နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Friday, May 1, 2009

တောင်းဆိုချက်များလိုက်လျောပါက NLD ရွေးကောက်ပွဲဝင်ရန်ရည်ရွယ်

တောင်းဆိုချက်သုံးရပ်ကို လိုက်လျော မည် ဆိုပါက အမျိုးသား စီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ် ကြောင်း အဖွဲ့ချုပ် ၏ စုံညီ အစည်းအဝေး အပြီး ယမန်နေ့ ထုတ်ပြန် ကြေညာ စာတမ်းတွင် တင်ပြထားသည်။

တောင်းဆိုချက် (၃) ရပ်မှာ အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်း များနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရေးနှင့် အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ၏ စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုရေး စသည့် အချက်များကို တောင်းဆို ထားသည်။

ယင်းတောင်းဆိုချက်များကို လိုက်လျောပါက အန်အယ်လ်ဒီသည် ပေါ်ပေါက် လာမည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာ စဉ်းစားပြီး ရွေးကောက်ပွဲ ၀င်ရန် ရည်ရွယ် သည်ဟု ထုတ်ပြန် ကြေညာသည်။

အဆိုပါထုတ်ပြန်ချက်ပါ တောင်းဆိုချက်များနှင့် ပတ်သက်၍ အန်အယ်လ်ဒီ၏ သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများ၊ နအဖ၏ လိုက်လျောမှု ရှိနိုင်မည့် အခြေအနေများကို ခေတ်ပြိုင်က အစည်းအဝေး တက်ရောက်ခဲ့သည့် အန်အယ်လ်ဒီ ပြောခွင့်ရသူတဦးဖြစ်သူ ဦးဉာဏ်ဝင်းအား ဆက်သွယ် မေးမြန်းခဲ့သည်။

ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ move နည်းနည်းလုပ်တာပေါ့။ အရင် ရပ်တည်ချက်တွေ ပြင်တော့မပြင်ဘူး။ သို့သော် ကျနော်တို့ ပြင်သာပြောင်းသာဖြစ်တဲ့ တောင်းဆိုချက်မျိုး၊ နောက်ပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ တောင်းဆိုချက်မျိုးကို ပြုပြင်ပြီးတော့ တောင်းဆိုတဲ့သဘောပါ” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး နအဖ၏ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ စံနှုန်းများဖြင့် မကိုက်ညီ ကြောင်း ရှင်းပြသည်။

“လိုရင်းကို ခြုံပြောရင်တော့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေက ပြည်သူရွေးကောက် တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်က အဓိကမဟုတ်ဘဲနဲ့ စစ်တပ်က အဓိက ဖြစ်နေတယ်။ ဒါ ဒီမိုကရေစီစံနှုန်းနဲ့ လုံးဝမကိုက်ညီဘူး။ တချက်ချင်း အသေးစိတ်ဆိုရင်တော့ အများကြီးပါပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီအနေဖြင့် ပြည်သူ့အကျိုးကို မျှော်ကိုး၍ ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်း က ပြောသည်။

၎င်းက “သာမန်အားဖြင့်တော့ သူတို့သွားနေတဲ့ လမ်းကြောင်းက လိုက်လျောဖို့ မရှိပါဘူး။ သို့သော်လည်း ဒီတောင်းဆိုချက် သုံးရပ်သည် အများပြည်သူက မျှတတဲ့ တောင်းဆိုချက်လို့ မြင်သာတဲ့ကိစ္စများ ဖြစ်တဲ့အတွက် ကျနော်တို့ တစုံတရာ အကျိုးရှိနိုင်တယ်လို့ မျှော်လင့်ပြီးတော့ အခုလို ပြုပြင် တောင်းဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီကြေညာချက်နဲ့ ဆွေးနွေးပွဲတွေဟာ နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းလို့ရှိရင် ပြေလည်နိုင်တယ်။ အန်အယ်လ်ဒီ ဘက်ကတော့ ပြုသာပြင်သာ မူဝါဒကို ကိုင်စွဲတယ် ဆိုတာကို အသိပေးတာပါ” ဟု ပြောသည်။

နအဖစစ်အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ မြန်မာနိုင်ငံ အား စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေး စသည်တို့ကို စွန့်လွှတ်ကြောင်း ကြေညာရန်နှင့် ယင်းသို့ကြေညာပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမည်ဟု တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။

အန်အယ်လ်ဒီဘက်မှမူ နအဖတင်ပြသည့် ယင်းအချက် (၄) ချက်သည် အန်အယ်လ်ဒီက ဆုပ်ကိုင်ထားသည့် မူဝါဒများ တခုမှ မဟုတ်ကြောင်း ငြင်းပယ်ခဲ့သည်။

ခေတ်ပြိုင်မှ