နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Monday, May 18, 2009

အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူတစ်ထောင်ခန့် ထောင်ဘူးဝအနီးစောင့်ဆိုင်းခဲ့ကြ


နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။ အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။ (၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။ လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။ နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။ စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။

ခေတ်ပြိုင်မှ