နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, August 29, 2008

ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲ အားကောင်းစေရန် ဖိအားပေး မည်

၂၈ သြဂုတ် ၂၀၀၈

အကျဉ်းသားရပိုင်ခွင့်များချုပ်ချယ် ခံထားရသည့်အပေါ် ဒေါ်ဆောင်ဆန်းစုကြည် ဆန္ဒပြတောင်း ဆိုနေမှုကို ထောက်ခံအားပေးကြောင်းနှင့် ပိုမိုအားကောင်းလာ စေရန် ဖိအားပေးသွားမည်ဟု ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ အဖွဲ့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် အယူခံဝင်ခွင့်၊ ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ခွင့်၊ အိမ်သုံး အီလက်ထရောနစ် ပစ္စည်းများ သွင်းယူခွင့်၊ အတူနေ ဒေါ်ခင်ဝင်းတို့သားအမိအား လွတ်လပ်စွာ သွားလာခွင့် ပြုရေးတို့အတွက် အစားအသောက်များ လက်မခံဘဲ ဆန္ဒပြနေခြင်းဖြစ်သည်ဟု ယမန်နေ့၌ အန်အယ်လ်ဒီက ခေတ်ပြိုင်သို့ အတည်ပြု ပြောကြားခဲ့သည်။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေမှုသည် ပြီးခဲ့သည့်သီတင်းပတ် အတွင်း မြန်မာ နိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအား တွေ့ဆုံမှု မရှိ သည့်ကိစ္စနှင့် မပတ်သက် ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြတိုက်ပွဲဝင် နေမှုကို ထောက်ခံကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က ပြောသည်။

၎င်းက “တိုက်ပွဲဝင်နေတာကိုတော့ ကြိုဆိုပါတယ်။ တောင်းဆိုမှုတွေ လုပ်နေတာ၊ ဂမ်ဘာရီကို မတွေ့တာကို ထောက်ခံတယ်။ ကျနော်တို့ ဒီမိုကရေစီအင်အားစု တွေကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ ဘန်ကီမွန်းတို့ကို ဗမာပြည်ရဲ့ တကယ့်အခြေခံ ပြဿနာတွေကို စာရေးပြီး တင်မယ်ပေါ့။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ချက်တွေကို နအဖက လက်မခံတာ ကုလသမဂ္ဂက လက်ပိုက်ကြည့်နေ သလားဆိုတာ ကျနော်တို့က မေးခွန်းထုတ်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲ ၀င်နေတာကို အားကောင်းသွားအောင် ဖိအား ပေးမယ်” ဟု ပြောသည်။

သို့သော် အစာငတ်ခံဆန္ဒပြနေသည်ဟု မယုံကြည်ကြောင်း၊ အကယ်၍ တကယ် ဆန္ဒပြ နေပါက တိုင်းပြည်နှင့် ပြည်သူလူထုကို အသိပေးရမည် ဖြစ်ကြောင်း၊ အကျဉ်းသားဖြစ်၍ မပြောနိုင်ပါက မိခင်အဖွဲ့အစည်းမှ တဆင့် တိုင်းပြည်နှင့် ကမ္ဘာကို အသိပေးသင့်သည်ဟု ဦးအုန်းမောင်က ပြောသည်။

မတရား တားဆီးချုပ်နှောင် ခံထားမှုကို ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြမှု အပါအ၀င် ဘက်ပေါင်း စုံမှ ပြန်လည် တုံ့ပြန်မှုသည် ဥပဒေကြောင်းအရ အခွင့်အရေးရှိသည်ဟု မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်တင် မကဘူး နိုင်ငံရေးအကျဉ်းသား တိုင်းနဲ့ ဆိုင်တယ်။ Fair Trial Rights တရားမျှတသော ဥပဒေဆိုင်ရာ အခွင့်အရေးကို ကမ္ဘာက အသိအမှတ် ပြုထားတယ်။ အဲဒီ အခွင့်အရေးက မိသားစုနဲ့ တွေ့ခွင့်ရှိရမယ်။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ရှိရမယ်။ သတင်းအချက် အလက်တွေ ရယူခွင့်ရှိရမယ်။ အထောက်အပံ့ စားနပ်ရိက္ခာ ရယူခွင့်ရှိရမယ်။ ကျန်းမာရေးအရ ဆေးဝါး ကုသခံယူခွင့် ရှိရမယ်၊ အဲဒါတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ခံစားခွင့်ရှိတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှု၌ ပြစ်မှုကျူးလွန်သူ မဟုတ်ဘဲ ပြစ်မှုကျူးလွန် ခံရသူဖြစ်၍ ဥပဒေကြောင်းအရ စဖမ်းကတည်းက လွဲမှားနေကြောင်း၊ ဖမ်းဆီးခံ ထားရသည့် (၅) နှစ် ကာလ အတွင်း တိုင်းပြည် ငြိမ်းချမ်းမှုကို ထိပါးအောင် လုပ်သည်ဆိုသည့် အထောက်အထားကို နအဖက လုံးဝ မတင်ပြ နိုင်ခြင်း၊ တရားရုံး မတင်နိုင်ခြင်းနှင့် ဥပဒေအရ ဖမ်းဆီးခွင့် သက်တမ်း (၅) နှစ်ကျော်နေခြင်း တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရမည်ဟု ဦးအောင်ထူးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသည့် သတင်းထွက်ပေါ် နေသဖြင့် သူမ၏ ကျန်းမာရေး အတွက် စိုးရိမ်ပူပန် မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်ခဲ့ပါက ဖြစ်ပေါ်လာသည့် ဆိုးကျိုးများသည် ဥပဒေမဲ့ မတရား ဖမ်းဆီးထားသည့် စစ်အုပ်စုအပေါ်တွင်သာ အဓိက တာဝန်ရှိ ကြောင်း ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက ယမန် နေ့က ထုတ်ပြန်ကြေညာသည်။ ။

ခေတ်ပြိုင်မှ