ပျောက်ဆုံးသွားသော စန္ဒယားသံ
၁၉၈၄ခုနှစ်၊ ဆောင်းဦးပေါက်တစ်နေ့ “ ပရင်စတန် ” တက္ကသိုလ်ကျောင်း တိုက်ကြီးသို့ ကျောင်းသားသစ်များ ရောက်လာကြည်သည်။ သူတို့အားလုံးမှာ အသက်၂၀ ဝန်းကျင်။ နုပျိုလန်းဆန်းသည်နှင့် အမျှ တက်ကြွသွက်လပ်နေသည်။ တက္ကသိုလ် အငွေ့အသက်က ဖမ်းစားထားသည်မို့ သူတို့မျက်နှာများတွင် အံ့သြစိတ် နှင့် ကြည်နူးစိတ်ကို အတိုင်းသာမြင်နေရသည်။ သို့နှင့်တိုက် သူတို့အားလုံးနှင့် ဆန့်ကျင်ဖက်၊ ခပ်နှေးနှေး၊ ခပ်လေးလေးလူငယ်တစ်ယောက်ကို လည်းတွေ့နိုင်ပါ သည်။ သူ့မျက်လုံးတွေက ဘယ်ဆီဘယ်ဝယ်ဟု ပြောဘို့ခက်သည့် အဝေးတစ် နေရာကို ငေးလျှက်။ သူ့နှုပ်ခမ်းတွေကလည်း ဆီမန်းမန်းသလို တစ်စုံတစ်ရာကို တတွတ်တွတ်ရွတ်နေသည်။ သူ၏ ပိန်လှီဖျော့တော့သော ကိုယ်ခန္ဓမှာ၊ ကုပ်အင်္ကျီ ပွပွကြီးအောက်တွင် ပျောက်နေပြန်ရာ လူတစ်ယောက်လမ်းလျှောက်လာသည်နှင့် မတူ။ သစ်ရွက်တစ်ရွက် လွင့်လာသည်နှင့် ပိုတူနေတော့သည်။
သူနေရမည့် အခန်းကိုရောက်တော့ ပါလာသော အိပ်ယာလိပ်နှင့် သေတ္တာ ကို ပစ်ချပြီး၊ ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သည်။ သူသွားလေရာ ဆောင်နေကြ စာအုပ်ကလေးကို ရင်ဘက်ပေါ်တင်ရင်း၊ ပြတင်းပေါက်မှ မြင်နေရသော အပြင်ရှုခင်းကို ငေးနေမိသည်။ တစ်ဖွဲဖွဲကျနေသော နှင်းများကြား တွင် “ ပရင်စတန် ” မှာ အပြာရောင်လွှမ်းနေပါသည်။ သူခွဲလာခဲ့ရသည် သူ့အိမ်ရှိ ရာ “ အပြာရောင်လယ်ကွင်းများ ” ကို ဖြတ်ကနဲ အမှတ်ရလိုက်သည်။ တစ်ဆက် တည်းမှာပင် ငယ်ငယ်ကစွဲခဲ့ဖူးသည့် အဘွား၏ စန္ဒယားသံကို လွမ်းနေမိပြန်သည်။ လယ်ကွင်းတွေ ဖြတ်လာသည့်လေကို တဝရှုရင်း စန္ဒယားသံ ချိုချိုကို အရသာခံရ သည်မှာ မေ့ရက်စရာမရှိပါ။ အကုန်မြန်လွန်းသော ကလေးဘဝကို တွေးမိပြန်တော့ ဘာကိုမှန်းမသိ မကျေမနပ် ဖြစ်ရသည်။ သူ ဖြတ်သန်းခဲ့ဖူးသော နှစ်ပေါင်း နှစ်ဆယ် မှာ နှင်းငွေ့ရိုက်နေသော ပြတင်းမှန်ပေါ်တွင် လင်းလာလိုက် မှိန်သွားလိုက်။
သူ အထက်တန်းကျောင်းသား ဘဝမှာပင် ပုလဲဆိပ်ကမ်း ဗုံးကြဲခံလိုက်ရပါ သည်။ ဤကိစ္စကြီးဖြစ်ပြီး နောက်တစ်ရက်တွင် အဖေက သူတို့မောင်နှမကို သေနတ်ပစ်သင်ပေးသည်။ အရုပ်ဆိုးအကျည်းတန်လှသည့် “ သေနတ် ” ဆိုသော ထိုအရာကို မြင်မြင်ခြင်း အနှစ်မြို့မိခဲ့ပါ။ စစ်ကာလအတွင်း စစ်သတင်း တွေ မပြက်ကြားနေရတော့ မကြည့်ချင်လောက်အောင်ပင် မုန်းမိသည်။ အဖေက သူ့ကို “ ဝက်(စ)ပွိုင့် ” တက်ဖို့ပြောသောအခါ သူအပြတ်ငြင်းလိုက်သည်။ ငယ်ငယ် က ရေးခဲ့ဖူးသည့် “ ကျွန်ုပ်၏ရည်မှန်းချက် ” အက်ဆေးလေးကို အဖေ့ပြလိုက်သည် “ ကျွန်ုပ်ကြီးလျှင် အဖေလို “ အင်ဂျင်နီယာကြီးလုပ်မည် ” ဟု ကျွန်တော်ရေးခဲ့သည်။ ဘာရယ်တော့မဟုတ်။ ကိုယ်ဝါသနာ ဘယ်မှာရှိသည်ကိုပင် မသိတက်နိုင်ခဲ့သေးပါ။ အဖေက သူ့ကို “ ကာနယ်ဂျီစက်မှုတက္ကသိုလ် ” သို့ ပို့ပေးသည်။ သည်တော့မှပင် သူ့ ဝါသနာအစစ်ကို တွေ့ရတော့သည်။ “ သင်္ချာ… ” ဟုတ်ပါသည်။ “ သင်္ချာ ” မှ “သင်္ချာ ” အစစ်ပါ။ ပျောက်ဆုံးသွားသော စန္ဒယားသံကို သင်္ချာတွင် ပြန်တွေ့လိုက်ရ သည်။ သို့ဖြင့် “ ပရင်စတန် ” သို့ သူရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က ပရင် စတန်မှာ စကြာဝဠာကြီး၏ သင်္ချာဗဟိုဟု အဆိုရှိသည် မဟုတ်လား။
အိပ်ယာပေါ်မှ လူးလဲထပြီး သေတ္တာထဲမှ ရဒီယိုကို ထုတ်ဖွင့်လိုက်သည်။ အန္တလန်တိတ် သမုဒ္ဒရာ တစ်ဖက်တစ်ချက်စီမှ စကားလုံး ရန်ပွဲကို ကြားရသသည် နှင့် ချက်ချင်းပိတ်ပစ်လိုက်သည်။ သူက သင်္ချာရင်ခွင်ထဲ ပြေးဝင်းလိုက်ချိန်တွင် ကမ္ဘာကြီးမှာ “ စစ်အေးတိုက်ပွဲဆိုသော ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နေချေပြီကော။ “ စာဖတ်တာပဲ ကောင်းပါတယ် ” တွေးရင်းလက်ထဲက စာအုပ်ကို ဖွင့်ဖတ်လိုက် သည်။ ဟန်ဂေရီနွယ်ဘွား သင်္ချာပညာရှင် “ ဂျွန်ဗွန် နယူမန် ” ၏ “ ဂိမ်းသီအိုရီနှင့် စည်းပွားရေး အပြုအမူများ ” ( The Theory of Games and Economic Behavior ) စာအုပ်။ ပရင်စတန်သို့ အူလည်လည် ရောက်လာသော အဆိုပါ ဖရက်ရှာချာတိတ်မှာ နောင်တစ်ချိန် (၁၉၉၄ ) ခုတွင် “ ဂိမ်းသီအိုရီ ” ဖြင့် ဘောဂဗေဒ ဆိုင်ရာ နိုဘယ်ဆုရှင် ဖြစ်လာမည့် “ ဂျွန်နက်(ရှ) ” ။
သုညကိုကျော်၍
“ ဂျွန်နက်(ရှ)” ၏ ပရင်စတန် ဒုတိယနေ့မှာပင် “ လက်(ဖ်)ရှပ်(ဇ) ” ကကျောင်းသားသစ် အားလုံးကို ခန်းမကြီးတစ်ခုတွင် စုရုံးစေပြီး မိန့်ခွန်းချွေသည်။ ဤမိန့်ခွန်းကပင် သူ့ကို ပညာရှင်တစ်ယောက် ဖြစ်လာစေရန် စတင်ပုံသွင်းလိုက် သည်ဟု ဆိုနိုင်ပါသည်။
“ မင်းတို့ဟာကလေးတွေ မဟုတ်ဘူး။ ငါတို့လည်း ကလေးထိမ်း မဟုတ် ဘူး။ ဒီတော့ ပြောချင်တာက ကိုယ့်အလုပ်ကို သိပါ။ ဒါပဲ ”
ပါမောက္ခ၏ ပြင်သစ်သံ ဝဲဝဲမှာ တုံးတိတိမို့ သာယာနာပျော်ဖွယ် မကောင်း လှပါ။ သို့နှင့်တိုင် သူဆက်ပြောသော စကားများတွင်“ ဂျွန်နက်(ရှ) ”တစ်ယောက် ညာဏ်အလင်း ရသွားခဲ့ပါသည်။
” အေး တက္ကသိုလ်တစ်ခုရဲ့ ဝိညာဉ်ဆိုတာ သုတေသနပဲကွ။ တက္ကသိုလ်ကျောင်း သားဆိုတာ စာသင်ရုံနဲ့ တာဝန်မကျေဘူး၊ သုတေသနလုပ်ရမယ်။ သုတေသန လုပ်ငန်းမှာ ဘာအရေးကြီးဆုံးလဲ။ မင်းတို့မှတ်ထား။ လွတ်လပ်တဲ့ စိတ်ပဲကွ။ ဘယ်သူ့ အလွှမ်းမိုးမှ မခံတဲ့၊ လွတ်လွတ်လပ်လပ် တွေးခေါ်တက်တဲ့ အကျင့်ပဲ။ ဒီအကျင့်ကို မင်းတို့ပျိုးထောင်ယူရမယ် ”။
အခန်းပြန်ရောက်သည်ထိ ပါမောက္ခ၏ စကားများက သူနှင့်အတူ ကပ်ပါ လာသည်။ ထိုနေ့ည ခါတိုင်းဖတ်နေကြ “ ဗွန်နယူမန် ” ၏ စာအုပ်ကြီးကို ဖတ်သော အခါ အရင်က မစဉ်းစားမိသော အတွေးများ ပေါ်လာတော့သည်။ “ လွတ်လပ်တဲ့ စိတ်၊ လွတ်လပ်တဲ့ အတွေး ” ၊ စိတ်ထဲက တဖွဖွရွတ်ရင်း “ နယူမန် ” ၏ သြဇာနှင့် ခွာကြည်လိုက်သည်။ အံသြစိတ်၊ အားကျစိတ်၊ အထင်ကြီးစိတ်များကို ဘေးဖယ်ပြီး ဖတ်ပစ်လိုက်ရာ သူ့အတွက် သမ္မကျမ်းစာလို ယုံကြည်နေသော စာအုပ်ထဲတွင် အားနည်းချက်တစ်ချို့ကို ခပ်ဝါးဝါးတွေ့လိုက်ရသည်။
စင်စစ်“ ဂိမ်းသီအိုရီ ”တွင် အခြေခံအရ “ ဂိမ်း ” နှစ်မျိုးရှိပါသည်။ “ သုည ဂိမ်း ” ( Zero-Sum Game ) နှင့် “ သုညမဟုတ်သောဂိမ်း ” ( Non-Zero-Sum Game ) တို့ဖြစ်သည်။ “သုညဂိမ်း ” တွင် အရှုံးအနိုင် အဖြေပေါ်လာရာ ရှုံးသူ နှင့် နိုင်သူ ထေလိုက်လျှင် ရလဒ်မှာ သုညသာဖြစ်သည်။ တစ်ခုလုံးနေနှင့် အကျိုးမများ လှပါ။ သူသေကိုယ်ရှင် တိုက်ရသော တိုက်ပွဲမျိုးဖြစ်သည်။ “ သုညမဟုတ်သော ဂိမ်း ” တွင်မူ “ ပလေရာ ” နှစ်ဦး နိုင်လျှင်နိုင်မည်။ ( Win-Win Game ) နိုင်-နိုင်-ဆက်ဆံရေး ဖြစ်သည်။ သို့မဟုတ် ရှုံးတာလည်း ဖြစ်နိုင်သေးသည်။ ( Lost-Lost Game ) ရှုံး-ရှုံး ဆက်ဆံရေး ဖြစ်သည်။ တစ်ခုလုံး အနေနှင့် ကြည့်လျှင် ကောင်းကျိုးသို့မဟုတ် ဆိုးကျိုးတစ်ခုခု ရနိုင်ပါသည်။ သုညမဟုတ်ပါ။
“ နယူမန် ” စာအုပ်တွင် အဓိက ဇောင်းပေးထားသည်က “ သုညဂိမ်း ” ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ နောက်ဆုံးစာမျက်နှာ ခုနှစ်မျက်နှာလောက် တွင်မှ “ သုံညမဟုတ်သောဂိမ်း ” ကို ဖေါ်ပြထားသည်။ သူ့ခေါင်းထဲသို့ တစ်ခါမှ မရောက်ဖူးသော မေးခွန်းတစ်ခု ပေါ်လာသည်။ “ သုံညက အရေးကြီးသလား၊ သုညမဟုတ်တာက အရေးကြီးသလား ” ။ စာအုပ်ကိုပိတ်ပြီး မျက်စိတွေကို မှိတ် လိုက်သည်။ ပုလဲဆိပ်ကမ်းမှ ဗုံးသံ၊ မြောက်သံများကို ကြားလိုက်ရသလို ရှိသည်။ စစ်….။ သူ့မျက်စိ အောက်မှာတင်ဖြစ်ပြီး သူ့ရှေ့မှာတင် ပြီးသွားသော ဒုတိယ ကမ္ဘာစစ်ကြီး။ မဟာမိတ်တို့ နိုင်ပြီး ဝန်ရိုးတန်း သုံးနိုင်ငံ ရှုံးသွားသည်ဟု သမိုင်း ဆရာတွေက မှတ်တမ်းတင်ကြသည်။ လက်တွေတွင်တော့ စစ်ရှုံးနိုင်ငံများ ရော၊ စစ်နိုင် နိုင်ငံများတွင်ပါ ကျီးနှင့် ဖုတ်ဖုတ်သာ ကျန်တော့သည်။ သုညဂိမ်း။
သူ အားသန်သော သင်္ချာနည်းနှင့် အဖြေရှာဖို့ ကြိုးစားရမည်။ ဖေါင်တိန်ကို ထုတ်၍ ပြတင်းမှန်ပေါ်တွင် ဖေါ်မြူလာတွေ ရေးချလိုက်သည်။ သို့ဖြင့် “ ပရင်စ တန် ” ၏ ဒုတိယညမှာ “ ဂျွန်နက်(ရှ) ” တစ်ယောက် အိပ်စက်ခြင်းကို မေ့လျော့ သွားခဲ့ ပါတော့သည်။ နောက်တစ်နေ့ မနက်စာလွတ်သည်။ နေ့လည် လက်ဖက် ရည်ချိန် ကိုတော့ လွတ်၍ မဖြစ်။ ဒီပွဲတွင် ဆရာတွေရော၊ ကျောင်းသားတွေပါ စုံသည်။ “ ဗွန်နယူမန် ” ကိုယ်တိုင်လည်း မကြာခဏ လာတက်သည်။ လက်ဖက်ရည် သောက်ရင်း၊ စစ်တုရင်းထိုးရင်း ငြင်းကြ၊ ခုန်ကြသည်။ အယူ အဆတွေ ဖလှယ်ကြ သည်။ “ ပရင်စတန်၏ တရားမဝင် သုတေသန ဆွေးနွေး ပွဲများ ”ဟု နာမည်ကျော် ပါသည်။ ပြောရလျှင် “ ပရင်စတန် ” မှာ ပညာပိုင်းဆိုင်ရာ ဖိအားကြီးလှသောလည်း ဗျူရိုကရေစီ ဖိအားဆို၍ ဘာမှမရှိသော တကယ့်ပညာ ရပ်ဝန်းကြီး ဖြစ်ပါသည်။
ဤလက်ဖက်ရည်ဆောင်၊ တစ်ခုသောစစ်တုရင်းပွဲတွင် “ ဗွန်နယူမန် ” အပေါ် ဝေဖန်ချက်တစ်ခုကို သူကြားခဲ့ရခြင်းဖြစ်သည်။ ဝေဖန်သူမှာ သူ့ သူငယ်ချင်း။ “ နယူမန် ” ၏ စာအုပ်ကြီး တကိုင်ကိုင် လုပ်နေသော သူ့ကို သိပ့် ကြည့်မရသည့် သူငယ်ချင်းဖြစ်သည်။ ထိုနေ့က စစ်တုရင်းပွဲတွင် သူရှုံးပြီး၊ သူငယ် ချင်း နိုင်ပါသည်။
“ စစ်တုရင်းဆိုတာ ပလေရာ နှစ်ယောက်ထဲပါတဲ့ “ ဂိမ်း ” ကွ။ ဘဝက စစ်တုရင်းမဟုတ်ဘူး။ ပလေရာတွေ အများကြီးပါတဲ့ တကယ့်ဂိမ်းကြီး၊ ခုလို “ တူး ပလေရာ ” ဂိမ်း ( Two Player Game ) မှာတောင် မနိုင်မှတော့ မောင်ရင့် စာအုပ်ကြီးက တကယ်အသုံးမဝင်လှပါဘူး ” ။
ပထမတော့ ဒေါသဖြစ်မိသည်။ သေချာ ပြန်စဉ်းစားတော့မှ သူပြောတာ ဟုတ်သားပဲ။ ဂျွန်-ဗွန်နယူမန်က “ တူးပလေရာဂိမ်း ” တွေကိုသာ ဖိုးကပ်(စ်) လုပ်ခဲ သည်။ “ ပလေရာ များစွာပါသော ဂိမ်း ” ( N-Player-Game ) မဟုတ်။ ထိုအချိန် က ဗွန်နယူမန်မှာ ပရင်စတန်၏ နာမည်ကြီး ဆရာတစ်ယောက်ဖြစ်ပါသည်။ သူတို့၏ ဆရာဟု ဆိုနိုင်သည်။ “ ပရင်စတန် ” မှာ ဆရာ့ထက် လက်ဇောင်းထက် သော တပည့်များကို မွေးထုတ်ပေးသည့် ကျောင်းတောကြီးဖြစ်ပါ၏။
အကျဉ်းသားအကြပ်
စင်စစ် လူ့ဘဝ ဆိုသည်ကပင် အကျိုးစီးပွားခြင်း၊ ဒွေးရောယှက်တင်ဖြစ်နေ သည့် ပလေရာများစွာပါဝင်သော “ ဂိမ်း ” ကြီးတစ်ခုဖြစ်ပါသည်။ သို့နှင့်တိုင် အချို့သော ဂိမ်းများမှာ သမူဟသဘောဆောင်၍ အချို့ကမူ ဝိရောဓိသဘော ဆောင်သည်။ ( Co-operative and Non-Cooperative Games ) ပလေရာ အချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး သဘောတူ စည်းမျဉ်းတစ်ခု ချမှတ်နိုင်လျှင် “ သမူဟဂိမ်း ” ဖြစ်သည်။ ဤသို့ မဟုတ်လျှင် “ ဝိရောဓိဂိမ်း ” သာဖြစ်လိမ့်မည်။ ဥပမာ ရောင်းသူနှင့် ဝယ်သူကြား ဈေးဆစ်ကြခြင်းမှာ သမူဟဂိမ်းဟု ဆိုနိုင်သည်။ ပစ္စည်းတစ်ခု၏ ထုတ်လုပ်စရိတ်က ၁၀၀ ကျပ်တန်ပြီး ဈေးကွက်ပေါက်ဈေးက ၂၀၀ ကျပ်ဖြစ်လျှင် ညှိနှိုင်းစရာ “ ဂွင် ” မှာ ၁၀၁ ကျပ်နှင့် ၁၉၉ ကျပ်ကြားတွင် ဖြစ်ပါလိမ့်မည်။ သို့သော် လူ့ဘဝတွင် ကြုံရသော “ ဂိမ်း ” အများစုမှာ ဤမျှ လွယ်ကူ ရှင်းလင်းလိမ့်မည် မဟုတ်ပါ။ ဝိရောဓိ သဘောဆောင်သည်က ပိုများ ပါသည်။ ဥပမာ- ကုမ္ပဏီနှစ်ခု ဈေးကွက်တစ်ခုတွင် အပြိုင်လုကြ သလိုမျိုးဖြစ် သည်။ နှစ်ဖက်လုံးမှ အမြင့်ဆုံးအမြတ်ကို ရလိုကြမည်သာ ဖြစ်ရာ စေ့စပ်ညှိနှိုင်းဖို့ မလွယ် လှပါ။ မိမိတို့ “ဗျူဟာ ”ကိုယ်စီနှင့် ဈေးကွက်ကို အပြိုင်ထိုးဖောက်ကြမည် သာဖြစ်ပါသည်။
လူသည် အဖွဲ့အစည်းနှင့် နေထိုင်လုပ်ကိုင်ရသော လူမူရေးသတ္တဝါ ဖြစ် သည့်တိုင် မိမိအတ္တကို ရှေ့တန်းတင်တက်ကြသည့် သဘာဝရှိသည်။ မိမိ အကျိုး စီးပွားနှင့် ယှဉ်စဉ်းစားပြီးမှာသာ ပြိုင်မလား၊ ပေါင်းမလားဆိုသည်ကို ရွေးကြ ခြင်းဖြစ်သည်။ ဤသဘောကို ဂျွန်နက်(ရှ)၏ မိတ်ဆွေ “ အယ်(လ)တပ်ကာ ” က အကျဉ်းသား ပုံပြင်လေးနှင့် သရုပ်ဖေါ်ထားပါသည်။ သူ့ ပုံပြင်က ဤသို့ “ အကျဉ်း ထောင် တာဝန်ခံ ထောင်မှုးကြီး တစ်ယောက်သည် ထောင်ဖေါက်ပြေးရန် ကြံရွယ် နေသည်ဟု သံသယရှိစရာကောင်းသော နှစ်ကြီးအကျဉ်းသား နှစ်ယောက် ကို သီးဖြားစီ ခွဲချုပ်ပြီး ဖြောင့်ချက်ပေးခိုင်းပါသည်။ အဆိုပါ အကျဉ်းသားနှစ် ယောက် လုံးမှာ “ လက်ကောက် ” ( ထောင်တွင် လူရည်လည်သူ ) များဖြစ်ရာ ဖြောင့် ချက်ပေးရာမှ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ကောင်းကောင်းသိနေ ကြ သည်။
နှစ်ယောက်လုံးဖြောင့်ချက်ပေးလိုက်လျှင် ထောင်ဒါဏ် ၄ နှစ်စီကျနိုင်သည်။ နှစ်ယောက်လုံး မပေးပဲ ငြင်းလျှင်မူ ထောင်ဒါဏ် ၃ နှစ်စီကျမည်။ အကယ်၍ အကျဉ်းသား မောင်ဖြူက ပေးပြီး၊ မောင်မဲက မပေးလျှင် မောင်မဲပိုနာမည်။ ၁၂ နှစ်ထိ ဖြစ်သွားနိုင်သည်။ အလားတူပင် မောင်ဖြူက မပေးပဲ မောင်မဲက ပေးလိုက် လျှင် မောင်မဲသက်သာမည်။ ထောင်ဒါဏ် ၂ နှစ်လောက်နှင့် ကိစ္စပြီးနိုင်သည်။ သူတို့ နှစ်ယောက်လုံး၏ ဖြစ်နိုင်စရာ ရှိသည် ထောင်ဒါဏ်များကို ဤသို့ ဇယျားချနိုင်ပါသည်။ ( ဂဏန်းနှစ်လုံးတွဲ၍ ဖေါ်ပြထားရာ ရှေ့ဂဏန်းမှာ မောင်ဖြူ၏ ထောင်ဒါဏ်ဖြစ်ပြီး၊ နောက်ဂဏန်းမှာ မောင်မဲအတွက် ထောင်ဒါဏ်ဖြစ်သည်။
| | မောင်မဲ | |
| | ဖြောင့်ချက်ပေး | ဖြောင့်ချက်မပေး |
မောင်ဖြူ | ဖြောင့်ချက်ပေး | ၄း ၄ | ၂း ၁၂ |
ဖြောင့်ချက်မပေး | ၁၂း ၂ | ၃း ၃ |
အကယ်၍ သူတို့နှစ်ယောက်သာ အချင်းချင်း ညှိနှိုင်းခွင့် ရပြီး နှစ်ယောက် လုံးက စဉ်းစားတက်သူများ ဖြစ်လျှင် တစ်ယောက်မှ ဖြောင့်ချက်ပေးကြမည် မဟုတ် ပါ။ ဤသို့ဆိုလျှင် နှစ်ဦးလုံး သုံးနှစ်စီသာကျပြီး မဆိုးလှဟု ဆိုနိုင်ပါသည်။ ခက်နေသည်က သူတို့ အချင်းချင်း တွေ့ခွင့် မရ၊ ညှိနှိုင်းခွင်မရ။ ပိုဆိုး သည်မှာ တစ်ယောက်နှင့် တစ်ယောက် မယုံကြည်ကြခြင်းပင်။ “ ဟို ခွေး ကောင် ဖြောင့်ချက် ပေးလိုက်လျှင် ငါတော့ ဒုက္ခပဲ ” ဟု တွေးမိလိုက်လျှင် ထိုသို့တွေး မိလိုက်သူ ကိုယ်တိုင်က ဖြောင့်ချက်ပေးမိပါလိမ့်မည်။ မဟုတ်လျှင် ၁၂ နှစ်ဖြစ်သွားနိုင်ကိုး။ ဤအတွေးမျိုး နှစ်ယောက်လုံး တွေးမိလျှင် နှစ်ယောက်လုံး ဖြောင့်ချက်ပေးပြီး ( ၄ ) နှစ်စီ ကျသွားပါလိမ့်မည်။ ဤသို့ဆိုလျှင် ဖြစ်သင့်သည်ထက် တစ်နှစ်စီပိုနာသွား မည်။ သူတို့ဘာလုပ်ကြမည်နည်း။
ဂျွန်နက်(ရှ)ကတော့ အဆိုပါ အကျဉ်းသားနှစ်ယောက်နေရာတွင် ဆိုဗိယက် ခေါင်းဆောင်ကြီးနှင့် အမေရိကန် သမ္မတကြီးကို မြင်နေမိသည်။ ဖြောင့်ချက်ကိစ္စကို လက်နက်ယှဉ်ပြိုင် တပ်ဆင်မှုအဖြစ် ယူကြည့်သည်။ ထိုစဉ်က ဆူပါ ပါဝါ ထိပ်သီး ဆွေးနွေးပွဲများ မဖြစ်သေးသလို အချင်းချင်းယုံကြည်မှုမှာလည်း အနိမ့်ဆုံးအမှတ် ရောက်နေချိန်ဖြစ်သည်။ ပြောရလျှင် ဤဥပမာလေးသည်ပင် “ ဂိမ်းသီအိုရီ ” ၏ ကျော်ကြားလှသော “ အကျဉ်းသား အကြပ်အတည်း ” ( Prisoner’s Dilemma ) အယူအဆဖြစ်ပါ၏။
လှသောချိန်ခွင်လျှာ
ဆိုခဲ့ပါ အကျဉ်းသားအကြပ်အတည်းမှ မဟာဗျူဟာများ ဖေါ်ထုတ်ခဲ့သူမှာ ထိုစဉ်က အသက် ၂၂ နှစ်မျှသာ ရှိသေးသော “ ဂျွန်နက်(ရှ) ” ကိုယ်တိုင်ပင် ဖြစ်ပါ သည်။ သူ၏ အလိုအရ မည်သည့် “ ဂိမ်း ” အမျိုးအစားတွင်မဆို ပြိုင်ဖက်၏ အပြုအမူကို မှန်းဆနိုင်ရေးမှာ အရေးအကြီးဆုံးဟု ဆိုသည်။ သို့နှင့်တိုင် ဤကိစ္စမှာ လွယ်လွယ်ကူကူနှင့်တော့ ဖြစ်လာနိုင်သည် မဟုတ်ပါ။ “ ဂိမ်း ” များကို ကြိမ်ဖမ်များ စွာ ဖြတ်သန်းပြီးမှ ( Repeated Game ) တစ်ဖက်၏ မဟာဗျူဟာကို တွက်ဆနိုင် ပါလိမ့်မည်။
အထက်က အကျဉ်းသား ဥပမာတွင် ပလေရာ နှစ်ဦးကသာ မှန်မှန်ကန်ကန် ဆင်ခြင်စဉ်းစားနိုင်လျှင် တစ်ယောက်မှ ဖြောင့်ချက်ပေးကြမည် မဟုတ်ပါ။ ပြိုင်ဖက်
ပလေရာ၏ ဗျူဟာမှာ မည်သို့ပင်ဖြစ်စေ၊ မိမိဘက်မှ ဖြောင့်ချက် မပေးခြင်းသည် သာ အကောင်းဆုံးဖြစ်ပါသည်။ ဤသည်ကို “ လွှမ်းမိုးသော မဟာဗျူဟာ ” ( Dominant Strategy ) ဟုခေါ်ပါသည်။ တစ်ဖက်မှ မည်သို့တုန့်ပြန်စေကာမူ မိမိအအတွက် အသင့်လျှော်ဆုံး ဗျူဟာဟု အဓိပ္ပါယ်ဖွင့်သည်။ ( One that is optimal for a player no matter what an opponent does ) တစ်ခုတော့ရှိ သည်။ “ လွမ်းမိုးသော မဟာဗျူဟာ ” မှာ သေချာပေါက် အကျိုးဆက်ကိုတော့ သောချာပေါက် ပေးချင်မှ ပေးနိုင်ပါလိမ့်မည်။ ပြိုင်ဖက်မှာ ကျိုးကြောင်းနည်းကျ မစဉ်းစာနိုင်လျှင် အဖြေတစ်မျိုးထွက်နိုင်ပါသည်။ လက်တွေ့ ဘဝတွင်လည်း ပလေ ရာတိုင်းမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိကြသည် မဟုတ်ပါ။
များသောအားဖြင့် ဖြစ်တက်သည်မှာ “ ပါးကိုက် နားရိုက် မဟာဗျူဟာ ” ( Tit-for Tat-Strategy ) နှင့် တုံ့ပြန်လေ့ရှိပါသည်။ သို့မဟုတ် “ ကြုံသလို ကျဘမ်း ” တုံ့ပြန်ကြသည်များလည်း ရှိနိုင်ပါသည်( Random Strategy ) ဟု ဆိုနိုင်ပါသည်။ ပြောရလျှင် ပလေရာများ၏ ဗျူဟာများမှာ ရောထွေးနေတက်ပါသည်။ ( Mixed Strategy )ဟု ကောက်ချက်ချပါသည်။ သို့အတွက် ပြိုင်ဖက်၏ ဗျူဟာကို အနီစပ် ဆုံး ဖက်နိုင်ရေးမှာ “ အခရာ ” ဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။
ဂျွန်နက်(ရှ)၏ အလိုအရ “ ချိန်ခွင်ရှာမှန်ရေး ”( Equilibrium ) သည်သာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆိုပါသည်။ ပလေရာများ၏ ဖြစ်တန်ရာသော ဗျူဟာ များကို ပုံသေထားပြီး မိမိဗျူဟာကို ကစားတက်ဖို့လိုပါသည်။ ဤသို့ လှုပ်ရှားကြည့် ရာမှ ပေါ်လာသော အကောင်းဆုံး အခြေအနေကို “ နက်(ရှ)ချိန်ခွင်ရှာ ”( Nash’s Equilibrium ) ဟုခေါ်သည်။ ပြောရလျှင် မဟာဗျူဟာ အစုတစ်ခုဖြစ်ပါသည်။ A set of strategies such that each players is doing the best it can, given the strategies of other players ဟု အဓိပ္ပါယ် ဖွင့်ပါသည်။
“ နက်(ရှ)ချိန်ခွင်ရှာ ” သည် လွမ်းမိုးသောဗျူဟာနှင့် မတူပါ။ “ လွမ်းမိုး သောဗျူဟာ ” က “ ခင်များဘာလုပ်လုပ် ကျုပ်က အကောင်းဆုံးလုပ်မယ် ” ဟုဆိုသည်။ “ နက်(ရှ)ချိန်ခွင်ရှာ ” က ခင်များလုပ်တာကို ကြည့်ပြီး ကျွန်တော် အကောင်းဆုံး တုံ့ပြန်မယ် ” ဟုဆိုရာရောက်ပါသည်။ “ ဝိရောဓိဂိမ်း ” မျိုးပင်ဖြစ်စေ ဦး၊ ဆွေးနွေးညှိနှိုင်းလာနိုင်သည့် လမ်းကြောင်း တစ်ခုကို ဖွင့်လိုက်ခြင်းဖြစ်သည်။ မိမိဖက် တစ်ခုတည်းကိုသာ ကြည်ပြီး ချထားသော ဗျူဟာမျိုးမဟုတ်၊ ပလေရာအာ လုံးနှင့်ရင်ဆိုင် Deal ရန် တံခါးဖွင့်ထားသည့် မဟာဗျူဟာမျိုးဖြစ်သည်။ ဤဗျူဟာ နှင့် “ ထပ်ကျော့ဂိမ်း ” များ ( Repeated game ) ကို ဖြတ်သန်းလိုက်လျှင် တစ်ချိန် တွင် ဝိရောဓိသဘောမှ သမူဟသဘောသို့ ပင် ပြောင်းလာနိုင်၏သည့် အလား အလာ ရှိပါသည်။
ဤသည်ကိုပင် “ လှသောချိန်ခွင်လျှာ ” နှင့် “ လှသောဂိမ်း ” ကို ချဉ်းကပ် ခြင်းဟုဆိုပါသည်။
လှသောဗျူဟာ
“ ဂျွန်နက်(ရှ)ေ ” ၏ “ အပေးအယူမဟာဗျူဟာ ” ( Bargainging Strategy ) ကိုလည်း “ လှသောဗျူဟာ ” အဖြစ် ပညာရှင် အသိုင်းအဝိုင်းက အမှတ်ပေးကြပါ သည်။ “ အပေးအယူလုပ်ခြင်း ” ( Bargainging ) သည် “ သုညဂိမ်း ” မဟုတ်ပါ။ သူသေကိုယ်ရှင် ဆက်ဆံရေးမဟုတ်ပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် “ သုည မဟုတ်ဂိမ်း ” ဖြစ်ပါသည်။ သူမနာ ကိုယ်မနာ ဆက်ဆံ ရေး ဟုဆိုနိုင်သည်။ သို့အတွက် “ တောင်းဆိုချက်များ ” ( Demand ) နှင့်ချည်း ကပ်မရနိုင်ပါ။ “ ကြားအဖြေ ” ( Compromise ) တစ်ခုကို ချိန်ရွယ်ပြီး အပြန်အလှန် အဆိုပြုရခြင်း ဖြစ်ပါသည် ( Vice Versa Proposal )။
ဤဗျူဟာတွင် ပါဝင်သော ပလေရာများ အနေနှင့် “ မိမိမျှော်လင့်တန်ဘိုး ” ( Expected Value ) ရောက်ကောင်းမှ ရောက်ပါလိမ့်မည်။ မိမိတို့ မူလအခြေအနေ ထက်ပိုကောင်းလာပြီး Better Off ဆိုလျှင်ပင် ကျေနပ်စရာဟု ယူဆနိုင်ရမည်ဖြစ်ပါ သည်။ ဤသို့မဟုတ်ပဲ မျှော်လင့်တန်ဘိုးကိုသာ အသေဖက်တွယ်ထားလျှင် “ အကျဉ်းအကြပ် ” ( Dilemma ) ကိုကျော်နိုင်မည် မဟုတ်ပါ။ ဤသို့ဆိုလျှင် သမူဟ အနေအထားမှ ဝိရောဓိအခြေအနေသို့ လျှော့ကျသွားနိုင်စရာ ရှိသည်ဟု သတိပေး ပါသည်။
မှုလက “ ဂိမ်းသီအိုရီ ” မှာ သင်္ချာဆင်ခြင်နည်း တစ်ခုမျှသာ ဖြစ်ခဲ့သည်။ ယခုတော့ စီးပွားရေးနယ်ပယ်သာမက နိုင်ငံရေးမျက်နှာစာတွင်ပါ အသုံးတဲ့လာခဲ့ ပါ သည်။ စစ်အေးခေတ်နောက်ပိုင်း ဆူပါ ပါဝါထိပ်သီးဆွေးနွေးပွဲများတွင် ဤသီအိုရီ ကို အခြေခံပြီး မဟာဗျူဟာခင်းနိုင်ခဲ့သည်နှင့် အမျှ သဘောတူညီချက်များစွာ ရခဲ့ ဖူးပါသည်။ သို့နှင့်တိုင် ဤသီအိုရီကို လူမူသိပ္ပံနယ်ပယ်ရောက်အောင် ကျေးဇူးပြုခဲ့ သော “ ဂျွန်နက်(ရှ) ” ကိုယ်တိုင်မှာမူ “ စစ်အေး ” ၏ သားကောင်ဖြစ်ခဲ့ရရှာသည်။ သူ့ဘဝတွင် စိတ်ကစဉ်ကလျားရောဂါ ခံစားခဲ့ရသည်ဟု သိရပါသည်။ ၂၀ ရာစု၏ အကောင်းဆုံး ဦးနှောက်တစ်ခုကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ မည်သို့ ပင်ဆိုစေ သူချန်ထားရစ်ခဲ့သော “ လှသောဂိမ်းနှင့် လှသောဗျူဟာ ” ကမူ ဝိရောဓိ ကမ္ဘာကြီးကို သမူဟရွာကြီးဖြစ်လာအောင် ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ရပါ ကြောင်း။
ကျော်ဝင်း
စာညွှန်း
- A Beautiful Mind ( By Sylvia Nasal )
- Micro Economics ( By Robert S. Pindyack )
- The Great Disruption ( By Francis Fukuyama )