နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, March 23, 2008

တပ်တွင်းအက်ကွဲကြောင်း ကြီးထွားလာပြီ

လမ်းပြမြေပုံကိစ္စ မြန်မာ့ တပ်မတော်အတွင်း ကွဲပြဲမှုများ ကြီးထွားလာ
လယ်ရီဂျေဂင်
Saturday, 22 March 2008 20:05 - မြန်မာစံတော်ချိန်

နိုင်ငံ့ရှေ့ရေးနှင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမည့် လမ်းပြမြေပုံနှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရအဖွဲ့အတွင်း အကွဲအပြဲများ ကြီးထွားလာနေသည်။ မြန်မာ့အဖိုးတန် ဓနဥစ္စာ အများစုကို လက်ဝယ် ထိန်းချုပ်ထားသူများနှင့် နိုင်ငံကို စောင့်ရှောက်သူ အစစ်အမှန်ဟု မိမိကိုယ်ကို ခံယူထားသူများ အကြား တိုက်ပွဲတခုက ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ စစ်အုပ်စုအတွင်း အဓိက အရေးပါသောသူ အတော်များများသည် အကျင့်ပျက် ခြစားမှုဖြင့် စုံစမ်း စစ်ဆေးခံရမှုများ ကြုံနေရသည်။

အဓိက ဘက်ကြီးနှစ်ဘက် သိသာစွာ ပေါ်ထွန်းလာပြီ ဖြစ်ရာ စစ်အုပ်စုအတွင်း စည်းလုံးညီညွတ်မှု ဟူသည် မရှိတော့ပါ။

တဖက်ကတော့ ကြီးမားသော စီးပွားရေးအကျိုးစီးပွားများ ပိုင်ဆိုင်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအမံ ဖြစ်သော လူထုအခြေပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အစည်းအရုံး (ကြံ့ဖွံ့) တို့နှင့် ပတ်သက်နေသူ ဝန်ကြီးများနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် (နအဖ) အဖွဲ့ဝင်များ ဖြစ်ကြသည်။

အခြားတဖက်တွင်တော့ စစ်တပ်သည် ပြည်သူလူထုကို အကာအကွယ်ပေးသည့် အခန်းကဏ္ဍကိုသာ အဓိက လုပ်ဆောင်ရမည့် ပရော်ဖက်ရှင်နယ် စစ်တပ် ဖြစ်စေချင်သော စစ်အစိုးရ ဒုတိယ အကြီးအကဲ မောင်အေး ဦးဆောင်သည့် ထိပ်တန်း ရာထူးလက်ကိုင် စစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။ သူတို့သည် အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှု ပိုမို ထူပြောလာခြင်းအပေါ် တုန်လှုပ်နေပြီး ထိုအကျင့်ပျက်များကြောင့် တပ်မတော်၏ အနာဂတ် အခန်းကဏ္ဍကို အခြေက လှိုက်စားစေသည်ဟု လက်ခံထားကြသည်။

ထိုအုပ်စုကြီး နှစ်ခုအတွင်း စစ်ပွဲ ပေါ်ပေါက်လာခြင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေး အလျင်အမြန် ယိုယွင်းလာခြင်းက တိုင်းပြည်တွင် ခေါင်းဆောင် အစစ်အမှန် မရှိဘဲ ဖြစ်နေသည်။ ရလဒ်အဖြစ် မြန်မာစစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များ အဆိုအရ အစိုးရ အုပ်ချုပ်ရေးယန္တရားအတွင်း နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်နေပြီး မဝေးလှသော အနာဂတ်၌ စစ်တပ်အတွင်း ‘အပျော့စား အာဏာသိမ်းမှု’ တခုကို အုပ်စုတစုစုက ပြုလုပ်လာလိမ့်မည်ဟု စိုးထိတ်မှုများ တိုးပွားလာနေသည်ဟု သိရသည်။

သို့သော်လည်း အင်အားစုတစုအနေနဲ့ တည်မြဲနေလိုလျှင် တပ်မတော် ‘အစစ်’ ဆိုသည်မှာ (ထိုအရာရှိများ သူတို့ကိုယ်သူတို့ မြင်သလို) လျင်မြန်စွာ ပြုမူ ဆောင်ရွက်ရန် လိုပါသည်။ စီစဉ်ထားသည့် မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် နောက် ၂ နှစ်အကြာတွင် ကျင်းပမည့် ရွေးကောက်ပွဲများသည် နိုင်ငံ၏ နိုင်ငံရေး မြင်ကွင်းကိုမူ အကြီးအကျယ် ပြောင်းလဲသွားမည် ဖြစ်သည်။ ဆန္ဒခံယူပွဲကော ရွေးကောက်ပွဲကိုပါ စီစဉ်နေသည့် ကြံ့ဖွံ့သည် နိုင်ငံ၏ အသစ်ဖြစ်ထွန်းလာမည့် နိုင်ငံရေး ဖြစ်စဉ်တွင် အာဏာနှင့် ထိန်းချုပ်မှု သိသာစွာပင် တိုးပွားလာမည် ဖြစ်သည်။


တပ်မတော် အကြီးတန်း အဖွဲ့ဝင်များသည် ကြံ့ဖွံ့၏ လွှမ်းမိုးခြယ်လှယ်မှု ပွားများလာခြင်းနှင့် မေလ ဆန္ဒခံယူပွဲအပြီး တပ်မတော်၏ သြဇာ ချုံးကျ ပြတ်တောက်သွားမည်ကို မကျေနိုင်၊ မချမ်းနိုင် ဖြစ်နေကြသည်။ ‘အဲဒါ (မေလနောက်ပိုင်း) ဟာ တပ်မတော်က အလုံးစုံ ရထားတဲ့ အာဏာကို ရုတ်တရက်ကြီး အဆုံးသတ်သွားစေမှာ ဖြစ်တယ်’ ဟု မြန်မာအစိုးရ အရာရှိတဦးက ပြောသည်။


ဖြစ်ထွန်းလာသော တပ်မတော်အတွင်း သာလွန် ကြီးစိုးမှုရရေး တိုက်ပွဲ၏ ဗဟိုချက်တွင်မူ သန်းရွှေလို ဗိုလ်သင်တန်းကျောင်း (အိုတီအက်စ်) ဆင်းများနှင့် မောင်အေးလို စစ်တက္ကသိုလ် (ဒီအက်စ်အေ)ဆင်းများအကြား ကွဲပြားမှု ကြီးထွားလာခဲ့သည်။

စစ်တပ် စစ်ဆင်ရေးလုပ်ငန်းများ မလုပ်ရသော်လည်း ကြံ့ဖွံ့နှင့် ပတ်သက်နေသော ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီးများသည် တယူသန် နအဖ အဖွဲ့ဝင်များဖြစ်ပြီး အိုတီအက်စ်ကျောင်းဆင်းများ ဖြစ်သည်။ ထိုခေါင်းဆောင်များသည် သန်းရွှေ၏ လူယုံများအဖြစ် လူသိများကြပြီး အထိန်းသိမ်းခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ကို စေ့စပ် ညှိနှိုင်းမှုမလုပ်စတမ်း ရပ်တည်ချက်ကို ဆွဲကိုင်ထားကြသည်။

စက်မှုဝန်ကြီး အောင်သောင်း၊ မွေးမြူရေးဝန်ကြီး မောင်မောင်သိန်း (သူသည် သြဇာကြီးသော မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အကြီးအကဲလည်း ဖြစ်သည်။)၊ ဆောက်လုပ်ရေးဝန်ကြီး စောထွန်း၊ စိုက်ပျိုးရေးဝန်ကြီး ဌေးဦး (သူသည် ကြံ့ဖွံ့၏ အဓိက ခေါင်းဆောင်) တို့သည် နာမည်ဆိုးနှင့် ကျော်ကြားသော တယူသန် ခေါင်းမာသူများ ဖြစ်ကြပြီး အစိုးရ အဖွဲ့ဝင်များအတွင်း အကျင့်ပျက် ခြစားမှု အများဆုံးသူများလည်း ဖြစ်သည်။

သူတို့အားလုံးသည် မှောင်ခိုလုပ်ငန်းများ၊ ဖြတ်စား လာဘ်စား လုပ်ထားခြင်းများက ရသော စည်းစိမ်ဥစ္စာ အမြောက်အမြား ပိုင်ဆိုင်ကြပြီး ဖြစ်သည်။ “အဲဒီလူတွေဟာ လာဘ်စားမှုနဲ့ လိမ်လည်မှုတွေက ရထားတဲ့ ငွေတွေကို ချိတ်တွယ်မိနေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြတယ်။ တရားလွန် လာဘ်စားတာကို စက်ဆုပ်ရွံရှာသူ မောင်အေးလို လူတောင် သူတို့ကို မထိရဲဘူး ဖြစ်နေတာ” ဟု အမည်မဖော်လိုသော မြန်မာစစ်တပ် သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။

ယခုဆိုလျှင် အစိုးရ အဖွဲ့အတွင်း သူတို့ရောက်နေသည်မှာ ၈ နှစ်ကျော်သွားပြီ ဖြစ်ပြီး နေထိုင်ပြုမူပုံများကလည်း အမြစ်တွယ်သွားပြီ ဖြစ်သည်။ မြန်မာအစိုးရ သတင်းရပ်ကွက်အရမူ လက်ရှိအနေအထားတွင် တယောက်မှ သူတို့ကို တားဆီးနိုင်စွမ်း မရှိပေ။ တပ်မတော်အကြီးအကဲများနှင့် နီးကပ်စွာ အဆက်အသွယ်ရှိသော စီးပွားရေးသမားတဦး အပြောအရ “သူတို့ကို တပ်မတော် ထိပ်တန်းရာထူး လက်ကိုင်တွေကြားထဲမှာ ‘နာဇီ’ တွေလို့ လူသိများတယ်” ဟု ဆိုသည်။ “သူတို့မှာ ငွေရှိတယ်၊ ပြီးတော့ သူတို့မှာ ခါးပိုက်ဆောင်တပ်တွေ ရှိတယ်” ဟု သူက ထပ်ပြောသည်။

ယခုတော့ တပ်မတော်အတွင်း အများအပြားက ထိုအုပ်စုကို စိုးထိတ်နေကြသည်။ နအဖ အတွင်း အချို့သော အကြီးတန်းအရာရှိများနှင့် လက်ရှိ (သို့မဟုတ်) ယခင် ကာကွယ်ရေးဝန်ကြီးဌာန ကစထ အကြီးအကဲများသည် ကြံ့ဖွံ့ကို ရှေ့တန်းတင်ပြီး အာဏာရရန် ကြံစည် လုပ်ဆောင်ကြသည်။ “သူတို့ဟာ လူထုရဲ့ တကယ့် ရန်သူအစစ်တွေပဲ” ဟု မြန်မာ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ထိုကဲ့သို့သော ဖြစ်ထွန်းနေမှုအပေါ် ပူပန် စိုးရိမ်နေသူများသည် တပ်မတော်အတွင်း များပြားလာနေသည်။ မြို့တော်သစ် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ အငယ်တန်း အရာရှိများအကြားတွင် မကျေနပ်မှုနှင့် စိတ်ပျက်ကာ အားမလို အားမရဖြစ်မှုများ ကြီးထွားလာနေသည်။

အငယ်တန်း အရာရှိ အများစုသည် အသက် ၄၇ နှစ်မှ ၅၅ နှစ်အကြားရှိ စစ်တိုင်းမှူးများ ဖြစ်ကြသည်။ သူတို့သည် ပြုပြင် ပြောင်းလဲရေးကို လိုလားသူ တိုးတက်သော အမြင်ရှိသူများဖြစ်ကြပြီး တပ်မတော်ကိုနင်းပြီး ကြံ့ဖွံ့များ ကြီးထွားလာနေသည့်အပေါ် ထိတ်လန့် တုန်လှုပ်နေကြသည်။

“သူတို့ဟာ အစိုးရ အဖွဲ့အတွင်းမှာ ယူနီဖောင်းကို အကာအကွယ်ယူပြီး ခြစားမှုတွေကနေ စည်းစိမ်ဥစ္စာ ထောင်ပုံ ရာပုံ စုဆောင်းနေတဲ့ မသမာတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စောင့်ကြည့်နေကြတယ်။ ဒါတွေဟာ တပ်မတော်ရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေတယ်လို့ သူတို့က စိတ်ပူနေကြတယ်” ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက ပြောသည်။


“အိုတီအက်စ်ဆင်း အယုတ်တမာကောင်တွေကို မောင်းထုတ်ပစ်ဖို့ အချိန်တန်ပြီ” ဟု မကြာသေးခင်က နေပြည်တော်သို့ သွားရောက် လည်ပတ်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တဦးကို အရာရှိတဦးက ပြောပြသည်။ သို့သော်လည်း နန်းတော်အတွင်း အာဏာသိမ်းမည့် အရိပ်လက္ခဏာတော့ မတွေ့ရပါ။ အရာရှိများ စိတ်မကောင်း ဖြစ်နေသော်လည်း ပွင့်လင်းစွာ ဆွေးနွေးမှုတော့ မရှိသေးပေ” တနိုင်ငံလုံးမှာ လွှမ်းမိုးနေတဲ့ အကြောက်တရားဟာ စစ်တပ်အတွင်းမှာလည်း ရှိနေတယ်” ဟု ထိုင်းစစ်ထောက်လှမ်းရေးတဦးက မဇ္ဈိမကို ပြောပြသည်။


“လက်ရှိ ဖြစ်နေပျက်နေတာတွေရော ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲအပြီး ဘာတွေဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာ အများစုဟာ အလွန်အမင်းကို မကျေနပ် ဖြစ်နေတာကိုတော့ သံသယဖြစ်စရာ မရှိဘူး” ဟု သူက ပြောသည်။ “ဒါပေမဲ့ သူတို့ဟာ တပ်မတော်အရာရှိတွေ ဖြစ်နေတော့ အမိန့်ကို ပြန်လှန် မေးခွန်းမထုတ်ဘဲ လိုက်နာမယ့် သူတွေဖြစ်တယ်” ဟု သူက ပြောသည်။

သန်းရွှေအောက်က ထိပ်တန်း ဗိုလ်ချုပ်အနည်းငယ်သည် သန်းရွှေနှင့် အပြိုင် သို့မဟုတ် ကြံ့ဖွံ့ခေါင်းဆောင်ပိုင်းကို ထိန်းရန် ပုံမှန် သမရိုးကျမဟုတ်သော မဟာမိတ်အဖွဲ့တခုကို စတင် ဖွဲ့စည်းကောင်း ဖွဲ့စည်းလာနိုင်သည်။ သူတို့တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မောင်အေး၊ စစ်အရာရှိချုပ် သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် နအဖ အတွင်းရေးမှုး ၁ တင်အောင်မြင့်ဦးတို့ ပါဝင်မည် ဖြစ်သည်။

သို့သော် ယခုအချိန်အထိ လွန်ခဲ့သည့် ၄ နှစ်က ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း ခင်ညွှန့်နှင့် သူ၏ ထောက်လှမ်းရေးအဖွဲ့ကို ဖြုတ်ထုတ်သည့်ပုံစံမျိုး ပြင်ဆင်မှု အနည်းငယ်သာ ရှိပါသေးသည်။ “အငယ်တန်း အရာရှိတွေနဲ့ အရာရှိ မဟုတ်တဲ့ စစ်သည်တွေကြား မကျေနပ်မှု၊ ဒေါသတွေ ကြီးထွားနေတဲ့ လက်ရှိ အနေအထားကတော့ ဘာကိုမှ မဖြစ်နိုင်ပါဘူးလို့ ပြောလို့မရတဲ့ အနေအထားပဲ” ဟု ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ ဝင်းမင်းက ပြောသည်။

သို့သော်လည်း ကြံ့ဖွံ့အတွင်းရှိ အခရာကျသော ပုဂ္ဂိုလ်များကို အပြင်းအထန် ချေမှုန်းခြင်းကတော့ လုပ်နေပြီ ဖြစ်သည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး မောင်မောင်သိန်းနှင့် ကာကွယ်ရေး ကစထ အကြီးအကဲများ ဖြစ်ခဲ့သော မောင်ဘိုနှင့် ရဲမြင့်တို့ကို လာဘ်စားမှု၊ ဖြတ်စား လာဘ်စားမှုများနှင့် တရားမဝင် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်မှုများဖြင့် အထူးစုံစမ်းစစ်ဆေးရေးက လျှို့ဝှက်စွာ စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်ဟု အစိုးရအဖွဲ့အတွင်းမှ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောသည်။

မောင်မောင်သိန်းနှင့် မောင်ဘိုသည် မှောင်ခိုလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရပြီး စောင့်ကြည့်ခံနေရသည်။ မြန်မာ့ရေပိုင်နက်ထဲတွင် ဖမ်းမိသော ငါးများအနက်မှ အနည်းဆုံး ၉ဝ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၊ အထူးသဖြင့် ရနောင်းကို ဖြတ်ကာ မှောင်ခိုထုတ်သည်ဟု ရေလုပ်ငန်းအတွင်းမှ အကြားအမြင်များသော သတင်းရပ်ကွက်က ပြောသည်။ ရလဒ်ကတော့ မြန်မာနိုင်ငံသည် တနှစ်လျှင် ဒေါ်လာ သန်း ၅ဝဝ ခန့် ဆုံးရှုံးနေခြင်း ဖြစ်သည်။

မောင်မောင်သိန်း ကိုင်ထားသော မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကြံ့ဖွံ့မဟုတ်သူ ဆိုလျှင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သွင်းကုန် ထုတ်ကုန် လုပ်ငန်းလိုင်စင်များ မချပေးသည်မှာ ၆ လပင် ရှိသွားပြီ ဖြစ်ကြောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။ ဆောက်လုပ်ရေး ပရောဂျက်များအတွက် လိုင်စင်ရခြင်းမှာ စီးပွားရေးအတွက် အရေးပါလှသည်။ ဆောက်လုပ်ရေး ပရောဂျက်အတွက် ဆိုကာ လျှောက်လိုက်သော လူစီးကားနှင့် ကုန်တင်ကားများ တင်သွင်းခွင့်လိုင်စင် ရရှိလျှင် ရောင်းစားခြင်းဖြင့် အမြတ်အစွန်း မြောက်မြားစွာ ရစေသည်။

အခြားများစွာသော နအဖ အဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် သူတို့၏ မိသားစုများလည်း စုံစမ်း စစ်ဆေးခံနေရသည်ဟု အစိုးရ သတင်းရပ်ကွက်တခုအရ သိရသည်။ မောင်မောင်သိန်း၏ နာမည်ကျော်သား ကိုပေါက် (ခ) မြင့်သိန်း၏ သစ်လုပ်ငန်းတခုသည် မရိုးမသား အကြံအဖန်များ လုပ်ခဲ့၍ ဖျက်သိမ်းပေးခဲ့ရသည်။ မောင်ဘိုသား ပိုင်ဆိုင်သော ဟာရီကိန်းဘားဆိုင်သည် မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး စစ်ဆေးခံနေရသည်။

အေးရှားလိုက် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ စိုးမြင့်အပါအဝင် ကြံ့ဖွံ့နှင့် ကြံ့ဖွံ့နှင့်ပတ်သက်သူများ၏ စီးပွားရေးလုပ်ငန်း အများအပြားကို စစ်ဆေးမှုများ လုပ်နေသည်။

ထိုအဖြစ်ပျက်များသည် အတိတ်တချိန်ကဆိုလျှင် မဖြစ်နိုင်သော အကြောင်းအရာများဖြစ်သည်။ လုပ်ရပ်များက တပ်မတော် ထိပ်တန်း အရာရှိများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ခြစားမှုများအပေါ် စိုးရိမ်မှု ရှိနေသည်ကို ညွှန်းဆိုနေသည်။ “ဒါဟာ အစိုးရလား ဒါမှမဟုတ် ကြံ့ဖွံ့နဲ့ စစ်တပ်က လုပ်ထားတာလား ဆိုတာကို ခွဲခြားဖို့ ကြိုးစားမှု ဖြစ်တယ်” ဟု ထိပ်တန်းစစ်ဘက် ပုဂ္ဂိုလ်တဦးက မဇ္ဈိမကို ပြောသည်။

အဖြစ်အပျက် အများစုကမူ ကန့်လန့်ကာ နောက်ကွယ်တွင် ဖြစ်နေသည်။ အုပ်စုကြီး ၂ ခုအကြား လူသိရှင်ကြား ထိပ်တိုက် ရင်ဆိုင်တွေ့ခြင်းလည်း မရှိသေးပါ။ သန်းရွှေအနေဖြင့် သူနှင့် သူ၏ထိပ်ပိုင်း ရာထူးလက်ကိုင် နောက်လိုက်များအကြား စစ်ပွဲတရပ်ကို ဖွင့်လိုက်မိရက်သား ဖြစ်သွားမည်ကို စိုးရိမ်ကာ နအဖ ၏ လေးလပတ် အစည်းအဝေးကို အဆက်မပြတ် ရွှေ့ဆိုင်းနေရခြင်းကြောင့်လည်း ဖြစ်သည်။

မောင်ဘိုနှင့် ရဲမြင့် အပါအဝင် အနည်းဆုံး ကစထ မှ ၄ ဦးအား ရာထူးမှ အနားယူရန် မောင်အေးက တောင်းဆိုမှုပြုမည်ကို သိနေ၍ သန်းရွှေက ရှောင်လွှဲလိုခြင်းကြောင့် အာဏာရကောင်စီ၏ အစည်းအဝေးကို မလုပ်ဖြစ်သည်မှာ ၉ လကျော် ကြာမြင့်သွားပြီ ဖြစ်သည်။ နောက်ဆုံး အစည်းအဝေးတွင် သန်းရွှေက ထောက်ခံတင်ပြသော မောင်ဘိုအား ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးပေးရေး အစီအစဉ်ကို မောင်အေးက လက်ခံရန် ငြင်းဆန်ရာမှ အစည်းအဝေးပျက်သွားသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

အနည်းဆုံး ၂ ယောက်ကိုမူ သူတို့၏ စစ်ဆင် ကွပ်ကဲမှု တာဝန်များမှ ထိုအချိန်ကတည်းက ဖယ်ရှားခံရပြီး ဖြစ်သည်။ ခင်မောင်သန်းနှင့် မောင်ဘိုတို့ကို ဒီအက်စ်အေကျောင်းဆင်း ခင်စော၊ သာအေးတို့နှင့် အစားထိုးထားသည်။ ထိုသူများမှာ သူတို့ ကိုင်ရသော စစ်တိုင်းများအတွက် စစ်ဆင်ရေး ကွပ်ကဲမှုများ မလုပ်ရတော့သော်လည်း နအဖ အဖွဲ့ဝင်အဖြစ် သန်းရွှေက ဆက်လက်ခန့်ထား၍ တည်မြဲနေသေးသည်။ မြင့်လှိုင် ကိုလည်း မကြာမီပင် တင်အေးနှင့် အစားထိုးလိမ့်မည်ဟု မျှော်လင့်ရသည်။

အကယ်၍ အသစ်ရောက်လာသော ဒီအက်စ်အေ ကျောင်းဆင်း စစ်ဆင်ရေးကွပ်ကဲမှုရုံး အရာရှိများကို နအဖ အဖွဲ့ဝင်ရာထူးများကိုပါ ပေးအပ်လိုက်လျှင် နအဖ၏ ဖွဲ့စည်းပုံကို အခြေခံကျကျ ပြောင်းလဲလိုက်မှု ဖြစ်လာလိမ့်မည်။ လွန်ခဲ့သည့် ၄ နှစ်က အိုတီအက်စ် ကျောင်းဆင်းများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် သန်းရွှေ၏ အာဏာသည် စိန်ခေါ်မှု မကြုံခဲ့ရသော်လည်း ရာထူး တိုးမြှင့်မှုအသစ်များ ဖြစ်လာလျှင်တော့ မောင်အေးနှင့် သူရရွှေမန်းတို့ နအဖ အတွင်း ချုပ်ကိုင်မှု ထိရောက်လာမည် ဖြစ်သည်။

နအဖ လေးလပတ်အစည်းအဝေးကို တောက်လျှောက် ရွှေ့ဆိုင်းလာခဲ့သည့် အကျိုးဆက်မှာ တပ်မတော်အတွင်း ရာထူးတိုးပေးရေးမှာ နှောင့်နှေးမှုများ ဖြစ်လာခဲ့သည်။ “ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေ မတွေ့တာ (လေးလပတ်အစည်းအဝေး) လတွေနဲ့ ချီနေပြီ။ သြဂုတ်နဲ့ စက်တင်ဘာ ဆန္ဒပြမှုတွေ မတိုင်ခင်ကတည်းကပဲ။ ဒီကာလထဲမှာဆိုရင် စစ်တိုင်းမှူး ၃ ဦးကို ခန့်အပ်တာက လွဲရင် ဘယ်သူ့ကိုမှ ရာထူးတိုးပေးတာ မရှိသေးဘူး” ဟု ဝင်းမင်းက ပြောသည်။

“အကျိုးဆက်ကတော့ ရာထူးတိုးသင့်ရက်သားနဲ့ ရာထူးမတိုးလို့ တိုင်းမှူးတချို့ စိတ်ပျက် မကျေနပ်တာ ပွားလာမှာ အသေချာပဲ” ဟု သူက ပြောသည်။

သန်းရွှေလက်အောက်မှ ဗိုလ်ချုပ်များအတွက် တစုံလုံး ချုပ်ကိုင်မှုများ ပြုလုပ်ရန် အချိန်ကလည်း လျော့ပါးလာပြီ ဖြစ်သည်။

မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲပြီးလျှင် ရွေးချယ်လိုက်သော ဝန်ကြီးများနှင့် စစ်ဗိုလ်ချုပ်များကို ကြံ့ဖွံ့နှင့် အနာဂတ် အရပ်သား အုပ်ချုပ်ရေးမှာ ထည့်လိုက်မည် ဖြစ်၍ သူတို့၏ အခန်းကဏ္ဍ အရေးပါမှု ပိုပိုနည်းလာပြီ ဆိုသည်ကို သူတို့ သိနေသည်။ တချိန်တည်းမှာပင် ခြစားမှု ပျံ့နှံ့နေခြင်းက နိုင်ငံရေး တည်ငြိမ်မှုနှင့် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းကို သူတို့ စိုးထိတ်နေကြသည်။

“အနာဂတ်မှာ တိုင်းပြည်ကို ဒီမိုကရေစီ ယူဆောင်လာပေးနိုင်တဲ့ အင်စတီကျူးရှင်းဟာ တပ်မတော်တခုတည်းပဲ ဖြစ်တယ်” ဟု တပ်တော်သားတဦးက မဇ္ဈိမကို ပြောသည်။ “မျိုးဆက်သစ် အရာရှိတွေဟာ နိုင်ငံ့အတွက် မျှော်လင့်ချက် အစစ်ဖြစ်တယ်” ဟု ဆိုသည်။ ထို မျိုးဆက်သစ် အရာရှိများသည် သူတို့ကိုယ် သူတို့ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူ အစစ်အမှန်ဟု မြင်သောကြောင့် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မှာ ဖြစ်သည်ဟု သူက ပြောသည်။

လောလောဆယ်တွင်မူ သန်းရွှေ၏ ကျန်းမာရေး ဆိုးရွားလာနေပြီး မှတ်ဉာဏ်များလည်း မကောင်းတော့ပေ။ သူဟာ တကိုယ်ရေ ဧကစာရီ ကျင့်သုံးမှု ပိုလုပ်လာသည်။ သူ သေချာစွာ တွက်ချက် လုပ်ကိုင်နေသော်လည်း သူ၏ အနေအထားမှာ ကြိုးတန်း လမ်းလျှောက်နေရသလို ဖြစ်လာသည်ဟု မြန်မာ့စစ်တပ်ရေးရာ ကျွမ်းကျင်သူများ အပြောအရ သိရသည်။

“ပြဿနာတွေက တရားဝင် အေးအေးချမ်းချမ်းနဲ့ သဘာဝအတိုင်း ပြေလည်သွားနိုင်တာကို ကျနော်တို့က စွန့်စားဖို့ မတန်ဘူးလေ” ဟု မောင်အေးက သူ၏ အရင်းနှီးဆုံး မိတ်ဆွေများကို မကြာသေးမီက ပြောကြားခဲ့သည်။

သို့သော်လည်း ဆန္ဒခံယူပွဲလုပ်ရန် သိပ်မကျန်တော့သဖြင့် တပ်မတော်အနေဖြင့် ခြစားနေသော ကြံ့ဖွံ့ကြီးများကို အချိန်မနှောင်းခင် လက်ဦးမှု အရယူရမှာ ဖြစ်သည်။

(Larry Jagan က မဇ္ဈိမအင်္ဂလိပ်ဆိုက်အတွက် ရေးသားပေးသည့် Splits emerge in Burma's army over country's roadmap လေ့လာ သုံးသပ်ချက်ကို မြန်မာလို ဘာသာပြန် တင်ပြပါသည်။)