နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Saturday, April 5, 2008

အခြေခံရမည့်မှုများနှင့် ဥပဒေမှုကြမ်း ကွဲလွဲချက်များ

အရေးကြီးပါသဖြင့်သေချာဖတ်စေချင်ပါသည်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေမူကြမ်း (၂၀၀၈ခုနှစ်) ကို ဖတ်ခွင့်ရခဲ့ပါပြီ။ ဖတ်ရတဲ့အချိန်မှာ အတော့်ကိုစိတ်မကောင်းစရာတွေ တွေ့ရပါတယ်။ ပြင်ပရောက် နိုင်ငံရေး အင်အားစုများနှင့် စိတ်ဝင်စားသူများလည်း PDF File နှင့်ရခဲ့ကြပြီးပြီ။ ဖတ်ခဲ့ကြပြီးပြီဟု ယူဆပါသည်။ နှိုင်းယှဉ်ဖော်ပြချက်ကို တိတိကျကျ ရေးသားဖော်ပြတာ မတွေ့မိသေးလို့ ရေးပို့ရခြင်းဖြစ်ပါတယ်။

၂။ (၁၄)နှစ်တာ ရေးဆွဲခဲ့တဲ့ အခြေခံရမယ့်မူများကိုတော့ စိတ်ဝင်စားသူအများစုက လေ့လာခဲ့ကြ ပြီးပါပြီ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်အစိုးရရဲ့ အပေါ်စီးရလိုမှုနဲ့ တပ်မတော် ခေါင်းဆောင်များရဲ့ လုံခြုံစိတ်ချမှုအတွက် ထည့်သွင်းစဉ်းစား ရေးဆွဲခဲ့ကြတယ်လို့ နားလည်ရပါတယ်။ ဒီအတွက်လည်း အတိုင်းအတာတစ်ခုအထိ နာလည်ပေးလို့ရပါသေးတယ်။ အကူးအပြောင်းကာလများ အတွက် တထစ်လျော့ပြီး လက်ခံရမလားလို့ တွေးမိပါသေးတယ်။ ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလလယ်မှာ ဥပဒေမူကြမ်း ရေးဆွဲပြီးပြီလို့ ကြေငြာပါတယ်။ မတ်လအလယ် လောက်ထိ ဘယ်သူမှဥပဒေမူကြမ်းကို ဖတ်ရတယ်လို့ မကြားမိခဲ့ပါဘူး။ ဘာကြောင့်များ ဒီလောက် ကြာအောင် ပြည်သူလူထုကို ထုတ်မပြရဲတာလဲလို့ စိတ်ဝင်စား သူများက သံသယအတွေးများ ၀င်ခဲ့ကြပါတယ်။ သံသယ၀င်မယ်ဆိုရင်လဲဝင်စရာပါ။ အခုမတ်လ နောက်ဆုံးပတ်မှာ ဥပဒေ မူကြမ်းကိုဖတ်လို့ ရကြပါပြီ။ စိတ်ကြိုက်ခေါ်ပြီး ထိုင်ခိုင်းတဲ့ ညီလာခံ ကိုယ်စားလှယ်(၁၀၀၀)ကျော်နဲ့ (၁၄)နှစ် အချိန်ယူခဲ့တယ်။ ကိုယ့်စိတ်ကြိုက် အခြေခံမူများကို ရေးဆွဲကြတယ်။ ဒီလောက်ဆို တော်ဘို့ကောင်း ပါပြီ။ ဥပဒေမူကြမ်းအဖြစ်ပြန်ရေးတာမှာတော့ ထပ်ပြီး မရိုးမသားမလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အခုဖော်ပြမဲ့ ကွဲလွဲတဲ့အဓိကအချက်(၃)ချက် (အပိုဒ် နှစ်ပိုဒ်)က အရေးမကြီးဘူးလို့ ယူဆတဲ့လူလဲ ရှိနိုင်ပါတယ်။ ကျနော့်အဖို့တော့ ဒါဟာ အတော် အရေးကြီးပါတယ်။ အနာဂါတ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာလည်း ပြဿနာ ဖြစ်လာနိုင်ပါ တယ်။
- ဒီလိုပြင်လိုက်တာဟာ တပ်မတော်အပေါ်နားလည်ပေးလိုသူ၊ ပျော့ပြောင်းသူများ ကိုလည်း နားလည် မပေးနိုင်အောင် လုပ်လိုက်ရာကြပါတယ်။
- အမျိုးသားညီလာခံကိုယ်စားလှယ်တွေကိုလည်း စော်ကားရာရောက်ပါတယ်။
- မြန်မာ့တပ်မတော်သမိုင်းမှာ လက်ရှိတပ်မတော်ခေါင်းဆောင်များက ပြည်သူလူထုကို ထပ်မံစော်ကားရာ ရောက်ပါတယ်။
၃။ (က) အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄ (က)တွင် . . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ်အားလုံး၏ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟုရေးသားထားပါသည်။

(ခ) ၄င်းစာပိုဒ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈စာအုပ် ၊ စာမျက်နှာ (၁၇၃)၊ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအခန်း၊ အပိုဒ်-၄၃၆ (က)တွင် . . . . . ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် အားလုံး၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်။ . . . . . . ဟု ပြင်ဆင် ရေးသားထားပါသည်။
(ဂ) ၄၃၆ (က)သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၁၀၀%ဟုဆိုလိုကြောင်းတွေ့ရပါသည်။ မူလ အခြေခံဥပဒေအသစ်ကို အတည်ပြုတဲ့အချိန်မှာတောင် မဲပေးခွင့်ရှိသူအားလုံ၏ တ၀က်ကျော်သာ မဲပေးဘို့လိုအပ်ပြီး၊ လာပေးခဲ့တဲ့လူဦးရေရဲ့ မဲတစ်ဝက်ကျော် ၊ တနည်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံးရဲ့ ၂၆% ခန့်နဲ့ အတည်ပြုမယ်လို့ လုပ်ခဲ့တဲ့ဥပဒေကို ပြန်ပြင်တဲ့အခါကျမှ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၁၀၀% လို့ ပြင်လိုက်တာလို့ နားလည်ရပါတယ်။

အမျိုးသားညီလာခံ၏ အခြေခံရမည့်မူများစာအုပ် စာမျက်နှာ (၂၂၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလပြဌာန်းချက်များအခန်း၊ အပိုဒ်-၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့်အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ။ . . . . . . ဟုရေးသားထားပြီး။
ယခု ဥပဒေမူကြမ်းစာအုပ်၂၀၀၈ စာမျက်နှာ (၁၇၇)၊ အခန်း(၁၄)၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်များအခန်း၊ အပိုဒ်-၄၄၁ တွင် . . . . . . ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့်အတည်ပြု ပြဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွတ်တော် ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည် ဟု ပြင်ဆင်ရေးသားထားသည်ကို တွေ့ရပါသည်။

(က) အချက်(၂)ချက်ပြင်ဆင်ထားတဲ့အထဲမှာ ပထမအချက်က အခြေခံရမဲ့မူများမှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၅၀.၁%ခန့် ထောက်ခံမဲပေးမှ အတည်ဖြစ်တယ်လို့ ဆိုလိုပြီး၊ ပြန်ပြင်လိုက်တဲ့အချက်မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၂၅.၁%ခန့် ထောက်ခံမဲပေးရင် အတည်ဖြစ်တယ်လို့ တွေ့ရပါတယ်။

(ခ) ဒုတိယအချက်က ၂၀၀၈ခုနှစ်၊ မေလအတွင်းမှာ ဆန္ဒမဲခံယူပြီး အတည်ဖြစ်ခဲ့လို့ရှိရင် အတည်ဖြစ် ကြောင်းကြေငြာတဲ့ ၂၀၀၈ခုနှစ်၊ မေ (သို့မဟုတ်)ဇွန်လမှာ ဥပဒေ က အတည်ဖြစ်ပါမည်။ ပြန်ပြင် လိုက်တာကတော့ အတည်ဖြစ်ပြီးရင်တောင် ၂၀၁၀ခုနှစ် မှာ ရွေးကောက်ပွဲလုပ် ၂၀၁၀ (သို့)၂၀၁၁ မှ လွတ်တော်ခေါ်၊ စခေါ်တဲ့နေ့မှ အာဏာတည်မှာလို့ တွေ့ရပါတယ်။
မြန်မာနိုင်ငံသားတစ်ဦး