နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။ နိုင်ငံရေးအကျဉ်းသားများ ရှိနေသ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်ပေါ်နိုင်။

Thursday, August 6, 2009

စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍ မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး


မြန်မာ နိုင်ငံတွင် တိုင်းရင်းသား ပြဿနာ များကို စစ်ရေး နည်းဖြင့် ဖြေရှင်း နိုင်မည် မဟုတ် သကဲ့သို့ ယင်းသို့ ဖြေရှင်း ပါက စစ်မှန်သော ငြိမ်းချမ်းရေး ကိုလည်း ရရှိနိုင် လိမ့်မည် မဟုတ် ကြောင်း မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က နအဖ စစ်အစိုးရ အား သတိပေး လိုက်သည်။

သြဂုတ် (၅) ရက်၌ ကျရောက်သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေး နေ့တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌက ၎င်း၏ သဝဏ်လွှာ မိန့်ခွန်းတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၎င်း၏မိန့်ခွန်းတွင် မွန်ပြည်သစ် ပါတီသည် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ သည်မှာ (၁၄) နှစ်ကျော်ခဲ့ သော်လည်း မွန် အမျိုးသားတို့ ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီး နိုင်ရေး အတွက် တိုက်ပွဲဝင် ရာတွင် အောင်မြင်မှု မရရှိ သေးကြောင်း ဝန်ခံထား သည်။


ထို့အပြင် စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက် လာရေးအတွက် အဖွဲ့အစည်း အများစုက ဆောင်ရွက် နေကြ သော်လည်း အာဏာရ စစ်အစိုးရက ယခုအချိန် အထိ လက်ခံခြင်း မရှိသေးကြောင်း၊ နိုင်ငံရေး အဖွဲ့အစည်း များနှင့် တိုင်းရင်းသား အဖွဲ့ အစည်းတို့ စည်းလုံး ညီညွတ်မှု အားနည်း နေခြင်းကြောင့် လိုအပ်သည့် အောင်ပွဲဆီ မရောက်ရှိခြင်း ဖြစ်ကြောင်း တို့ကိုလည်း ဖော်ပြထားသည်။

မွန်အမျိုးသားတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် ပါတီ၏ တပ်မတော်ကို ခွဲထားခြင်း (သို့မဟုတ်) ဖျက်သိမ်း ခြင်းကို လက်ခံမည် မဟုတ် ကြောင်း၊ မြန်မာ နိုင်ငံ၏ ပြဿနာကို တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့်သာ အဖြေရှာ နိုင်မည် ဖြစ်ကြောင်း အကြုံပြုစာ ကိုလည်း အရှေ့တောင်တိုင်း စစ်ဌာန ချုပ်သို့ မွန်ပြည်သစ် ပါတီက ယမန်နေ့က ပေးပို့ခဲ့သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ စစ်အစိုးရ၏ ကမ်းလှမ်း ချက်ကို မွန်ပြည်သစ် ပါတီက လက်မခံဘဲ ဇူလိုင် (၂၇) တွင် ကျင်းပခဲ့သည့် ပါတီဗဟို ကော်မတီ ဝင်များ၏ အရေးပေါ် အစည်းအဝေးမှ ပယ်ချခဲ့ခြင်း ဖြစ်သည်။

နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံ ပယ်ချခဲ့သည့် မွန်ပြည်သစ် ပါတီ၏ ရပ်တည်ချက်အား ကျန်ဘဝတူ အပစ်ရပ် အဖွဲ့များ အပါအဝင် အဝေးရောက် မွန် အဖွဲ့ အစည်း တို့က ကြိုဆို ထောက်ခံ ကြောင်း သိရသည်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က မွန်ပြည်သစ် ပါတီ၏ ရပ်တည် ချက်အား ကြိုဆိုကြောင်း UWSA တပ်မှူး တဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နအဖ ကမ်းလှမ်းချက်က တိုင်းရင်းသား တွေအတွက် ဘာမှအကျိုး ရလဒ် ကောင်းတွေ ဖြစ်လာမှာ မဟုတ်လို့ မွန်ပြည်သစ် ပါတီက ဒီလို လက်မ ခံကြောင်း ဆုံးဖြတ် လိုက်တာကို ကျနော်တို့က ထောက်ခံ တယ်။ ဒီလို ရပ်တည် ချက်ကြောင့် ကျနော်တို့ ဒေသမှာ နအဖက တပ်အင်အားတွေ တိုးချဲ့ထားပြီး ဆက် ဖိအား ပေးနေတယ်။ ကျနော်တို့ တိုင်းရင်းသား တွေ ဘက်ကတော့ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမယ့် နအဖဘက်က အရင်ချိုးဖောက် လာရင်တော့ ဘယ်လက်နက်ကိုင် အဖွဲ့မှ တတ်နိုင်မှာ မဟုတ်ဘူး။ ပြန်ပြီး တုံ့ပြန်ရမှာပဲ” ဟု ပြောသည်။

ဘုရားသုံးဆူနယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ အခမ်း အနားသို့ ဒေသခံ နအဖ၊ ထိုင်း အာဏာပိုင် များနှင့် အဆိုပါဒေသရှိ ဘဝတူ အပစ်ရပ် အဖွဲ့အစည်း တို့လည်း တက်ရောက် အားပေးခဲ့ကြသည်။

နအဖ၏ နယ်ခြားစောင့်တပ် ပြောင်းရန် ကမ်းလှမ်းချက်ကို ပထမဆုံး လက်ခံခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) အရာရှိများနှင့် နီးစပ်သူ စီးပွားရေး သမားတဦးက “ဒီကေဘီအေ မှာက အထက်ပိုင်းက သဘောထားတွေ အပေါ်မှာ မူတည် နေတယ်။ သာမန် အောက်ခြေနဲ့ အလယ်အလတ် အဆင့် အဖွဲ့ဝင်တွေက ဒီနယ်ခြား စောင့်တပ် ကိစ္စမှာ လက်မခံ နိုင်ကြ ပေမယ့် သူတို့အတွက် ရွေးစရာလမ်းက သိပ်မရှိဘူး။ ဒီမွန်ပြည်သစ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဒီကေဘီအေရဲ့ အထက် ပိုင်းက အသံတွေတော့ မကြားမိဘူး။ သာမန် အဖွဲ့ဝင်တွေ ကတော့ အားကျ ကြတာတော့ ကျနော်ကြားရတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းပယ်လိုက်သည့် လက်နက်ကိုင် အပစ်ရပ် အဖွဲ့များတွင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ ကချင် လွတ်လပ်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ပါဝင်သည်။

မွန်ပြည်သစ်ပါတီ စတင်တည်ထောင်ပြီး ယနေ့အချိန်အထိ အနှစ် (၅၀) ကျော်အတွင်း မွန်အမျိုးသားရေး အတွက် တာဝန်ထမ်းရွက်ရင်း အသက် ဆုံးရှုံးသွားခဲ့သူ ရဲဘော် အာဇာနည်ပေါင်း (၉၅၀) ကျော်ရှိကြောင်းနှင့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားများကို ဗဟိုဌာနချုပ် တည်ရာ ရေးချောင်းဖျား နယ်မြေ၊ ထားဝယ် ခရိုင်နယ်မြေ၊ မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးနယ်မြေ၊ သထုံခရိုင် ကော့ပိန်းနယ်မြေနှင့် ဘုရားသုံးဆူ နယ်စပ်တို့တွင် ခရိုင်အလိုက် အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

ခေတ်ပြိုင်မှ