နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, March 19, 2008

စစ်အစိုးရ ဦးစီးသည့် စာမေးပွဲ သံဃာတော်များ သပိတ်မှောက်မည်

စစ်အစိုးရ ဦးစီးသည့် စာမေးပွဲ သံဃာတော်များ သပိတ်မှောက်မည်
ကိုစိုး | မတ် ၁၈၊ ၂၀၀၈

စစ်အစိုးရ ကျင်းပမည့် သံဃာစာမေးပွဲကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သံဃာတော်များအပါအဝင် သံဃာအများစုက ဖြေဆိုမည် မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ကလည်း စက်တင်ဘာလ ငြိမ်းချမ်းစွာ မေတ္တာပို့ ရွတ်ဆို ဆန္ဒပြ သံဃာတော်များအား အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်ခဲ့၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်ထားသည်ကို သတိပြုပြီး ယခုလအတွင်း စစ်အစိုးရကျင်းပမည့် သံဃာစာမေးပွဲကိုဖြေဆိုခြင်းမပြုဘဲ သပိတ်မှောက်ရန် ယနေ့ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ယခုသံဃာစာမေးပွဲကို သပိတ်မှောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးက တကြိမ် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးသေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးဆောင်သံဃာတော်တပါး ဖြစ်သည့် ပြည်ပအခြေစိုက် ဦးပညာဇောတက “သံဃာတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အစိုးရရဲ့စာမေးပွဲကိုမဖြေဆိုဖို့ မြန်မာပြည်တွင်းက သံဃာထုကို တိုက်တွန်း ပြောကြားလိုပါတယ်”ဟု မိန့်ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်း ပခုက္ကူမြို့၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်များရှိ သံဃာတော်အများစုက ယခုလ အတွင်း ကျင်းပမည့် သံဃာစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည်မဟုတ်ကြောင်း ပြောဆိုကြသည်။

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်မှ သံဃာတော် အရှင်မန္တလက“စက်တင်ဘာ အရေးအခင်းကြောင့် မစိုးရိမ် တိုက်သစ်ရော တိုက်ဟောင်းက ကိုယ်တော်တွေ တပါးမှ စာမေးပွဲသွားဖြေကြမှာ မဟုတ်ဘူး”ဟု ဧရာဝတီ သို့ ပြောသည်။

မစိုးရိမ်တိုက်သစ်နှင့်တိုက်ဟောင်း ကျောင်းတိုက် ၂ ခု ပေါင်းတွင် သံဃာ အပါး ၄၀၀၀ ခန့်ရှိသည်ဟု သိရသည်။

ထို့အပြင် မဟာဝိသုဒ္ဓာရုံ ကျောင်းနှင့် မြတောင်ကျောင်းတိုက်တို့ရှိ သံဃာတော်များအပါအဝင် မန္တလေးမြို့ရှိ သံဃာ အများစုသည် ယင်းစာမေးပွဲကို ဖြေဆိုကြမည်မဟုတ်ကြောင်းလည်း အရှင်မန္တလ က မိန့်ကြားသည်။

“ဦးပဉ္ဖင်းတို့ ဒီစာမေးပွဲကို ဝင်ဖြေလိုက်ရင် မှားသွားမှာပေါ့၊ အခုထက်ထိ ကံဆောင်ထားတဲ့ ဥစ္စာ”ဟု ရန်ကုန်မြို့ တွင် သီတင်းသုံနေသည့် ဓမ္မာစရိယ စာချ သံဃာတော် တပါးကလည်း ပြောသည်။

၎င်းတို့ ကျောင်းတိုက်တွင် ယခင်က သံဃာအပါး ၁၅၀ ခန့်ရှိ သော်လည်း လွန်ခဲ့သည့်နှစ် စက်တင်ဘာ အရေးအခင်းပြီး နောက်ပိုင်း နယ်မြို့များသို့ ပြန်ကြွသူ၊ လူထွက်သူ၊ လမ်းပန်းဆက်သွယ်ရေး တင်းကြပ်မှု၊ လုံခြုံရေး တင်းကြပ်မှုများကြောင့် ကျောင်းသို့ ပြန်လည်မကြွရောက်နိုင်ဘဲ ယခုအခါ သံဃာအပါး ၃၀ ခန့်သာ ရှိတော့ သည်ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

မကွေးတိုင်း ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ သံဃာတော် တပါးကလည်း ပခုက္ကူမြို့ရှိ ပတ္တနိက္ကုဇ္ဖန ကံဆောင် သံဃာတော်အများစုက စစ်အစိုးရ သံဃာစာမေးပွဲကို ဖြေဆိုကြမည်မဟုတ်ကြောင်း ပြောသည်။

၂၀၀၇ ခု စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ဆန္ဒပြပွဲကို အကြမ်း ဖက်ဖြိုခွဲခဲ့ သည့်လုပ်ရပ်အား စစ်အစိုးရက မတောင်းပန်သောကြောင့် စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတဝန်းရှိ သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဖန ကံဆောင် သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

ယင်း စက်တင်ဘာ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြ ကြရာ စစ်တပ်က သေနတ်ဖြင့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာ များအား ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်။

ဦးပညာဇောတက ထိုသို့စက်တင်ဘာ ငြိမ်းချမ်းစွာဆန္ဒပြပွဲများအတွင်း စစ်အစိုးရက သံဃာတော်များနှင့် ဆန္ဒပြ သမားများ အား အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲခဲ့ခြင်းကို ပြင်းထန်စွာဝေဖန်ရှုတ်ချလိုက်ပြီး သံဃာတချို့ကို ယခု အချိန် အထိ ဖမ်းဆီး ထားဆဲဖြစ်သည်ဟု ပြောသည်။

ယင်း စက်တင်ဘာ ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ရန်ကုန်မြို့ခြောက်ထပ်ကြီး သာသနာ့သိပ္ပံ ကျောင်းတိုက်မှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးအား စစ်အစိုးရက ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားခြင်းကို ယမန်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထားတာ၊ ပြစ်မှုမြောက်ရင် ထောင် ၂ နှစ် ချနိုင်တယ်၊ အစိုးရ ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးကို ထိခိုက် ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်တဲ့ ပုဒ်မ”ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောပြသည်။

သာသနာ့သိပ္ပံ ကျောင်းတိုက်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ဆက်စပ်ပတ်သက်မှု၊ စက်တင်ဘာ ဆန္ဒပြပွဲနှင့် ပတ်သက်မှုများရှိသောကြောင့် အာဏာပိုင်များ၏စောင့်ကြည့် အရေးယူခံခဲ့ရသည့် ကျောင်းတိုက် ဖြစ်သည်။

လတ်တလောတွင်လည်း ရန်ကုန်မြို့နှင့်အနီးဝန်းကျင်တွင် စစ်အစိုးရက လုံခြုံရေးများချထားပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ များကို တိုးမြှင့်ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဗကသ) မှ ကိုကျော်ကိုကိုနှင့် ကိုဥာဏ်လင်းအောင် တို့ကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း(အေအေပီပီ) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မတ်လ ၆ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ခေါင်းဆောင် ကိုကျော်ကျော် အပါအဝင် အဖွဲ့ဝင် ၁၈ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

“စစ်တပ်က အာဏာသိမ်း အုပ်ချုပ်တဲ့သက်တမ်းလည်း ကြာခဲ့ပြီ၊ မြန်မာပြည်သူတွေကလည်း အခုထက်ထိ သူတို့ရဲ့ ဖိနှိပ်မှုအောက်က မလွတ်မြောက်နိုင်သေးဘူး”ဟု ဦးပညာဇောတ ပြောကြားသည်။
coppy: from Irrawaddy