နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, September 26, 2008

၉၀ ရလဒ် ကာကွယ်ရန် အားလုံးတွင် တာဝန်ရှိသည်

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကာကွယ်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့က ပြည်ထောင်မှ ပြန်လွတ်မြောက် လာသည့် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းက ပြောကြားသည်။

နအဖ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် နောက်ထပ် ရွေးကောက်ပွဲ အသစ်ထပ်မံ ကျင်းပ၍ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိခဲ့သည့် ရလဒ်ကို ပယ်ဖျက်ရန် ကြိုးစားနေမှု အပေါ် ဒေါက်တာ သန်းငြိမ်းက ယင်းသို့ပြောဆို လိုက်ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ ပြည်သူတွေက ရွေးချယ်ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မဲပေးထားတဲ့ပြည် သူတွေအားလုံးပေါ့။ ဒီ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဆိုတာက အားလုံးက တရားမျှတတဲ့၊ လွတ်လပ်တဲ့ ရွေး ကောက်ပွဲလို့ အသိအမှတ် ပြုခဲ့တာပဲ။ အထူးသဖြင့် အစိုးရ ကိုယ်တိုင်ကလည်း အသိအမှတ်ပြုခဲ့တာပဲ။ အဲဒါကို တော့ ဘာမှတစုံတရာ အကျိုးမထင်ဘဲနဲ့ ပျောက်ပျက် သွားတယ် ဆိုတာမျိုးကတော့ မဖြစ်စကောင်းဘူးပေါ့ဗျာ။ ဒီကနေ့ လူလားမြောက်နေ တဲ့လူတွေ ကျနော်တို့ အပါအ၀င်အားလုံးမှာ ဒီပြဿနာကို ဖြေရှင်းဖို့ တာဝန်ရှိတယ်ဗျ” ဟု ပြောသည်။

အကျဉ်းထောင်တွင်း၌ (၁၁) နှစ်နီးပါးနေခဲ့ရပြီး ကျန်းမာရေးချို့ယွင်းနေသဖြင့် လွန်ခဲ့သည့် (၁၀) နှစ်တာကာလ ထောင်မကျခင်ကကဲ့သို့ နိုင်ငံရေးတွင် တက်တက်ကြွကြွပါဝင် လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ကျရာ တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဟု ဒေါက်တာ သန်းငြိမ်းက ဆက်လက် ပြောကြားသည်။

အသက် (၇၂) နှစ်ရှိပြီးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာ မေ၀င်းမြင့် စသည့် နိုင်ငံရေး အကျဉ်းသားများနှင့် အတူ လွတ်မြောက်လာသူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းကို ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ၁၉၉၇ ခု အောက် တိုဘာ (၂၈) ရက်တွင် စစ်အစိုးရက ဖမ်းဆီးကာ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ (၅) ညဖြင့် ထောင်ဒဏ် (၇) နှစ်ချ မှတ်ခဲ့သည်။ ၂၀၀၄ ခု၌ လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ပေးဘဲ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (က) ဖြင့် ဆက်လက် ထိန်းသိမ်းခဲ့သည်။

ခေတ်ပြိုင်မှ