နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Sunday, August 10, 2008

ထင်ရှားသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးကို ဖမ်းပြီ

ရှစ်လေးလုံး နှစ် ၂၀ ပြည့်နေ့တွင် ထင်ရှားသည့် လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတဦး ဖမ်းဆီးခံရကြောင်း ၎င်း၏မိတ်ဆွေက ပြောပြသည်။

ယမန်နေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ ရန်ကုန်မြို့ တော်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ဦးမြင့်အေး (အသက် ၅၇) ၏အိမ်ကို ၀င်ရောက်ရှာဖွေပြီးနောက် ဦးမြင့်အေးကို ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်မောင်လေးက ပြောပြသည်။

ဖမ်းဆီးရသည့်အကြောင်းရင်းကို မသိရသေးပေ။ ရဲတပ်ဖွဲ့ကလည်း တစုံတရာ ပြောဆို ထုတ်ပြန်ခြင်း မရှိပေ။

ဦးမြင့်အေး၊ ဦးမောင်မောင်လေးတို့မှာ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ယက် (HRDP) ၏ အဖွဲ့ဝင်များဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဦးမြင့်အေးက ထိုအဖွဲ့ကို စတင်ဖွဲ့စည်းလှုပ်ရှားခဲ့သည်။

၁၉၈၈ နောက်ပိုင်းတွင် ဦးမြင့်အေးသည် အနည်းဆုံး ၅ ကြိမ်ခန့် ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသည်။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသည်။

ပြီးခဲ့သည့် မတ်လက မည်သူမည်ဝါမှန်း မသိရအချို့၏ ရိုက်နှက်တိုက်ခိုက်ခြင်း ခံရသဖြင့် ဆေးရုံတက် ကုသခဲ့ရသည်။ ခေါင်းတွင် လေးချက် ချုပ်ခဲ့ရသည်။

ဦးမြင့်အေးအား ဖမ်းဆီးရခြင်းသည် ယမန်နေ့က ဖြစ်ပွားခဲ့သော ရှစ်လေးလုံးနှစ်ပတ်လည်နေ့ လှုပ်ရှားမှု များနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းရာ ဦးမောင်မောင်လေးက ၎င်း၏လုပ်ဖော်ကိုင်ဘက်သည် နိုင်ငံရေးလှုပ်ရှားမှု များတွင် ပါဝင်ခြင်းထက် လူ့အခွင့်အရေး တိုးတက်မြှင့်တင်ရေးတွင်သာ ပိုမိုစိတ်ဝင်စားသူဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဦးမြင့်အေးသည် ဖမ်းဆီးခံရစဉ်ကပင် အသင့်ပြင်ထားသော အ၀တ် အထည်၊ ဆေးဝါးတို့ကို ယူဆောင် သွားခဲ့သည်ဟု ဆိုသည်။

မိုမခမှ