နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, July 1, 2009

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းများ အကြောင်း


မြောက်ကိုရီးယား နိုင်ငံက မြန်မာ စစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်ရန် ကူညီပေးလျက် ရှိနေကြောင်း၊ အမည် မတပ်နိုင်သော ကိစ္စများ အတွက်နှင့် စစ်အစိုးရ ပုန်းခိုစရာကျင်း အဖြစ် တည်ဆောက် နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ၊ သတင်းစာဆရာ ဘာတေးလ် လင့်တနာက ဆိုသည်။

၎င်းလျှို့ဝှက်စီမံကိန်းတွင် မြောက်ကိုရီးယား ကျွမ်းကျင်သူများ ပါဝင်လုပ်ကိုင် နေကြသည်ဟု ယုံကြည်ရပြီး ဓာတ်ပုံများကို ဘာတေးလ် လင့်တနာက ရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ Yale Global Online မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာတေးလ် လင့်တနာက မြောက်ကိုရီးယားနှင့် မြန်မာ စစ်အစိုးရအကြား နီးကပ်လာသော ဆက်ဆံရေးကို ဆွေးနွေး ထောက်ပြထားသည်။


မေး။ ။ Yale Global Online မဂ္ဂဇင်းမှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ ခင်ဗျားရဲ့ ဆောင်းပါး ထဲက မြေအောက် ဥမင် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ မြောက် ကိုရီးယားတွေ ပါဝင် ပတ်သက်နေပုံကို တွေ့ရပါတယ်။ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အတွင်း တည်ဆောက်နေတဲ့ ဥမင်တွေကိစ္စ ခင်ဗျား ဘာတွေ သိထားပါသလဲ။ မြန်မာ စစ်အစိုးရ အများစုက ပြည်ပ ကျူးကျော်မှုတွေ ဖြစ်လာမှာ ကြောက်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် မြန်မာ စစ်ဗိုလ်ချုပ်တွေက အစိုးရိမ် လွန်နေတာ သက်သက်လား။

ဖြေ။ ။ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ဆီ ရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့ ကာလမှာ မြေအောက်ဥမင်တွေ ဖောက်နေ တာ အများကြီး ပါပဲ။ သူ့ကို ချောင်းနေကြတဲ့ မျက်လုံးတွေ မမြင်သာအောင် အစိုးရက အဲဒီလို အကဲ ဆတ်တဲ့ လုပ်ငန်းတွေ လုပ်နေ တတ်တာက အံ့သြ စရာတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရ ကိုယ်တိုင်တောင် ဒီလို လုပ်ငန်းတွေ လုပ်တတ် ပါသေးတယ်။

တချို့ဥမင်တူးနေတဲ့ ကိစ္စကတော့ ရိုးရိုးသားသား ဖြစ်နိုင်ပါတယ်။ ရေအား လျှပ်စစ်လုပ်ငန်း တည်ဆောက်ရေး ကိစ္စ တွေမှာပါ။ အဲဒါအပြင် မြေအောက် အစည်းအဝေး ခန်းမတွေ၊ ပစ္စည်း သိုလှောင် သိမ်းဆည်းမယ့် နေရာတွေလည်း ရှိနိုင် ပါသေးတယ်။

အခုလို ဖြစ်နေတာကတော့ စစ်အစိုးရ အစိုးရိမ်လွန် နေမှန်း သိသာပါတယ်။ သူတို့က လေ ကြောင်းကနေ အမေရိကန် ပြည်ထောင်စုက အီရတ်မှာ ဆဒမ်ဟူစိန်ကို တိုက်ခိုက်သလို၊ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်သလို တိုက်ခိုက်လာမှာကို စိုးရိမ် နေပါ တယ်။ ဒီလို စိုးရိမ်နေမှုကတော့ ကျိုးကြောင်း မဆီလျော်လှပါဘူး။ ဒါပေမယ့် စိုးရိမ်နေတာပါပဲ။

နောက်တခုက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအုံကြွမှု ဆိုတာကလည်း အမြဲဆိုသလို ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက လည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက်ခဲ့ကြတာ စစ်အစိုးရက မမေ့နိုင်ပါဘူး။ အခုတော့ စစ်အစိုးရက သူတို့မြို့တော်သစ်မှာ ပိုပြီး လုံခြုံနေပုံရပါတယ်။ မြေပေါ်မှာရော - မြေအောက်မှာရောပေါ့။

မေး။ ။ လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား ဆက်ဆံရေး နီးစပ်လာတဲ့ ကိစ္စကို စိုးရိမ်ပူပန်စရာလို့ ယူဆ နေပါတယ်။ သူတို့ဆက်ဆံရေး ပိုမို နွေးထွေး နီးကပ်လာရင် အကျိုးဆက် အနေနဲ့ ဘယ်လိုဖြစ်နိုင် ပါသလဲ။

ဖြေ။ ။ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ မြေအောက် ဥမင်တွေ၊ အဆောက်အဦးတွေ၊ ဒီဇိုင်းပုံစံ ထုတ်ပေးတာ၊ တည်ဆောက် ပေးနေတာ စတဲ့ စွပ်စွဲချက် တွေကတော့ သိပ်ကို အရေးပါပါတယ်။ မြောက်ကိုရီးယား တွေက မြေအောက် ဥမင်ဖောက်ရာမှာ တဖက် ကမ်းခတ် ကျွမ်းကျင်ကြသူတွေပါ။ သူတို့ နိုင်ငံတွင်းက ကာကွယ်ရေး အဆောက်အဦး တွေရယ်၊ မြောက်နဲ့ တောင်ကိုရီးယားကို ခြား ထားတဲ့ စစ်မဲ့ဇုန်အတွင်း ဥမင်ဖောက်ခဲ့တဲ့ သာဓက တွေရယ်ကို ကြည့်ပြီး ပြောတာပါ။

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတဲ့ သူတွေနဲ့ မတူတဲ့အချက်က သူတို့က ငွေသားနဲ့ပေးချေတာကို လိုချင်ပါတယ်။ မြောက် ကိုရီးယား တွေ က ပုံမှန်အားဖြင့် ဘာတာစနစ် သဘော ကုန် - ကုန်ချင်း ပေးချေတာကို လိုလားကြပါတယ်။ နအဖ ဘက်ကလည်း ဒီစနစ်ကို ကြိုက် ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား ပုံစံမျိုးစုံနဲ့ ဖိနှိပ် အုပ်ချုပ်တာတွေ ကြောင့် နိုင်ငံ တကာက ပြစ်တင်ဝေဖန်မှု ခံနေကြရပါတယ်။ အဲဒီလို သူတော်ချင်းချင်း သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ ကြတာတော့ သဘာဝ ပါပဲ။ ၁၉၈၃ ခုနှစ်က ရန်ကုန်မှာ မြောက် ကိုရီးယားတွေ က ဗုံးခွဲခဲ့တာကို မေ့ပစ်နိုင် လိုက်ကြတာနဲ့ တပြိုင်နက်၊ မြန်မာနဲ့ မြောက်ကိုရီးယား အကြား ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တွေ့ကြရ လိမ့်မယ်လို့ ယူဆထား နိုင်ပါတယ်။

ဒါပေမယ့် ဒေသတွင်းက ကျန်တဲ့နိုင်ငံ တွေကတော့ ဒီအခြေအနေကို သဘောကျမှာ မဟုတ်ပါဘူး။ အာဆီယံက ဘယ်လို အရေးယူ ဆောင်ရွက် မှုတွေ လုပ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ကြရပါလိမ့်မယ်။ တကယ်လို့ အရေးယူဆောင်ရွက်မှုတွေ ရှိလာရင် သူတို့က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ခွဲထုတ်ဖို့ ကြိုးစားကြပါလိမ့်မယ်။

မေး။ ။ မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ အဏုမြူဓာတ်ပေါင်းဖို ၀ယ်ယူခဲ့တယ်။ ဒါပေမယ့် အဲဒီစီမံကိန်း အကြောင်း နောက်ပိုင်းမှာ မကြားကြရ တော့ပါဘူး။ စစ်အစိုးရ ကတော့ အဲသည် စီမံချက်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖို့ လို့ ပြောပါတယ်။ ရုရှားရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ အစပျိုး အဏုမြူ အစီအစဉ်ကို အခုလို မြောက်ကိုရီးယားက ပါဝင် ပတ်သက်မှုတွေ ရှိလာတဲ့အခါ ဒေသ အတွင်း စိုးရိမ်ပူပန်မှုတွေ ရှိလာကြပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရုရှားနဲ့ မြောက် ကိုရီးယားက မြန်မာစစ်အစိုးရ အဏုမြူထုတ်နိုင်အောင် ကူညီနေကြ တယ်လို့ ဆိုပါတယ်။ အဲသည် စိုးရိမ်မှု၊ သံသယတွေကို ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ မြောက်ကိုရီးယားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေမှု ကိစ္စအားလုံး အတွက် ပြင်ပက လူတွေက အရမ်းကို စိုးရိမ် နေကြ တယ်လို့ ထင်ပါတယ်။ အကယ်၍သာ အဏုမြူ လုပ်ငန်းကဏ္ဍမှာ ကူညီနေတာ ဖြစ်ရင်တော့ ဒေသတွင်း နိုင်ငံတွေရော၊ ပြင်ပက နိုင်ငံ တွေပါ အလန့်တကြား ခေါင်းထောင် လာကြမှာပဲလို့ ကျနော်ထင်ပါတယ်။ အဲဒီလို ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေ လည်း ရှိပါတယ်။ ကောလာဟလ တွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တခုခု ကောက်ချက် မဆွဲခင် အတည်ပြုလို့ ရနိုင်တဲ့ သတင်းတွေ စောင့်ကြည့်သင့်ပါသေးတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၃ - နှစ်အတွင်း မြောက်ကိုရီးယား သင်္ဘောတွေက မြန်မာ ဆိပ်ကမ်းကို မသင်္ကာဖွယ် အကြိမ်ကြိမ် ဆိုက်ကပ် ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တွေ အပါအ၀င် သမားရိုးကျ လက်နက်တွေကို နေပြည်တော်က စစ်အစိုးရဆီ ထောက်ပံ့ ပေးနေတယ်လို့ ယူဆပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ မြန်မာ သံအဆက် အသွယ် ပြန်လည်စတင် ပြီးတဲ့အခါမှာတော့ မြန်မာ အရာရှိတွေရဲ့ တရားဝင်ရော၊ တရားမ၀င်ရော မြောက်ကိုရီးယား ခရီးစဉ်တွေ သွားခဲ့ကြတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အခုလို ဆိပ်ကမ်း ကပ်လာတဲ့ သင်္ဘောတွေ၊ ခရီးစဉ်တွေကို ခင်ဗျား ဘယ်လို သုံးသပ်ပါ သလဲ။

ဖြေ။ ။ ဘယ်လိုကုန်မျိုးတွေ တင်လာတဲ့ သင်္ဘော ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ မျက်မြင်သက် သေတွေရဲ့ ခန့်မှန်းချက် အရတော့ အလွန်လေးလံတဲ့ ပစ္စည်းတွေလို့ ပြောပါတယ်။ အစိုးရက တရားဝင် ရှင်းပြသလို ဘင်္ဂလား ပင်လယ်အော်ထဲ ရာသီဥတု မကောင်းလို့ လာရောက်ခိုနား ရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မြောက်ကိုရီးယား သင်္ဘော မြန်မာ ဆိပ်ကမ်းကို မရောက်ခင်၊ ရောက်နေဆဲကာလနဲ့ နောက်ပိုင်း ရာသီဥတု ခန့်မှန်းချက် သတင်းတွေကို ကျနော် လေ့လာကြည့် ပါတယ်။ ရာသီဥတုက ကောင်းနေပါတယ်။ အာဏာပိုင်တွေ ခုလို လိမ်ပြောတာကိုက တခုခု ဖုံးကွယ်စရာ ရှိနေလို့ပါပဲ။ သင်္ဘောက အလွန်လေးတဲ့ လက်နက် တွေလည်း သယ်လာ နိုင်ပါတယ်။ စက်ပစ္စည်းတခုခု၊ ဒါမှမဟုတ် တခြား တခုခုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ မသိနိုင်ပါဘူး။

Mystery Surrounds North Korean Tunnel-building in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဧရာဝတီမှ