နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Wednesday, August 27, 2008

ထိုင်းအစိုးရ ဖြုတ်ချဘို့ ဘန်ကောက်မှာ သောင်းနှင့်ချီ ဆန္ဒပြ

၂၆ သြဂုတ် ၂၀၀၈

အစိုးရပိုင် NBT ရုပ်မြင်သံကြားဌာနကို ဆန္ဒပြသူတွေ သိမ်းယနေ့ဆန္ဒပြပွဲကို နောက်ဆုံးတိုက်ပွဲဟု ပီအေဒီဆန္ဒပြအဖွဲ့က ကြွေးကြော်

ဝန်ကြီးချုပ်တပ်ဆင် ဆန့်ကျင်သူများမဟာမိတ်အဖွဲ့ (PAD) သည် ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံထုတ် လွှင့်ရေးလုပ်ငန်း (NBT) ဌာနတွင်းသို့ ယနေ့ ၀င်ရောက်ပြီး ရုပ်သံထုတ်လွှင့်မှုကို အဓမ္မ ရပ်ဆိုင်းလိုက်သည်။

စမတ်အစိုးရနှုတ်ထွက်ရေး တွန်းအားပေးမည့် ၎င်းတို့အစီအစဉ်အရ ယနေ့မနက် စောစောပိုင်းတွင် (PAD) အဖွဲ့သည် ရုပ်သံလွှင့်ရုံဌာန နောက်ဖေးပေါက်မှ ၀င်ရောက်ကာ ၀န်ထမ်းများအားလုံးကို အသံလွှင့်ရုံမှ အတင်းအကျပ်ထွက်ခွာစေခဲ့သည်။ ရုပ်သံလွှင့်မှု ဖြတ်တောက်ခြင်းမခံရမီ အချိန်ပိုင်း လေးတွင် ဆန္ဒပြသူများ၏ ရုပ်ပုံများကို တခဏမျှ လွှင့်ထုတ်နေခဲ့သည်။

နောက်ပိုင်းတွင် ရဲများသည် ဆန္ဒပြသူတွေထဲမှ ပစ္စတိုနှစ်လက်၊ ဓားများနှင့် ဂေါ့ဖ်ရိုက်တံများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသူ (၈၀) ဦးကို ဖမ်းဆီးခဲ့သည် အခြား (PAD) ဆန္ဒပြသူများသည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး နှင့်သမ၀ါယမ၀န်ကြီးဌာန ၀င်းများအတွင်းသို့ ၀င်ရောက်ခဲ့သော်လည်း မည်သည့်အဆောက်အဦအတွင်းမှ ၀င်ရောက်ခြင်းမရှိပေ။

အစိုးရရုံးစိုက်ရာဌာနများသွားသည့်လမ်းကိုလည်း ပိတ်ဆို့ခံထားရပြီး အစိုးရ ၀န်ကြီးအဖွဲ့အပတ်စဉ် အစည်းအဝေး ကို ပယ်ဖျက်ရန်အကျပ်ကိုင်ထားသည်။ ၀န်ကြီးချုပ်စမတ်သည် ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်နှင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ အကြီးအကဲများကို ခေါ်ယူကာ အရေးပေါ် ၀န်ကြီးအစည်းအဝေးတရပ် ပြုလုပ်နေသည်ဟု ပြည်တွင်း မီဒီယာက ရေးသည်။

ဝန်ကြီးဌာနတွေရှေ့မှာ ဆန္ဒပြ

(PAD) အဖွဲ့၏ အဓိက အဖွဲ့ဝင် ဆွမ်ဆက် ကိုဆိုင်ခူလ် ဦးဆောင်သည့် ဆန္ဒပြသူ (၂၀၀၀) ခန့် သည် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီးဌာနများ ရှေ့မှောက်တွင် ယနေ့ ဆန္ဒပြနေကြသည်။ လက်ရှိအခြေအနေတွင် အရေးပေါ် အခြေအနေတရပ်အဖြစ် ကြေညာရန်မလိုဟု ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီယမ်ဖရာတစ်က ပြောသည်။

နောက်ဆုံးတိုက်ပွဲ

ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရ၀ပ်နှင့် အစိုးရအဖွဲ့ပြုတ်ကျသွားမည်ဆိုသည့် ယုံကြည်မှုနှင့်အတူ ယနေ့ ဆန္ဒပြပွဲတွင် (PAD) သည် ၎င်း၏ အနာဂတ်ကို လောင်းကြေးထပ်နေသည်။

ယနေ့သူနိုင်ကိုယ်နိုင်ဆန္ဒပြပွဲသည် “နောက်ဆုံးတိုက်ပွဲ”ဟု (PDA) ထဲမှ ခေါင်းဆောင်ပိုင်းတဦးဖြစ်သည့် ဆွန်ဒီလင်ထောင်ခူလ်က “ဒီတကြိမ်မှာ ကျနော်တို့ရှုံးနိမ့်မယ်ဆိုရင် ကျနော်တို့ နောက်ဆုတ်ပြီး နိုင်ငံကို သူတို့လက်ထဲ ပေးအပ်လိုက်မယ်။ လူတွေက ကျနော်တို့ကိုမှ ဂရုမစိုက်တဲ့နောက် ကျနော်တို့ကလည်း ပြည်သူတွေကို ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ကို သူများတွေပဲ ယူပစေတော့ပေါ့” ဟု ပြောသည်။

သို့ရာတွင် မေလ (၂၅) ရက်နေ့ကတည်းကဆန္ဒပြနေခဲ့သော ထိုအဖွဲ့သည် ပါလီမန်ပြင်ပမှ ၀န်ကြီးချုပ်ရာထူးကို ဆင်းခိုင်းသည့်လှုပ်ရှားမှုမှန်သမျှကို ငြင်းဆန်နေသော ၀န်ကြီးချုပ်စမတ်၏ ဖီဆန် မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

အစိုးရသည် တရားဝင်အာဏာရအစိုးရဖြစ်သောကြောင့် အစိုးရကို ဖယ်ရှားရေး သည်လည်း ပါလီမန် မှတဆင့် ဖယ်ရှားခြင်းသာ ဖြစ်သင့်သည်ဟု မစ္စတာ စမတ်က ပြောသည်။

“၀န်ကြီးချုပ် တယောက်အနေနဲ့ တိုင်းပြည်တွင်း ငြိမ်ဝပ်ပိပြားရေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်။ ဆန္ဒပြတာတွေဟာလည်း တရားဝင်စည်းဘောင် ထဲကနေပဲ လုပ်သင့်ပါတယ်။ တရားလွန် ဖြစ်သွားမယ် ဆိုရင်တော့ ရဲတွေက အရေးယူမှာဖြစ်ပါတယ်” ဟု စမတ်က ပြောသည်။

မစ္စတာဆွန်ဒီက (PDA) ကိုထောက်ခံအားပေးသူ (၃) သိန်းခန့် ယနေ့ဆန္ဒပြ မည်ဟုမျှော်လင့်ထားသော်လည်း ရဲဖက်ကမူ ဆန္ဒပြမှုသည် အင်အားသောင်းချီသည် အထိသာရှိမည်ဟု ခန့်မှန်းထား သည်။

အစိုးရ ယန္တယားကို ဖြတ်တောက်ခြင်း

(PAD) ၏ဗျူဟာမှာ အုပ်ချုပ်ရေးနှင့် တိုင်းပြည်ကို တုံ့ဆိုင်းရပ်တန့်စေခြင်း ဖြစ်သည်။ ထိုဗျူဟာထဲတွင် အစိုးရရုံးနှင့် ရချဒမ်နိုအင်လမ်းမတလျှောက်ရှိ ၀န်ကြီးဌာနအားလုံးကို စီးခြင်း၊ ဖူးခက်နှင့် ဟက်ရိုင်တွင်ရှိ လေယာဉ်ကွင်း (၂) ခုကို အဆက်အသွယ်ဖြတ်တောက်ခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ပါဝင်သည်ဟု မစ္စတာ ဆွန်ဒီက ဆိုသည်။

“ဒီနေ့ ဆန္ဒပြတာဟာ ထူးခြားတဲ့ပွဲပါပဲ။ အစိုးရ ယန္တရားတွေ အကုန်ရပ်တန့်မယ့် အရာမှန်သမျှကျနော် တို့လုပ်မယ်။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခဖြစ်စေမယ့်အလုပ်မျိုး လုပ်မှာမဟုတ်ပါဘူး” ဟု ဆွန်ဒီက ပြောသည်။

ယခု အစိုးရရုံး လုံခြုံရေးအတွက် အရင်ထာရတ် ကွန်မင်ဒို (၁၀၀) ခန့် ပါဝင်သော တပ်ဖွဲ့တဖွဲ့ စေလွှတ်ထားသည်ဟု သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်စမတ်နှင့် အစိုးရအဖွဲ့ ရုံးမတက်နိုင်စေရေးအတွက် ဘန်ကောက်ရှိ အစိုးရရုံးသို့ သွားသည့် အဝေးပြေးလမ်းမများ၊ လမ်းများတွင် ပိတ်ဆို့ရန် ယမန်နေ့က ဆန္ဒပြသူ သောင်းချီ၍ စုရုံးခဲ့ကြသည်။

ဘန်ကောက်တွင် (PDA) ဆန္ဒပြသူများက အစိုးရရုံးသို့ဝင်စီးရန် စီစဉ်နေချိန်၌ (PDA) ကိုထောက်ခံ သောသူများက ဘန်ကောက်သို့လာသည့် အဓိကလမ်းမကြီး များကို ပိတ်ဆို့ထားမည်ဟုအဓိဋ္ဌာန် ပြုကြသည်။ ။

ခေတ်ပြိုင်မှ