နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, June 28, 2008

ဂြိုဟ်တုစလောင်း စစ်ဆေးရန် ညွှန်ကြားချက်ထုတ်

ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်းများကို ကွင်းဆင်း၊ စစ်ဆေး၊ စာရင်း ကောက်ခံရန် မြန်မာ့ ဆက်သွယ်ရေးက ညွှန်ကြားထားကြောင်း သိရသည်။

သက်ဆိုင်ရာမြို့နယ်အတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသည့် ဂြိုဟ်တု စလောင်းများကို စာရင်းကောက်ခံပြီး တင်ပြရန် ညွှန်ကြားချက် ရရှိထားကြောင်း ကျောက်တံတားမြို့နယ် မယကရုံးမှ ၀န်ထမ်းတဦးက ပြော သည်။

၎င်းက “ခယက ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က စာဝင်ထားတယ်။ အဲဒါကို ဆက်ပြီး အရေးယူ ဆောင်ရွက်ဖို့ အောက်ခြေ ရယကတွေကို ညွှန်ကြားချက် ထုတ်မှာဖြစ်ပါတယ်။ ညွှန်ကြားချက်မှာ စလောင်းတပ်ဆင်ထားတဲ့ အိမ်လိပ်စာနဲ့ အမည်တွေကို စာရင်းကောက်ခံရန်၊ စာရင်းကောက်ခံ ရာမှာ အဆိုပါ နေအိမ် အနေနဲ့ ယခင်က ဂြိုဟ်တုစလောင်း လိုင်စင် လုပ်ခဲ့ဖူးခြင်း ရှိမရှိ စတဲ့ အချက် အလက် တွေပါ ကောက်ခံရမယ်လို့ ပါရှိတယ်” ဟု ပြောသည်။

ပထမအဆင့်အနေဖြင့် စာရင်းတိတိကျကျ ကောက်ခံပြီးသည့်နောက် စလောင်း တပ်ဆင်ထား သူများကို ဆင့်ခေါ်ကာ ဂြိုဟ်တုစလောင်းကို ဆက်သွယ်ရေးဌာနတွင် ပြန်လည် အပ်နှံခိုင်းပြီး ဒဏ်ရိုက် အရေးယူခြင်း ပြုလုပ်နိုင်ကြောင်းလည်း ရန်ကုန်မှ ဆက်သွယ်ရေး ၀န်ထမ်းတဦးက ပြောသည်။

“ရန်ကုန်မြို့မှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုစလောင်း အတော်များများက လိုင်စင်မဲ့တွေဖြစ်တယ်။ လိုင်စင်ရှိသူတွေကလည်း ပြီးခဲ့တဲ့ နှစ်ဆန်း လိုင်စင် သက် တမ်း တိုးမယ့်အချိန်က အစိုးရက တိုးခွင့်မပေးလို့ သက်တမ်းကုန်ဆုံး နေကြတယ်။ ဂြိုဟ်တုစလောင်း အားလုံး တရားမ၀င်ဖြစ်နေ တဲ့အတွက် အစိုးရက အရေးယူသိမ်းဆည်းနိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။

စစ်အစိုးရက တရားဝင် တင်သွင်းခွင့် မပြုသည့်အတွက် မြန်မာနိုင်ငံ အတွင်း ၀င်ရောက်လာသည့် ဂြိုဟ်တုစလောင်း အားလုံးသည် မှောင်ခိုပစ္စည်း သဘောသာ ဖြစ်သော်လည်း စစ်အစိုးရ၏ ရုပ်သံ ချယ်နယ် (၄) ခုမှလွဲ၍ အခြား ကြည့်ရှုစရာ မရှိသည့်အတွက် ရန်ကုန်မြို့၌ ဂြိုဟ်တုစလောင်းများကို လူအများက တပ်ဆင်ကြည့်ရှုနေကြခြင်းဖြစ်သည်။

အဆိုပါ ဂြိုဟ်တုစလောင်းများ အားလုံးနီးပါးသည် ပြီးခဲ့သည့် နာဂစ် လေမုန်တိုင်း တိုက်စဉ် ပျက်စီး ခဲ့ရပြီးနောက်ပိုင်း မြို့နယ်အချို့၌ ပြန်လည်တပ် ဆင်သူများ ရှိသော်လည်း အနည်းငယ်သာ ရှိသေး ကြောင်း သိရသည်။

ယခင်လအတွင်း၌ အာဏာပိုင်များက လသာမြို့နယ် မောင်ခိုင်လမ်း အတွင်းရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်များကို ၀င်ရောက်ဖမ်းဆီး၊ ပစ္စည်း များသိမ်းကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ဆိုင်ပိုင်ရှင်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အခြားလျှပ်စစ်ပစ္စည်း ဆိုင်များ ကိုလည်း ဂြိုဟ်တုစလောင်းများ ရောင်းချခြင်း မပြုရန် ၀န်ခံကတိ လက်မှတ်များ ရေးထိုး ခိုင်းခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ပိုင်ရှင် တဦးက ပြောသည်။

စစ်အစိုးရက ဂြိုဟ်တုစလောင်းမှ ထုတ်လွှင့်နေသည့် နော်ဝေအခြေစိုက် ဒီဗွီဘီ ရုပ်သံချယ်နယ်ကို ပြည်သူများ ကြည့်ရှုမည်ကို မလိုလားသည့်အတွက် ယခုကဲ့သို့ ဂြိုဟ်တုစလောင်း အနည်းငယ်သာ တပ်ဆင်ထားသည့်အချိန်၌ ပိုင်ပိုင် နိုင်နိုင် အရေးယူရန် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေသည်။ ။