Kang Nam 1 သင်္ဘောသည် မြောက်ကိုရီးယားမှ ထွက်ခွာပြီး မြန်မာနိုင်ငံ ဘက်သို့ ဦးတည်နေရာ သင်္ဘော ပေါ်တွင် တားမြစ် ထားသော လက်နက်များ တင်ဆောင် ထားသည်ဟု သံသယရှိသဖြင့် အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်နေသည်။
၂ဝဝ၇
မြောက် ကိုရီးယား၏ Kang Nam 1 သင်္ဘောသည် မုန်တိုင်း ရှောင်ရန် နှင့် စက်ပိုင်း ဆိုင်ရာ ပြုပြင်ရန် ဟု ဆိုကာ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် မြန်မာ စစ်အစိုးရက ဆိုက်ကပ်ခွင့် ပြုလိုက်သည်။
၂ဝဝ၇ ဧပြီ
မြန်မာနှင့် မြောက် ကိုရီးယားတို့ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘော တူကြောင်း လက်မှတ် ရေးထိုး သည်။ ရန်ကုန်မြို့ တွင် ပြုလုပ် သည့် လက်မှတ် ထိုးပွဲကို မြောက် ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကင်ရန်အီးလ်၊ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်သူ တို့ တက်ရောက်သည်။
နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး အရလည်း နီးစပ်သော တရုတ် နိုင်ငံက သံအဆက် အသွယ် ပြန်လည် ပြုလုပ် ခြင်းကို ကြိုဆိုလိုက်သည်။ “မြောက် ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံသည် တရုတ်ပြည်၏ ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Jianchao က ပြောသည်။ “နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်ခြင်း ကြောင့် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုသည်” ဟု သူက ဆိုသည်။
၂ဝဝ၆၊ နိုဝင်ဘာ
အမေရိကန်က စောင့်ကြည့်နေသည့် မြောက်ကိုရီးယား သင်္ဘော တစီးသည် ဒုံးကျည် လက်နက်များကို မြန်မာပြည်သို့ သွားရောက် ပို့ဆောင် သည်ဟု ယုံကြည် ရကြောင်း တောင်ကိုရီးယား နိုင်ငံ Yonhap သတင်းဌာနက ဆိုသည်။
Bongwhasan အမည်ရှိ သင်္ဘောသည် ရန်ကုန် ဆိပ်ကမ်းသို့ လက်နက်များ သွားရောက် ပို့ဆောင်သည် ဟူသော သတင်းကို မြန်မာ စစ်အစိုးရက ငြင်းဆိုသည်။ သင်္ဘောသား တို့အတွက် ရိက္ခာ၊ သင်္ဘောအတွက် လောင်စာ ဖြည့်တင်းရန် အရေးပေါ် ကမ်းကပ် ခြင်း သာ ဖြစ် သည်ဟု ဆိုသည်။
၂ဝဝ၅
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ ဇင်ဘာဘွေ၊ မြန်မာ နိုင်ငံတို့ကို အာဏာရှင် တို့၏ ခံကတုတ် နိုင်ငံများ အဖြစ် ဖော်ပြသည်။
၂ဝဝ၃၊ ဇူလိုင်
မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂ဝ ခန့်အထိကို ရန်ကုန်ရှိ ရေတပ် စခန်းတခု နှင့် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ဧည့်ရိပ်သာ တခု တွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေး ရာစာစောင် (FEER)က ရေးသား ဖော်ပြလိုက်သည်။
ထိုအချိန်မှစပြီး မြောက်ကိုရီးယား ပညာရှင်များကို မြန်မာပြည် အလယ်ပိုင်း နတ်မောက်မြို့ အနီးတွင် တွေ့ရ သည် ဟူသော သတင်းများ ထွက်ပေါ် လာသည်။ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ ရုရှားနိုင်ငံ၏ အကူ အညီဖြင့် နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရေး အစီ အစဉ် များလည်း အဆိုပါ ဒေသအနီးတွင် တည်ရှိ ခြင်းကြောင့် မြောက်ကိုရီးယား ပညာရှင် များလည်း မြန်မာပြည် နျူကလီးယား အစီအစဉ် တွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက် နေသည်ဟု ယူဆလာကြသည်။
၂ဝဝ၁၊ ဇွန်
မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပတ်ကီယွန် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ ရန်ကုန်သို့ သွားရောက်ပြီး ဒုနိုင်ငံ ခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးသည်။
၂ဝဝဝ၊ နိုဝင်ဘာ
မြောက်ကိုရီးယားတပ်မတော် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေး ညှိနှိုင်းရန် မြန်မာ စစ်အစိုးရက ကိုယ်စား လှယ်အဖွဲ့ကို မြောက် ကိုရီးယား သို့ လျှို့ဝှက် စေလွှတ်သည်။
၁၉၉၉
မြန်မာစစ်အစိုးရ အရာရှိများ မြောက် ကိုရီးယားနိုင်ငံသို့ သွားရောက် ခြင်းဖြင့် မြန်မာ နှင့် မြောက် ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည် အစပြုခဲ့သည်။ ထိုခရီးစဉ်ကို တရားဝင် ကြေညာခြင်းမရှိပေ။
မြန်မာစစ်အစိုးရက မြောက် ကိုရီးယားထံမှ 130-millimeter M-46 အမြောက် ၁၂ လက် ဝယ်ယူခဲ့ သည်ဟူသော သတင်းများ ထွက်ပေါ် လာသည်။
၁၉၈၃၊ အောက်တိုဘာ
ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တောင် ကိုရီးယား သမ္မတ ချန်ဒူးဝမ်၏ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၄ ဦးအပါ အဝင် တောင် ကိုရီးယား အရာရှိ စုစုပေါင်း ၁၇ ဦး သေဆုံး သွားသည်။ သမ္မတမှာ ဗုံးခွဲတိုက်ခိုက်မှုမှ လွတ်မြောက် သွားသည်။
ဗုံးခွဲတိုက်ခိုက်မှုမှာ မြောက်ကိုရီးယား အစိုးရ၏ လက်ချက် ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိရသဖြင့် မြန်မာ နိုင်ငံက မြောက် ကိုရီးယား နိုင်ငံနှင့် သံတမန် အဆက် အသွယ် ဖြတ်တောက် လိုက်သည်။ ဗုံးခွဲသူ မြောက်ကိုရီးယား ၃ ဦးအနက် တဦးကို အသေ ဖမ်းဆီး မိကြောင်း၊ တဦးမှာ သူ့ကိုယ်သူ ဗုံးခွဲ လုပ်ကြံ လိုက်ကြောင်း မြန်မာ အစိုးရက သတင်းထုတ် ပြန်သည်။ ကျန်တဦးမှာ ထောင်ဒဏ် တသက် တကျွန်း ချမှတ်ခံရသည်။