နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, August 28, 2008

အဖမ်းခံရသည့်သံဃာ ၂ ပါး ပုံစံအခန်းတွင် အနှိပ်စက်ခံရ

၂၇ ၊ သြဂုတ် ၊ ၂၀၀၈

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ အဖမ်းခံရသည့် သံဃာ ၂ ပါး အင်းစိန်ထောင်ရှိ ပုံစံအခန်းတွင် အလုပ်ကြမ်းများစေခိုင်းကာ ညှဉ်းပန်းနှိပ် စက်ခံရသည်ဟု နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀န်းမှတဆင့် သိရသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက “ပုံစံအခန်းမှာ အလုပ်ကြမ်းတွေလည်း ခိုင်းတယ်။ ပုံစံအခန်းဆိုတော့ သိတဲ့ အတိုင်းပဲလေ … စ၀င်ပြီဆိုတာနဲ့ တခါတည်းပုံစံပေး တော့တာကိုး” ဟု ဧရာဝတီကို ပြောသည်။

အကျဉ်းသားတဦးအား အကျဉ်းထောင်အတွင်းသို့ စတင်ခေါ်ဆောင်လျှင် ပုံစံ အခန်းသို့ဦးစွာ ခေါ်ဆောင်လေ့ရှိပြီး ထောင်တွင်း စည်းကမ်းများ၊ ပုံစံထိုင်နည်းနှင့် ထောင်အာဏာပိုင်ကို ဆက်ဆံရမည့်ပုံစံ စသည်တို့ကို အကျဉ်းသားအခန်းလူကြီးက သင်ပြ ပေးရသည်။ ထိုသို့သင်ကြားပြသနေစဉ် ထောင်ဥပဒေအရ ရိုက်နှက်ခွင့်လည်း မရှိပေ။

အဖမ်းခံရသည့် အရှင်ဓမ္မသာရနှင့် အရှင်နန္ဒရတို့သည် ကြည့်မြင်တိုင် သာဓုကျောင်းမှ စာသင်သံဃာများ ဖြစ်ကြပြီး လွန်ခဲ့ သည့် စနေနေ့ည ၁၀ နာရီခန့်တွင် ရဲက ကျောင်းတိုက်၌ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကျောင်းတိုက်ရှိ ဘွဲ့အမည်မဖော်လိုသည့် သံဃာတပါးက ဧရာဝတီကို မိန့်ဆိုသည်။

“အဖမ်းခံရတဲ့ကိစ္စတော့ အတိအကျမသိဘူး။ ၂ ပါးလုံး ပျဉ်းမနားဘက်ကလာတဲ့ စာသင်သားတွေ။ တပါးက အလတ်တန်း၊ တပါးက အငယ်တန်း … အသက်က ၂၅ ၀န်းကျင်လောက်ရှိမယ် ထင်တယ်။ အခုတော့ သူတို့ရဲ့ မိသားစုတွေကို အကြောင်း ကြားထားတယ်” ဟု ဘွဲ့အမည်မဖော်လိုသည့် သံဃာက မိန့်ကြားသည်။

အာဏာပိုင်အဖွဲ့အစည်းက လာရောက်ဖမ်းဆီးစဉ် ကျောင်းတိုက်ကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခြင်း မရှိကြောင်းလည်း အဆိုပါသံဃာက ဆက်လက်မိန့် ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ် သည့် ဦးပညာဇောတက “ရဟန်းသံဃာ တွေကို ဖမ်းဆီးနေတာ သံဃာ့ တပ်ပေါင်းစုကတော့ ရှုတ်ချတယ်။ ရန်ကုန်မြို့ ကမ္ဘာအေးမှာရှိတဲ့ သံဃမဟာနာယကအဖွဲ့မှာ လုံးဝတာဝန်ရှိတယ်။ ဒါကြောင့် သံဃမဟာနာယက အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတွေ အဖမ်းမခံရအောင်၊ တနည်းအားဖြင့် မြန်မာပြည်မှာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ ကွယ်ပျောက် မသွားအောင် ၀ိုင်းဝန်းကန့်ကွက်ပေးကြပါ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း ပေးကြပါ” ဟု မိန့်ကြားသည်။

၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက သံဃမဟာနာယက အဖွဲ့ကို ၎င်းတို့၏ လက်ကိုင်တုတ် သံဃာ့အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်ဟုလည်း ဦးပညာဇောတက မိန့်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသည့် နိုင်ငံရေးအကျဉ်းသား နှစ်ထောင် ကျော်ရှိပြီး ၎င်းတို့အနက် နှစ်ရာခန့်မှာ သံဃာတော်များဖြစ်ကြသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

အကျဉ်းထောင်များတွင် အချုပ်နှောင်ခံထားရသည့် အဆိုပါသံဃာများသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ပတ္ထနိက္ကုဇ္ဇန ကံဆောင်ကာ မေတ္တာသုတ် ရွတ်ဆိုလမ်းလျှောက်ကြသူများဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် ဆရာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရလည်း ပါဝင်သည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းတွင် အာဏာပိုင်တို့က ဖမ်းဆီးခဲ့ပြီး ယခုလလယ်ပိုင်းကစ၍ အင်းစိန်ထောင်ရှိ အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

ဧရာဝတီမှ