျိုးပြုမယ့် နိုင်ငံသားများအဖြစ် ပြောင်းလဲပေးဖို့အတွက် ဒီလို လွှတ်ပေးရတယ် ဆိုပြီးတော့ သတင်းစာတွေထဲမှာ ဖော်ပြထားတယ်လေ၊ အဲဒီဖော်ပြချက်နဲ့ ပတ်သက်လို့ ဆရာဦးဝင်းတင် ကရော လက်ခံနိုင်လား၊ ဘယ်လို သဘောထားလဲခင်ဗျ။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုပြောချင်တယ်ဗျာ၊ နိုင်ငံတည်ဆောက်ရေး အတွက် တဖက်တလမ်း ကနေ ပါဝင် ဆောင်ရွက်ဖို့ ကူညီဖို့ ဆိုတာကို ကျနော် မူအားဖြင့် ဘာမှ ပြောစရာမရှိပါဘူး။ ဒါ ကျနော်တို့ ပါဝင်ရမှာပေါ့။ သို့သော် နိုင်ငံဆောက်တာ ဘယ်လိုနိုင်ငံမျိုးကို ဆောက်နေတာလဲ။ ဘယ်လိုနိုင်ငံမျိုးကို ဦးတည်နေတာလဲ ဆိုတာ အဲဒီပေါ်မှာ တည်ပြီးတော့ ကျနော်တို့က ပါဝင် ဆောင်ရွက်ခြင်း မဆောင်ရွက်ခြင်းတော့ ရှိမယ်လို့ ကျနော် ပြောချင်ပါတယ်ခင်ဗျ။

ဦးမောင်မောင်သန်း။ ။ ဟုတ်ကဲ့ ၂၀၁၀ ကျလို့ရှိရင် ပါတီစုံ ဒီမိုကရေစီပေါ့လေ ထူထောင်မယ် ဆိုပြီးတော့ အခြေခံဥပဒေကို ပြီးခဲ့တဲ့ မေလကပဲ အကြပ်အတည်း အမျိုးမျိုးကြားကနေ အတည်ပြုနိုင်တယ်ပေါ့၊ အဲဒီ လမ်းကြောင်းကို သူကသွားမယ်ဆိုပြီးတော့ နိုင်ငံတကာကို ကြေညာသလိုပဲ ကမ္ဘာ့ကုလသမဂ္ဂမှာလည်းပဲ ၀န်ကြီး ကိုယ်တိုင်က ထုတ်ဖော် ကြေညာခဲ့တယ်လေ၊ အဲဒီလမ်းကြောင်းကို သွားမယ် ဆိုရင်ကော လက်ခံနိုင်လား လက်မခံနိုင်ဘူးလားခင်ဗျ။

ဦးဝင်းတင်။ ။ လက်မခံနိုင်ပါဘူးခင်ဗျာ။ လက်မခံနိုင်ဘူး ဆိုတာက ဒီလိုခင်ဗျ၊ သူတို့ အခုပြော နေတဲ့ Road Map ဆိုတာ စမပေါ်ခင် တုန်းကထဲက စပြီးတော့ အမျိုးသား ညီလာခံ ဆိုတာက စပေါ်နေ ပြီပေါ့လေ၊ အမျိုးသား ညီလာခံ ဆိုပြီးတော့ စပြီးကျင်းပတဲ့ ၁၉၉၂ နောက်ပိုင်းပေါ့၊ အဲဒီတုန်း ကတည်းက စပြီးတော့ ဒီဟာက မမှန်ဘူး။ မပြည့်စုံဘူး။ ဖွဲ့စည်းပုံ မကောင်းဘူး။ ပါတီစုံလည်း မပါဘူး။ နောက်ပြီးတော့ ကျနော်တို့ လိုချင်တာက ပြည်သူ့ကိုယ်စား လှယ်များ ပြည်သူရဲ့ ဆန္ဒနဲ့အညီ တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေ စုပေါင်း ပါဝင်ပြီးတော့ နောက် ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေပါဝင်တဲ့ ဒီ NC မျိုးနဲ့သာ ကျနော်တို့က လက်ခံနိုင်မယ်ဆိုတာ ကျနော်တို့ အစောကြီးထဲ ကနေ ပြောခဲ့ပါတယ်။ အဲတော့ အခု သူတို့ ကျင်းပခဲ့တဲ့ NC က ပြီးသွားတဲ့ အထိပေါ့ခင်ဗျာ သူတို့ဟာ ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ပါဘူး။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့သူများ မဟုတ်ပါဘူး။ အဲလူများနဲ့ ဖွဲ့စည်းထားတဲ့ NC မျိုးကိုတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။

ဦးမောင်မောင်သန်း။ ။ အဓိက အစိုးရရဲ့ အာဘော်သတင်းစာ တွေထဲမှာ ရေးနေတာ ကတော့ သူတို့ နိုင်ငံရေး လမ်းစဉ်ဟာ ကြာနေရတယ်၊ ဒီမိုကရေစီ ပုံဖော်ဖို့ ခက်ခဲနေရတာ အန်အယ်လ်ဒီက အဲလို ကန့်ကွက်ပြီး ထွက်သွားလို့ ဆိုပြီး တဖက်သတ် စွပ်စွဲတာတွေလည်း ရှိတယ်လေ၊ အဲဒီ အပိုင်းတွေကျတော့ကော အန်အယ်လ်ဒီ အနေနဲ့က ဘယ်လို ဖြေရှင်းနိုင်လဲခင်ဗျ။

ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ခင်ဗျ၊ ဒါက အခြေခံမူ တွေမှာ ကွဲလွဲပြီ၊ အခြေခံ အချက်တွေ မပြည့်စုံဘူး ဆိုရင်တော့ ကျင်းပခြင်း မကျင်းပခြင်းရဲ့ကွာခြားမှုက ဘာမှမရှိတော့ဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံမူတွေ ဒီမိုကရေစီ အင်္ဂါတွေနဲ့ မပြည့်စုံတဲ့ ညီလာခံ တရပ်ဟာ မကျင်းပလည်း သိပ်မထူးဘူး၊ ကျင်းပလည်း သိပ် မထူးဘူး။ အဲ့တော့ ကျနော်တို့က ဒီမိုကရေစီ အရည်အချင်း တွေနဲ့ ပြည့်ဝအောင် လုပ်ပါ၊ ဒီမိုကရေစီ အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် လုပ်ပါ။ ဒီမိုကရေစီအရ ရွေးချယ် တင်မြှောက်တဲ့ ပုဂ္ဂိုလ်များကို ပါဝင်ပါစေ၊ ဒီမိုကရေစီ နည်းကျ ဆွေးနွေးပါစေ၊ ဒီမိုကရေစီ နည်းကျ ဆွေးနွေးတာ တွေကို မူတွေချမှတ်ပါ။ အဲဒီမူတွေ အတိုင်း ဆက်ပြီးတော့ လုပ်ပါ၊ အခြေခံဥပဒေတို့ ဘာတို့ ရေးဆွဲပါ၊ အဲဒီလိုသာ ကျနော်တို့ရဲ့ ဦးတည်ချက်က တလျှောက်လုံး ဒီလိုသဘော ရှိပါတယ်။ အခုဟာကတော့ ပြည်သူ့ဆန္ဒဟာ တလျှောက်လုံး ကင်းကွာနေ တယ်ခင်ဗျ။ အကျဉ်းချုပ် ပြောရရင်တော့။ ပြည်သူ့ဆန္ဒနဲ့ ဘာမှမညီဘူး၊ ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီးတော့ လုပ်ချင်တာ လုပ်ခဲ့တဲ့ ဒီ NC ကြီးကို ကျနော်တို့က မူအားဖြင့်တော့ လက်မခံဘူး၊ အဲလို လက်မခံတဲ့အတွက် အဲလို NC ကနေပေါက်ဖွား လာတဲ့ နောက် တဆင့် ပေါက်ဖွားလာတဲ့ Road Map တို့၊ Constitution တို့ ဆိုတာ အဲဒါတွေ ကျနော်တို့က အသိအမှတ် မပြုနိုင်ပါဘူးခင်ဗျ။

ဦးမောင်မောင်သန်း။ ။ ဒါပေမယ့်လို့ အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကသာလျှင် တခုတည်းသော အရပ်သား အစိုးရ ပေါ်ပေါက်ဖို့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တယ်လို့ သူတို့က ချပြတယ်လေ၊ နောက်ပြီးတော့ ဒီအပေါ်မှာ ဝေဖန်တဲ့လူ၊ ဆန့်ကျင် ကန့်ကွက်တဲ့ သူတွေကိုလည်း အမျိုးမျိုး ဖိနှိပ်တာတွေ ဖမ်းဆီးတာတွေ ရှိသလို အန်အယ်လ်ဒီ အပေါ်မှာလည်း ခါတိုင်းထက် စာရင် ပိုပြီးတော့ တင်းတင်းမာမာ ဆက်ဆံလာတယ်၊ အဲတော့ ဒီလို နိုင်ငံရေးအရ တင်းမာနေတာကို ဆရာတို့ အနေနဲ့ဘက်ကကျတော့ရော ဘယ်လို ဖြေရှင်းနိုင်မယ်လို့ ယူဆလဲခင်ဗျ။

ဦးဝင်းတင်။ ။ ကျနော် ဒီပြဿနာ ဖြေရှင်းဖို့ ဆိုတာကတော့ ဒီအတိုင်း ကတော့ သာမန် အားဖြင့် အမြင်ဆိုရင်တော့ လမ်းဆုံးနေ ပြီပေါ့ခင်ဗျာ၊ ဒါကြောင့် တချို့တွေက ပြောတယ်၊ အခုအစိုးရ ကလည်း ဥပမာ ဆိုပါတော့ ဖွဲ့စည်းပုံကိုလည်း အတည်ပြုလိုက်ပြီ၊ ရှေ့ဆက်ပြီးတော့ စကားတွေ ပြောနေလို့လည်း အပိုပဲ။ ရှေ့ဆက်ပြီးတော့ ရွေးကောက်ပွဲ ၀င်ဖို့ပဲ တလမ်းပဲရှိတော့တယ် ဆိုတော့ ဒါတော့ ကျနော် လက်မခံဘူးခင်ဗျ၊ ကျနော်တို့မှာ လမ်းမဆုံး သေးပါဘူး။ ကျနော်တို့ ဆွေးနွေးစရာတွေ ရှိပါသေးတယ်၊ ဥပမာဗျာ ကျနော် အနီးစပ်ဆုံး မြင်တဲ့ ဖြေရှင်းနည်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပါ၊ အဲဒီလို လွှတ်ပေးတဲ့အခါမှာ နိုင်ငံရေး အခြေအနေတွေ ပျော့ပျောင်းသွားပြီးတော့ ဆက်ဆံရေးတွေ ယုံကြည်မှုတွေ တယောက်နဲ့ တယောက် ပိုတိုးလာမယ်၊ အဲဒီအခြေခံ ပေါ်မှာ တည်ပြီးတော့ တွေ့ဆုံဆွေးနွေး ပွဲတွေ ကျင်းပပါ၊ အဲဒီ ကျင်းပတဲ့ နေရာမှာလည်း ၂ ပွင့်ဆိုင်ဖြစ်ဖြစ်၊ ၃ ပွင့်ဆိုင်ဖြစ်ဖြစ် ဒါတွေ ကျနော်တို့ လုပ်သွားကြရမှာပဲ။ ဆွေးနွေးတဲ့နေရာမှာ အခြားခြားသော နိုင်ငံရေး ပြဿနာများနဲ့ အတူ ရှေ့ဆက်လုပ်မယ့် ခုနသူတို့ပြောတဲ့ ဒီ Constitution ကိစ္စတို့၊ အဲဒီကနေ ပေါက်ဖွား လာမယ့် ပါတီမှတ်ပုံတင်တို့၊ အဲဒီက ပေါက်ဖွားလာမယ့် ရွေးကောက်ပွဲ ဥပဒေတို့၊ အဲဒီကပေါက်ဖွား လာမယ့် လွှတ်တော်တို့ ဒါတွေ ဆက် ဆွေးနွေးသွား ရုံပဲခင်ဗျ။ အဲတော့ ဖြေရှင်းနည်းက ဒီ ၁၀ လမ်းကြောင်းဟာ တွေ့ဆုံ ဆွေးနွေးမှု အောက်မှာပဲ ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးမှုဆိုတာ ကျနော်တို့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ဟာမှာ Key ပါပဲ။ အဲဒီ Key ကို ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကစပြီးတော့ အများ ပြည်သူ၊ အခြားသော အခြားသော နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုများက ထောက်ခံနေတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုထောင်ထဲမှာ ရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်က ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား တွေကို ချွင်းချက်မရှိ လွှတ်ပေးပါ။ လွှတ်ပြီးတဲ့နောက် သူတို့အိမ်မှာ ပြန်ပြီးတော့ အိပ်နေဖို့ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စတွေ ဆက်လက်ပြီး ဆောင်ရွက်ပါလို့ ဆက်ပြီးတော့ တိုက်တွန်းမယ်၊ အဲဒီ နိုင်ငံရေး ဆောင်ရွက်မှုက ဘာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ ဦးခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုး၊ အခြား အခြားသော တိုင်းရင်းသား ခေါင်းဆောင် ပြည်မနိုင်ငံရေး အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များဟာ န၀တ အစိုးရနဲ့ ညှိနှိုင်းကြပါ။ ဆွေးနွေးကြပါ။ တွေ့ဆုံဆွေးနွေးရေး။ အဲဒီ တွေ့ဆုံ ဆွေးနွေးရေးမှာ အဓိကအားဖြင့် အခုလတ်တလော ရင်ဆိုင်ရတော့မယ့် ရှေ့နှစ်ခါလောက်ကစပြီး တွေ့ရမယ့် ရင်ဆိုင်ရမယ့် သူတို့ အတည်ပြု လိုက်တယ်ဆိုတဲ့ Constitution ကနေ ပေါက်ဖွားလာမယ့် လမ်းစဉ်တွေပေါ့ဗျာ၊ နောက်ဆုံး ရွေးကောက်ပွဲအထိ ဦးတည်တဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်ပါ လိမ့်မယ်။

ဦးမောင်မောင်သန်း။ ။ အဲလိုဖြေရှင်းဖို့ကိစ္စကို ဆရာရဲ့လမ်းစဉ် ပြောတဲ့ စု၊ လွှတ်၊ တွေ့ ဆိုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို နိုင်ငံတကာ ကလည်းပဲ တစိုက်မတ်မတ် တောင်းဆိုတယ်၊ ဒါပေမယ့်လို့ ဘာမှ မထူးခြားတဲ့အပြင် သူတို့ဘက်က ဘာပြောလာလဲ ဆိုတော့ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိပ်တိုက် ရင်ဆိုင်ရေးတို့၊ အလုံးစုံ ပျက်သုဉ်းရေးတို့၊ စီးပွားရေး ပိတ်ဆို့ရေး ဆိုတဲ့ လမ်းစဉ်ကို စွန့်လွှတ်မှ ဒါဟာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မယ် ဆိုပြီးတော့ တောက်လျှောက် အစိုးရက အဲဒီဟာကို ကိုင်စွဲထားတယ်လေ၊ ဆရာကကော ဒီအမြင်တွေ ပေါ်မှာ ဘယ်လို သဘောထားလဲ ခင်ဗျ။

ဦးဝင်းတင်။ ။ မဟုတ်ဘူးလို့ပဲ မြင်တယ်၊ အန်အယ်လ်ဒီ လောက်တော့ ကျနော် ကျယ်ကျယ် ပြန့်ပြန့် မသိဘူးပေါ့ဗျာ၊ ဘယ်လို အခြေအနေ ရှိတယ်၊ ဘယ်လိုပြောတယ်၊ ဘယ်လိုဆိုတယ်၊ ဘယ်လိုစကားလုံး သုံးတယ် ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် သာမန် အားဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် မှာလည်း ဒီလိုကိစ္စတွေ ဒေါ်အောင်ဆန်းစုကြည် က လုပ်လေ့လုပ်ထတွေ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း ဆွေးနွေးဖို့ ညှိနှိုင်းဖို့နဲ့သာ အားသန်တဲ့ဟာ ဘယ်တော့မှ ခြိမ်းခြောက်ခြင်းတို့ ဘာတို့ ဒါမျိုးမလုပ်ဘူး။ အဲတော့ ကျနော်ကတော့ အသေးစိတ်တော့ မသိဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဒီလိုစကားမျိုးတွေ မပြောဘူး။ ပြောရင်လည်း ဒီလို ရည်ရွယ် ချက်မျိုးတွေ မထားဘူးလို့ ကျနော် လုံးဝ ယုံကြည်ပါတယ်၊ အဲဒါကြောင့် ကျနော်က တွေ့ဆုံဆွေးနွေးပွဲ လမ်းစဟာ မပျောက်သေးဘူး၊ တွေ့ဆုံဆွေးနွေးဖို့ လိုသေးတယ်၊ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်လာပြီး ရှေ့လျှောက် သွားရမယ့်ဟာတွေကို ဖြေရှင်းဖို့ လမ်းရှိပါတယ်လို့ အဲဒီလို ပြောချင်ပါတယ်ခင်ဗျ။

ဦးမောင်မောင်သန်း။ ။ အစိုးရကနေ ပြီးတော့ ဒီစွပ်စွဲနေတဲ့ အထဲမှာ ဒီ အန်အယ်လ်ဒီရဲ့ လမ်းစဉ်ထဲမှာ ဆိုလို့ရှိရင် စောစောက ဒီ အများပြည်သူတွေ လက်မခံနိုင်တဲ့ မတရားတဲ့ ဥပဒေမှန်သမျှ၊ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ ဒီ confrontational role ကိုလည်း ကိုင်စွဲထားတယ်ဆိုပြီး တချိန်က ရှိခဲ့တဲ့ဟာတွေကို သာဓကတွေနဲ့ ပြပြနေတာ ပေါ့လေ၊ အဲဒီလို ကိုင်စွဲထားတာ တွေမှာလည်း ဆရာဦးဝင်းတင် တို့ကနေပြီးတော့ အကြံပေး ရေးဆွဲနေတာဆိုတဲ့ စွပ်စွဲချက်တွေရှိတော့ အဲဒီဟာနဲ့ ပတ်သက်လို့ကော ဒီလိုလမ်းစဉ်တွေဟာ တကယ်ပဲရှိပါသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဒါ ရှိတယ်လေ၊ ရှိခဲ့တယ်။ ဒါ ငြင်းစရာမလိုဘူး၊ သမိုင်းမှာ ရှိခဲ့တယ်။ သို့သော် ဒီဟာတွေကို သူတို့က မတရားတဲ့ အမိန့် အာဏာတွေနဲ့ ဖိနှိပ်ဖို့ ချုပ်ချယ်ဖို့၊ ပြည်သူကို အမိန့်ပေးဖို့ ပြည်သူ့ အပေါ်ကနေ တက်နင်းဖို့ လုပ်နေရင်တော့ ဒီဟာတွေက ရှိနေမှာပေါ့။ ဒါတွေမရှိဘူး ပြောင်းလဲလာတဲ့ အခြေအနေအရ သူတို့က လျော့ပေါ့ပြီးတော့ စဉ်းစားချင်တယ်၊ ပြေလည်ရေး လမ်းကြောင်းကို လိုက်ချင်တယ်၊ မတရားတဲ့ အမိန့်တွေကို ရုတ်သိမ်းချင် တယ်ဆိုတဲ့ ပျော့ပျောင်း နူးညံ့တဲ့ သဘောထားတွေ ရှိသမျှ ကာလပတ်လုံး ဒီဟာတွေဟာ မရှိဘူးလို့ပဲ ယူဆရမှာပေါ့၊ ကျနော်တို့ ဆန့်ကျင်တယ် ဆိုတာက စစ်အစိုးရကို ဆန့်ကျင်တယ်လို့ ပြောတာမှ မဟုတ်ဘဲ၊ မတရားတဲ့ အမိန့်အာဏာ တွေကို ကျနော်တို့ ဆန့်ကျင်တာပဲ၊ အခုထွက်လာ တော့လည်း ကျနော်ပြောပါတယ်။ ကျနော် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုတာကို မပြောဘူး။ စစ်အာဏာရှင် ဆိုတဲ့ စကားကို မသုံးဘူး။ ပုဂ္ဂိုလ်ရေးတွေ ဖယ်ထား၊ ကျနော်တို့ ပြောနေတာက စစ်အာဏာယန္တရားပဲ။ အဲဒီတော့ ကျနော် ခုနကပြောတဲ့ဟာက အခုစစ်အာဏာယန္တရားက သူတို့က ဆက်ပြီးလှည့်ပတ် နေရင်တော့ ဒီကိစ္စတွေဟာ ရှိနေအုံးမှာပဲ၊ ဒီနေ့ ဒါတွေကို မကျင့်သုံး တော့ဘူး၊ ဒီ အစိုးရဟာ တခြားသော နိုင်ငံရေး နည်းလမ်းတွေကို ရှာကြံမယ်။ ပျော့ပျောင်းတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်မယ်။ ပျော့ပျောင်းတဲ့ ဦးတည်ချက်တွေကို ချမှတ်မယ်ဆိုရင် ကျနော်တို့က အဲဒီ ညှိနှိုင်းမှုအတိုင်း ပြောင်းလဲလိုက်ဖို့ ကျနော်တို့ ဘာမှ ၀န်မလေးဘူး။

ဦးမောင်မောင်သန်း။ ။ ဟုတ်ကဲ့ ဆရာဦးဝင်းတင်။ ကျနော်တို့ ဒီနိုင်ငံရေး စေ့စပ် ဆွေးနွေးဖို့ ဆိုတာလည်း နှစ်ဖက် သဘောထား တင်းမာမှုတွေ လျော့သွားဖို့ အရေးကြီးတယ် ဆိုတာတော့ အများက လက်ခံကြမှာ ဖြစ်ပါတယ်၊ အန်အယ်လ်ဒီပါတီ အနေနဲ့လည်းပဲ နှစ်ပေါင်း ၂၀ နီးပါးပေါ့လေ သူတို့ အရပ်သားအစိုးရ ပေါ်ပေါက်ရေး၊ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ကြိုးပမ်းလာ ပေမယ့်လို့ ကနေ့အထိ လူထုက နေပြီးတော့ လိုလားတဲ့ဟာကို မဆောင်ရွက်နိုင်တော့ အန်အယ်လ်ဒီရဲ့ လက်ရှိ အနေအထား၊ ဒီ စည်းမျဉ်း စည်းကမ်းတွေ၊ မူဝါဒတွေရော ပြန်လည်သုံးသပ်ဖို့၊ ပြုပြင်ဖို့ လိုမယ်လို့ ဆရာ့အနေနဲ့ ယူဆသလားခင်ဗျ။

ဦးဝင်းတင်။ ။ ဒါကတော့ ကျနော်တို့ လုပ်ရမှာပေါ့။ ဒါက ဒီလိုအခြေအနေ မျိုးမှ မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတရပ် ဆိုတာဟာ အမြဲတမ်း အခါအားလျော်စွာ ပြန်သုံးသပ် နေရမှာပဲ၊ ပေါ်လစီတခု ချမှတ်လိုက်တယ် ဆိုတာဟာ ဒါ တသမတ်တည်းကို တသက်လုံး ထာဝရ တည်သွားရမယ်လို့မှ မဟုတ်ပဲဘဲ၊ အခြေအနေတွေ အလျှောက်လုပ်မှာပဲ၊ တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကိုက ညှိနှိုင်းမှု၊ အပေးအယူ အလျှော့အတင်းတွေ၊ ဒါတွေ ခေတ်ကာလ အခြေအနေတွေနဲ့ လိုက်လျော ညီထွေ လုပ်ရမယ့် ကိစ္စတွေပဲ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ လုပ်ရမယ်ဆိုတာကို ကျနော် ဘာမှ မငြင်းဘူးခင်ဗျ။ ဒါ နိုင်ငံရေးနည်းပဲ။ နိုင်ငံရေးလုပ်ငန်းပဲ၊ နိုင်ငံရေးသမားက၊ နိုင်ငံရေး အဖွဲ့အစည်းတခုဟာ ဒါ လုပ်ရမှာပဲ။

ဦးမောင်မောင်သန်း။ ။ ဟုတ်ကဲ့ဆရာ၊ တကယ်လို့ အန်အယ်လ်ဒီမှာ ပြန်ပြီး တာဝန်အပြည့် ယူနိုင်တဲ့အခါ မှာ အဓိက ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုနေတယ်လို့ ဆရာ တွေးထားလဲခင်ဗျ။

ဦးဝင်းတင်။ ။ ဘာတွေလုပ်မယ်ဆိုတာတော့ ကျနော် တကယ်ကတော့ တိတိကျကျ သိပ် မသိသေးဘူး ခင်ဗျ၊ ကျနော် ထောင်ထဲကနေပြီးတော့ အန်အယ်လ်ဒီရဲ့ လုပ်ဆောင်ချက်တွေလည်း မကြားဘူးခင်ဗျ၊ ထောင်ထဲမှာ ကျနော့် တလျှောက်လုံးက တယောက်တည်း ပိတ်ထားတာ။ အခု ကျနော် အစိုးရသတင်းစာ ဖတ်ရတာတောင်မှ သိပ်မကြာသေးဘူး၊ ဒီ ဂျာနယ်တို့ ဘာတို့ ဖတ်ရတာဆို တနှစ်လောက်ပဲ ရှိသေးတာ။ အဲဒီတော့ ကျနော်တော့ အကုန်တော့မသိဘူး၊ သို့သော် ကျနော်က အထဲကို ရောက်သွားရင် ပထမဆုံး စလုပ်ချင် တာကတော့ ကျနော်တို့ ရဲဘော်တွေရဲ့အသံတွေ ရှိတယ်ခင်ဗျ။ နိုင်ငံရေးအဖွဲ့အစည်းမှာ ရင်ခုန်သံတွေ ရှိတယ်၊ ပါးစပ်သံတွေရှိတယ်ခင်ဗျ။ လက်ဟန်ခြေဟန်တွေ ရှိတယ်ဗျ။ ဒါတွေ အကုန်လုံးကို နားလည်အောင်ကြည့်ရလိမ့်မယ်။ အဖွဲ့အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့်က နေပြီးတော့ ဒါတွေရဲ့ သဘောထားတွေက နားလည်အောင် ကြိုးစားရမယ်၊ ကျနော်တို့ နားလည်လွယ်ချင်မှ နားလည်ချင်မှ နားလည်မယ် အဲဒါတွေအတွက် ကျနော်တို့ လုပ်မယ်၊ တစ်။

နှစ်ကတော့ ကျနော်က အဲဒါတွေ စုစည်းပြီးတယ်ဆိုရင် ဒီလူတွေရဲ့စိတ်ဓာတ်တွေ ပြန်ပြီးတော့ ဥပမာဆိုပါတော့ စိတ်အားငယ်နေတာတွေ၊ သို့မဟုတ်ရင်လည်း စိတ်အမြင် တယောက်နဲ့တယောက် မကြည်မ လင်ဖြစ်နေတာတွေ၊ တယောက်နဲ့တယောက် သဘောထား ဆန့်ကျင်ကွဲလွဲနေတာတွေ ဒါတွေကို အကုန်လုံး ဆွဲပြီးတော့ စိချင်တယ်၊ ဆွဲပြီးတော့ စေ့စပ်ချင်တယ်၊ လူတွေ အကုန်လုံး လန်းဆန်း တက်ကြွအောင် ကျနော် ဆောင်ရွက်ချင်ပါတယ်။ အဲဒီကနေတဆင့် ဆိုလို့ရှိရင် ကျနော်တို့ရဲ့ အဓိကလမ်းစဉ်ဖြစ်တဲ့ အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စကို အဓိက ဇောင်းပေးပြီးတော့ ပြောမှာပဲ၊ တောင်းဆိုမှာပဲ။ ဒီလို တောင်းဆိုတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ တောင်းဆိုရမလဲ၊ ဘယ်လို လုပ်ရမယ်တော့ မသိဘူး။ ဒါပေမယ့် ထောင်ထဲမှာကျနေတဲ့ အကျဉ်း သားတွေ အကုန်လုံးဟာ အပြင်က လူတွေလိုပဲ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ပျော့ခြင်း၊ တွေဝေခြင်း၊ တယောက်နဲ့တယောက် အချင်းချင်း မသင့်တင့်ခြင်း အဲဒါတွေ ပြေလည်အောင်အထိတော့ လုပ်နိုင်မယ်လို့ ထင်တယ်။

ဦးမောင်မောင်သန်း။ ။ စောစောက ၂၀၁၀ ပြဿနာတွေ ဘာတွေလည်း အဲဒီမှာ ဆွေးနွေးပြီးတော့ အဖြေ ရှာနိုင်တယ်လို့လည်း ပြောတယ်၊ ဒါပေမယ့်လို့ အခုအတိုင်းဆိုရင် အစိုးရကတော့ ဒီလမ်းစကို သိပ်ပြီးတော့ အားမပေးဘူးပေါ့လေ၊ သူတို့ရဲ့ ချမှတ်ထားတဲ့ လမ်းစဉ် ၇ ချက်ကို ဆန့်ကျင်ရင်တော့ အကုန်လုံး ဖိနှိပ်အရေးယူမှာပဲ။ တဖက်ကလည်းပဲ ဒီဟာပေါ်မှာ လူထုထောက်ခံမှု မရှိဘူးဆိုပြီး အတိုက်အခံတွေက ပြောကြတယ်လေ၊ အဲတော့ ဒီနှစ်ခု အားပြိုင်နေတာနဲ့ ကြားထဲကနေပြီးတော့ ဒီထက်ကောင်းတဲ့လမ်းစဉ်တခုရော စဉ်းစားလို့ မရဘူးလား ခင်ဗျ။

ဦးဝင်းတင်။ ။ ကျနော်တော့ အဲဒီကိစ္စလောက်အထိတော့ ဉာဏ်မမီဘူးခင်ဗျ၊ ဉာဏ်မမီဘူးဆိုတဲ့အကြောင်းက ကျနော်က ယုံကြည်နေတာကိုက ဒီနေ့ အဓိက ပြဿနာက တွေ့ဆုံ ဆွေးနွေးပွဲလို ပုံသဏ္ဍာန်နဲ့သာ အဖြေထွက်လိမ့်မယ်၊ တွေ့ဆုံဆွေးနွေးပွဲ ဆိုတဲ့ ကိစ္စကိုလည်းပဲ ဒေါ်စုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက စပြီးတော့ ပါတီ ၁၀၀ လောက်က နေပြီးတော့ ၀ိုင်းပြီးတော့ ထောက်ခံထားတာပါ။ နောက် ဒီ တွေ့ဆုံ ဆွေးနွေးပွဲလိုင်း ဆိုတာကလည်း ကျနော်တို့က စွဲစွဲမြဲမြဲကိုင်လာတာ ၁၉၈၈ ခုနှစ် အောက်တိုဘာလထဲမှာ န၀တ အစိုးရဆီ ရေးတဲ့စာကတည်းက စခဲ့တာ။ အဲတော့ ဒီဟာက သမိုင်းကြောင်းအရလည်း (သံမဏိရှည်လှပြီ) လူထုကလည်း ထောက်ခံတယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ထောက်ခံတယ်။ ကမ္ဘာကလည်း ထောက်ခံတယ်၊ ဒေါ်စုကလည်း ဒီလိုဟာမျိုးကို ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည်သတ္တိတွေ အပြည့်ရှိတယ်တဲ့ပုဂ္ဂိုလ်ကလည်း ကျနော်တို့မှာ ရှိနေပြီ၊ ကျနော်ကတော့ တတိယ လမ်းစဉ်တော့ မမြင်ဘူးခင်ဗျာ။ အခု တဆယ် လမ်းကြောင်း (၂၀၁၀ ?) ဆိုတဲ့ဟာကို တွေ့ဆုံ ဆွေးနွေးပွဲလမ်းကြောင်းနဲ့ ချိတ်ဆက်ပါ။ အဲဒါတွေနဲ့သာ ကျနော်တို့ တဆယ် လမ်းကြောင်းကို ဆက်လက်ဖြေရှင်းသွား လိမ့်မယ်လို့ ကျနော် ယုံပါတယ်ခင်ဗျ။

ဦးမောင်မောင်သန်း။ ။ အဲတော့ ဆရာအနေနဲ့ အပြင်ကိုရောက်တာလည်း မကြာသေးဘူး ဆိုတော့ ကိုယ်လေ့လာသိရှိရသလောက် အခုမြန်မာနိုင်ငံမှာ လူမှုဒုက္ခတွေ၊ လူ့အခွင့်အရေးဆိုတဲ့ ချိုးဖောက်မှုတွေ နောက် ကျန်တဲ့ အခက်အခဲတွေ အကျပ်အတည်းတွေ အများကြီးရှိတာပေါ့လေ၊ အရေးအကြီးဆုံး ဘာလုပ်ဖို့လိုတယ်လို့ ဆရာ ထင်မြင်ယူဆလဲ။

ဦးဝင်းတင်။ ။ လူတွေရဲ့စိတ်ဓာတ်ပဲခင်ဗျ။ ကျနော် ထွက်လာကတည်းက နေပြီးတော့ တိုက်တွန်း နှိုးဆော် နေတာက လူတွေကို စိတ်ဓာတ်ပြန်ပြီးတော့ ကျနော်တို့ကို ယုံပါလို့ ကျနော်ပြောချင်တယ်ဗျ။ အန်အယ်လ်ဒီအဖွဲ့လို ဟာမျိုးကို ယုံပါ၊ ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ယုံပါ။ ဒါဖြင့်ရင် ကျနော်တို့ချည်း လုပ်နိုင်လား၊ မဟုတ်ပါဘူး၊ န၀တကို ရင်ဆိုင်တဲ့နေရာမှာ ကျနော်တို့ကို အဖွဲ့အစည်းတွေက၊ လူတွေက မယုံကြည်ဘူးဆိုရင် ကျနော်တို့ ဘာမှ လုပ်လို့ မရဘူးခင်ဗျ။ ဒီအချိန်အထိဟာ ဘာပဲပြောပြော အပြောင်းအလဲတွေ အများကြီးတွေ့ တယ်၊ ဒါပေမယ့် ကျနော်တွေ့နေတာ မပြောင်းလဲတဲ့ တရားကိုပဲ ကျနော်တွေ့နေတယ်။ အဲဒီမပြောင်းလဲတဲ့ တရား ဆိုတာ ဘာလဲဆိုတော့ လူတွေကြားထဲမှာ ၈ လေးလုံးကာလတုန်းက ခံစားရသလို ဒီစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆန့်ကျင်တာတွေ၊ ၈ လေးလုံး စိတ်ဓာတ်တွေက အခု ကျနော် ဒီနေ့ တွေ့နေတယ်ခင်ဗျ။ အဲတော့ ၈ လေးလုံးကာလတုန်းက ပြဿနာတွေဟာ ဒီနေ့အထိ ရှိနေပါတယ်၊ အဲလိုဆိုရင် ၈ လေးလုံးကာလတုန်းက အန်အယ်လ်ဒီက တုံ့ပြန်ခဲ့တာဟာ တွေ့ဆုံ ဆွေးနွေးပွဲနဲ့သာ လုပ်ကြပါ၊ ဖြေရှင်းကြပါ လို့ တုံ့ပြန်ခဲ့တယ်။ အခုလည်းပဲ ကျနော်တို့က ဒီအတိုင်းပဲ ဒီအစိုးရကို ပြောနေတာ။

ဆရာဦးဝင်းတင်ဟာဆိုလို့ရှိရင် အနှစ် ၂၀ နီးပါး ထောင်အကျခံရပေမယ်လို့ သူယုံကြည်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေးကို မဆုတ်မနစ် ဆက်လက်လုပ်သွားမယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ဒီတော့ လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းမှာ ဘယ်အတိုင်းအတာအထိ ဆရာဦးဝင်းတင် လှုပ်ရှား ရုန်းကန်နိုင်မယ်ဆိုတာကိုတော့ အားလုံးက စိတ်ဝင်တစား ကြိုဆို စောင့်ကြည့်နေကြတဲ့အကြောင်း မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်က နေပြီးတော့ စီစဉ် တင်ဆက်လိုက်ရပါတယ်။

မိုးမခမှ